ရေကြီးမှုဖြစ်ပွားပြီးနောက် ကျန်းမာရေး ဆောင်ရန်များ

Published On: August 12th, 2024|Views: 193|

ရေကြီးမှုဘေး ကျော်လွန်ပြီးနောက် ကျန်းမာရေး ဂရုစိုက်ကြစို့

ရေကြီးရေလျှံမှုတွေ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကျန်းမာရေး ဂရုစိုက်ဖို့ အရမ်းအရေးကြီးပါတယ်။ ရေကြီးတဲ့အချိန် ညစ်ညမ်းမှုတွေ ပါလာတတ်သလို၊ ရေကျသွားတဲ့အခါမှာလည်း ရောဂါပိုးတွေ ကျန်ရစ်ခဲ့တတ်လို့ပါ။ ဒါကြောင့် ကျန်းမာရေး ကောင်းစေဖို့ အောက်ပါ အချက်တွေကို လိုက်နာကြဖို့ MyanHealth ကနေ တိုက်တွန်းပါရစေ။

သရုပ်ဖေါ်ပုံ - အေးသီတာကျော်

မဖြစ်မနေ လိုက်နာရမယ့် အချက် (၄) ချက်

၁။ အစာစားခြင်းမပြုမီနဲ့ အိမ်သာအသုံးပြုပြီးတိုင်း လက်ကို သေချာစွာဆေးကြောပါ။ 🧼

  • ရေကြီးမှုတွေကြောင့် ပတ်ဝန်းကျင်မှာ ရောဂါပိုးမွှားတွေ ပေါများနေနိုင်ပါတယ်။ ဒါကြောင့် လက်ကို ဆပ်ပြာနဲ့ ရေသုံးပြီး စက္ကန့် ၂၀ လောက် ပွတ်တိုက်ဆေးကြောတာက ကူးစက်ရောဂါတွေကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းပါ။

၂။ သေချာကျက်အောင် ချက်ပြုတ်ထားသော အစားအစာများကိုသာ စားသုံးပါ။ 🍲

  • ရေကြီးရေလျှံမှုကြောင့် အစားအသောက်တွေ ညစ်ညမ်းသွားနိုင်ခြေ များပါတယ်။ မကျက်တကျက် စားသုံးမိရင် ဝမ်းပျက်ဝမ်းလျှော၊ အစာအဆိပ်သင့်တာတွေ ဖြစ်နိုင်ပါတယ်။

၃။ ရေသန့်မရနိုင်ခဲ့လျှင် ရေကို ကျိုချက်ပြီးမှ သုံးစွဲပါ။ 🚰

  • ရေကြီးတဲ့အခါ သောက်သုံးရေတွေလည်း ညစ်ညမ်းနိုင်ပါတယ်။ ဒါကြောင့် ရေကို သေချာ ကျိုချက်ပြီးမှ သောက်သုံးတာ၊ အစားအစာ ဆေးကြောတာ၊ ပန်းကန်ခွက်ယောက်တွေ ဆေးကြောတာတွေ လုပ်သင့်ပါတယ်။

၎။ ခြင်၊ ယင်ပေါက်ပွားမှုမဖြစ်စေရန် နေအိမ်ဝန်းကျင်ကို ရှင်းလင်းပါ။ 🧹

  • ရေကျသွားတဲ့အခါ ခြင်တွေ၊ ယင်တွေ ပေါက်ပွားလွယ်ပါတယ်။ သူတို့က တဆင့် ကူးစက်ရောဂါတွေ ဖြစ်စေနိုင်တာမို့ နေအိမ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားပါ။ ရေဝပ်နေတဲ့ နေရာတွေကို ရှင်းလင်းပြီး ခြင်ဆေးခွေ၊ ခြင်ထောင် အသုံးပြုပါ။

ဒီအချက်တွေကို လိုက်နာရင် ရေကြီးမှု ဖြစ်ပြီးနောက်ပိုင်း ကျန်းမာရေး ပြဿနာတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာပျော်ရွှင်တဲ့ ဘဝတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

ဒီအကြောင်းအရာကို မျှဝေပါ