နွေရာသီကိုဖြတ်ကျော်ခြင်း

Published On: March 19th, 2024|Views: 440|

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလလယ်လောက်ကစပြီး တစ်ဖြည်းဖြည်းပူလို့ နွေရာသီကို ချဉ်းနင်းဝင်ရောက်လာခဲ့ပါပြီ။ နွေရောက်လေလေ အပူကလည်း ပြင်းလေလေ ဖြစ်လာတော့ မေမေတို့အနေနဲ့ ကိုယ်တိုင်နဲ့ မိသားစုအတွက် နွေရာသီကို အန္တရာယ်ကင်းကင်းနဲ့ ဖြတ်ကျော်နိုင်ဖို့ ပြင်ဆင်နေကြမှာတော့ မြေကြီးလက်ခတ်မလွှဲပါပဲ။ မေမေတို့အပါအဝင် ချစ်ရတဲ့ မိသားစုဝင် တစ်ယောက်ချင်းစီအတွက် အထောက်အပံ့ဖြစ်စေဖို့ အပူဒဏ်ကြောင့် ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများနဲ့ လိုက်နာဆောင်ရွက်ရန်များကို အောက်မှာ ဖော်ပြပေးထားပါတယ်။

အပူဒဏ်ကြောင့် ဘယ်လိုကျန်းမာရေးပြဿနာများ ကြုံတွေ့နိုင်ပါသလဲ

အပူကြောင့် ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများဟာ သာမန်အဆင့်မှ ပြင်းထန်သည်အထိ ဖြစ်တတ်ပါတယ်။

  • မိတ်ဖုများနှင့် ယားနာများ – မိတ်ဖုများနှင့် ယားနာများကြောင့် သာမန်ယားယံခြင်းများ အပါအဝင် အရေပြားပိုးဝင်ခြင်းအထိဖြစ်နိုင်ပါတယ်။
  • ကြွက်တက်ခြင်း – ချွေးထွက်များခြင်းကြောင့် ရေနှင့် ဆားဓါတ်များ ဆုံးရှုံးသွားတဲ့အခါ ကြွက်တက်ခြင်း ဖြစ်ပေါ်လာတတ်ပါတယ်။
  • အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (heat exhaustion) – အပူဒဏ်ကြောင့် ချွေးအလွန်အကျွံထွက်ခြင်း၊ ပျို့ခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း၊ ကြွက်တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရေဆာခြင်း၊ ကိုယ်အပူချိန် မြင့်တက်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ မူးမိုက်ခြင်း၊ နှုံးချိခြင်း၊ ရင်တုန်ခြင်း၊ အသက်ရှူနှုန်းမြန်ခြင်း စတဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေကို ခံစားလာရတတ်ပါတယ်။
  • အပူကြောင့် သတိလစ်ခြင်း (heat stroke)- ရုတ်တရက် ခန္ဓာကိုယ်အပူလွန်သည့်အခါတွင် (၁၀၆ ဒီဂရီဖာရင်ဟိုက်အထက်) အပူကြောင့် လေဖြတ်ခြင်းကို ခံစားရနိုင်သည်။ လက္ခဏာများမှာ အရေပြားပူ၍ ခြောက်သွေ့ခြင်း (သို့) ချွေးအလွန်အကျွံထွက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်းနှင့် ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်း စသည်တို့ ပါဝင်ပါတယ်။ ပြင်းထန်သော အခြေအနေဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်တတ်ပါတယ်။ ။

အပူဒဏ်ကို ကာကွယ်နိုင်ဖို့ ဘာတွေလိုက်နာဆောင်ရွက်ရမလဲ

  • နေ့လည်နေ့ခင်းအချိန်များတွင် အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသော နေရာများတွင် နားနေပါ။
  • ရေကိုလုံလုံလောက်လောက်သောက်ပါ။* ၆လအောက် ကလေးဖြစ်ပါက နို့ကိုမကြာခဏ လုံလုံလောက်လောက် တိုက်ပေးပါ။ အသက်တစ်နှစ်မှ စ၍ ကလေးများကို ရေတစ်နေ့လျှင် ၁လီတာခန့် တိုက်ကျွေးနိုင်ပြီး အသက် ၄ နှစ်မှစ၍ ၁လီတာခွဲခန့် တိုက်နိုင်ပါတယ်။ လူကြီးများတွင် ၁.၅ လီတာမှ ၃ လီတာအထိ သောက်နိုင်ပါတယ်။ဒါပေမယ့် တစ်ဦးချင်းစီအတွက် လိုအပ်တဲ့ ရေပမာဏက အပူဒဏ်ခံရတဲ့အတိမ်အနက်၊ ရေအစားထိုး အခြားအရည်များသောက်သုံးနေခြင်း စတဲ့အချက်များအပေါ်မူတည်ပြီး ကွဲပြားခြားနားနိုင်တဲ့အတွက် ရာသီဥတုပူပါက ရာသီဥတုပေါ်လိုက်ပြီး ရေကို မကြာခဏတိုက်/သောက်ပေးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
  • ပူပြင်းတဲ့ နေရောင်အောက်မှာ အလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း မပြုပါနဲ့။
  • နေပူအောက်သွားရမယ့် အချိန်တိုင်း ထီး၊ ဦးထုပ် စသည်တို့ကို အသုံးပြုပါ။ နေကာမျက်မှန်၊ နေရောင်ကာခရင်မ် (Sunscreen) စသည်တို့ကိုလည်း ဖြစ်နိုင်ပါက အသုံးပြုပါ။
  • အဖြူရောင် (သို့) အရောင်ဖျော့ဖျော့ အဝတ်အထည်များကို ဝတ်ဆင်ပါ။ လသားကလေးဖြစ်ပါက အနှီးကို ချောင်ချောင်ချိချိ လွတ်လွတ်လပ်လပ်ဖြစ်အောင် ပြင်ဆင်ပေးပါ။
  • နေပူထဲမှ ပြန်ရောက်ရောက်ချင်း ရေချိုးခြင်း မပြုရပါ။
  • အရက်သေစာသောက်စားခြင်းက အပူဒဏ် ပိုမိုခံစားနိုင်ရခြေရှိတဲ့အတွက်ကြောင့် ရှောင်ကြဉ်ရပါမယ်။
  • မိတ်နှင့် ယားနာဖုများထွက်ပါက ကာလာမင်းဆေးရည်(Calamine lotion) လိမ်းပေးခြင်း၊ ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

မှတ်ချက်

  • သန့်ရှင်းသော သောက်သုံးရေ မရနိုင်ပါက ရေမှတစ်ဆင့်ကူးစက်သော ရောဂါများမှ ကာကွယ်ရန် ရရှိနိုင်သောရေကို ရေစစ်ဖြင့်စစ်၍ အမြဲကျိုချက်သောက်သုံးသင့်ပါတယ်။

ကိုးကား

https://my.clevelandclinic.org/health/diseases/16425-heat-illness

Standard Health Messages, Version-01, May 2018, Department of Public Health, Myanmar

https://www.nhs.uk/conditions/heat-rash-prickly-heat/

ဒီအကြောင်းအရာကို မျှဝေပါ