ကလေးနှင့် ဝမ်းချုပ်ခြင်းပြဿနာ

Published On: February 8th, 2024|Views: 502|

မိဘအများစုဟာ မိမိကလေးရဲ့ ဝမ်းချုပ်ခြင်းနဲ့ ပတ်သက်ပြီး စိုးရိမ်မှု၊ ပူပန်မှု အနည်းနဲ့အများ ကြုံတွေ့ဖူးကြမှာပါ။ ဝမ်းချုပ်ခြင်းဆိုတာ ကလေးအများစု ကြုံတွေ့ရတဲ့ အတွေ့အကြုံတစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် ပြင်းထန်လေ့ မရှိကြပါဘူး။ 

ဝမ်းချုပ်ခြင်းကိုဘယ်လိုသိနိုင်မလဲ။ 

  • ဝမ်းအကြိမ်ရေနည်းလာခြင်း။ တစ်ပတ်အတွင်း ၃ ကြိမ်အောက်သွားခြင်း။ 
  • ဝမ်းသွားရခက်ခြင်း။
  • စမျဉ်းတုံးပေါ်တွင် သွေးစတွေ့ရခြင်း။
  • ဝမ်းအရည်နည်းနည်းကို ကလေးသေးခံထဲတွင် တွေ့ရပြီး အစာဟောင်းအိမ်ထဲ စမျဉ်းတုံးကျန်သည့် လက္ခဏာရှိခြင်း။

ဘာကြောင့်ဝမ်းချုပ်ရတာလဲ။

  • အစားအသောက်ပြောင်းခြင်း – မိခင်နို့ရည်အပြင် နို့ဘူးတိုက်ကျွေးတဲ့အခါ၊ ဒါမှမဟုတ် အစားအသောက် အသစ်တွေ စမ်းကျွေးတဲ့အခါ သဘာဝအရ ဝမ်းချုပ်တတ်ပါတယ်။ 
  • ရေဓါတ်ခမ်းခြောက်ခြင်း – နို့စို့နည်းခြင်း၊ ဖျားခြင်း၊ ကလေးကြီးတွေမှာဆိုရင် ရေသောက်နည်းခြင်း စတာတွေကြောင့် ဝမ်းချုပ်တတ်ပါတယ်။ 
  • အမျှင်ဓါတ်နည်းခြင်း – နို့စို့ကလေးမဟုတ်ဘဲ ကလေးကြီးတွေမှာ တစ်ခါတစ်ရံ စားသောက်တဲ့ အစားအသောက်တွေထဲ အမျှင်ဓါတ်တွေ နည်းတဲ့အခါ ဝမ်းချုပ်တတ်ပါတယ်။ 
  • စိတ်ပိုင်းဆိုင်ရာ – အိမ်သာသွားတတ်ဖို့ လေ့ကျင့်ပေးရတဲ့ အရွယ်ရောက်လာတဲ့ ကလေးတွေမှာ မိဘက အလွန်အကျူး သင်ကြားပြသပေးမှုတွေကြောင့် ဝမ်းသွားဖို့ ကြောက်သွားတာမျိုး၊ ဝမ်းသွားတဲ့အခါ မအီမသာ ခံစားရဖူးတဲ့ အတွက်ကြောင့် ဝမ်းထပ်သွားဖို့ ကြောက်သွားတာမျိုး ဖြစ်တတ်ပါတယ်။ 
  • ရောဂါများ – အချို့သောကလေးငယ်တွေမှာ မွေးရာပါအူလမ်းကြောင်းရောဂါ (Hirschsprung’s disease) ရှိခြင်း နှင့် အခြားသော အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာများ ရှိနေပါက ဝမ်းချုပ်နိုင်ပါတယ်။  

နောက်ဆက်တွဲဆိုးကျိုးတွေရှိလား။ 

ဝမ်းချုပ်ခြင်းက ကလေးတွေကို မသက်မသာ ဖြစ်စေနိုင်တာ မှန်ပေမယ့် ကျန်းမာရေးကိုတော့ ပုံမှန်အားဖြင့် ဆိုးဆိုးဝါးဝါး ထိခိုက်လေ့မရှိပါဘူး။ ဒါပေမယ့် ရေရှည်ဖြစ်လာမယ်ဆိုရင်တော့ ဝမ်းကိုညှစ်ပြီး သွားရတာဖြစ်တဲ့အတွက် ကလေးစအိုအရေပြားကွဲ၍ နာကျင်ခြင်း၊ စအိုအပြင်ဖက်သို့အူရဲ့အစိတ်အပိုင်း ကျွံထွက်လာခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ 

ဘယ်လိုကာကွယ်ရမလဲ၊ အိမ်မှာဘယ်လိုပြုစုရမလဲ။ 

ကလေးတွေမှာ ဝမ်းချုပ်တယ်လို့ ယူဆရပါက ရက်သတ္တပတ် တစ်ပတ်ခန့် အိမ်မှာစောင့်ကြည့်နိုင်ပါတယ်။ ဝမ်းကို ပုံမှန်အတိုင်းသွားစေဖို့ နဲ့ ဝမ်းချုပ်ခြင်းမှ ကာကွယ်နိုင်ဖို့ အောက်ပါတို့ကို လုပ်ဆောင်နိုင်ပါတယ်။ 

  • အမျှင်ဓါတ်အမြောက်အမြားပါရှိသော အသီးအနှံ၊ ဟင်းသီးဟင်းရွက်များကို ကျွေးပါ။ (၆လအောက်ကလေးများမပါဝင်ပါ။)
  • ရေများများသောက်စေပါ။ နို့စို့ကလေးငယ်ဆိုရင် ကလေးကို နို့များများတိုက်ကျွေးပါ။
  • လေ့ကျင့်ခန်းလုပ်စေပါ။ နို့စို့ကလေးငယ်ဆိုရင် ကလေးပက်လက်အနေအထားမှာ ကလေးငယ်ရဲ့ ခြေထောက်နှစ်ဖက်ကို ကိုင်ပြီး စက်ဘီးစီးသလို လေ့ကျင့်ခန်းလုပ်ပေးခြင်းက ကလေးရဲ့ အူလမ်းကြောင်းလှုပ်ရှားမှုကို ကောင်းစေနိုင်ပါတယ်။  
  • ကလေးဝမ်းသွားတဲ့ အလေ့အကျင့်ကို ဖြည်းဖြည်းချင်းနဲ့ ကြင်ကြင်နာနာလေ့ကျင့်ပေးပါ။ သူတို့ကိုယ်သူတို ဝမ်းသွားချင်တဲ့ အခါသတိထားမိနိုင်အောင် လေ့ကျင့်ပေးပါ။ 
  • ဆေးတွေတိုင်းဟာ ကောင်းကျိုးနဲ့ ဆိုးကျိုးတွဲပါနေတတ်တဲ့အပြင် ကလေးတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်၊ ကိုယ်ခန္ဓာအလေးချိန်၊ အသက်အရွယ်အရ ပေးရမယ့် ပမာဏ မတူညီနိုင်တဲ့ အတွက် တိုင်းရင်းဆေးဖြစ်စေ၊ အနောက်တိုင်းဆေးဝါးဖြစ်စေ ဘာကိုမှ မိမိဆန္ဒအရ မတိုက်ကျွေးပါနဲ့။ 
  • ကလေးရဲ့အူလမ်းကြောင်းဟာ အလွန်နုနယ်တဲ့အတွက် အလွယ်တကူ ဒဏ်ရာရရှိနိုင်တဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူရဲ့ ညွှန်ကြားချက်တစ်စုံတစ်ရာ မပါဘဲ စအိုကနေ ဘယ်အရာကိုမှ မထည့်ပါနဲ့။ 

ဘယ်အချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနဲ့ ပြသရမလဲ။ 

  • ဝမ်းချုပ်သည့်အပြင် အဖျားလိုက်လာခြင်း။ 
  • သွားတဲ့ဝမ်းထဲသွေးပါခြင်း။ 
  • အစားအသောက်စား/နို့တောင်းမှု နည်းသွားခြင်း။
  • ဝမ်းဗိုက်နာသည်ဟုပြောခြင်း (မွေးကင်းစ ကလေးများတွင် အထက်ပါ လက္ခဏာများအပြင် အလွန်ပြင်းထန်စွာ ငိုခြင်း)။ 
  • ဝမ်းဗိုက်ပူလာခြင်း။
  • ကိုယ်အလေးချိန်နည်းလာခြင်း။
  • စအိုဝတွင် အူအနည်းငယ်ထွက်လာခြင်း။ 

ဒီအကြောင်းအရာကို မျှဝေပါ