စစ်ရှောင်ပြည်သူများ ကျန်းမာရေး ဆိုင်ရာကုသခွင့်များဆုံးရှုံးနေ

Published On: August 8th, 2024|Views: 247|

ဩဂုတ် ၇။ စစ်ကိုင်း

ချစ်ခွန်းချို

မြန်မာပြည်အနှံအပြားမှာဖြစ်ပွားလျှက်ရှိတဲ့စစ်ပွဲများကြောင့်အရပ်သားပြည်သူအများစုဟာနေထိုင်ရာအိုးအိမ်စည်းစိမ်များကိုစွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။အဆိုပါတိမ်းရှောင်ထွက်ပြေးရာနေရာများမှာလည်း ရော၈ါကပ်ဆိုးများနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းမှုများက နေ့စဥ်အသက်ရှင်သန်မှုအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်

စစ်ရှောင်နေရတဲ့ ပြည်သူတွေအနေနဲ့ တောထဲမှာပဲ ယာယီနေထိုင်နေရတာကြာရှည်လာမှုကြောင့် ကျန်းမာရေး ဆိုင်ရာချို့ယွင်းမှုတွေ ရှိပြီးဖျားနာသူ၊နာမကျန်းသူတွေလည်းရှိနေပါတယ်။

Photo: CJ

ကလေးမြို့နဲ့အလှမ်းဝေးတဲ့ တောထဲမှာ စစ်ဘေးရှောင်နေရတာဖြစ်တာကြောင့် ကလေးမြို့ပေါ်ကို သွားရောက်ပြီး ဆေးကုသဖို့အတွက် ခက်ခဲတဲ့အခြေအနေတွေကြောင့် စစ်ရှောင်ပြည်သူတွေမှာ ကျန်းမာရေး ဆိုင်ရာကုသခွင့်တွေဆုံးရှုံးနေရတယ်လို့သိရပါတယ်။

လတ်တစ်လော သတင်းရင်းမြစ်များအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူတွေထဲမှာ သွေးလွန်တုပ်ကွေး၊ဝမ်းပျက်ဝမ်းလျှောရောဂါအပြင်လေဖြတ်ခြင်းနဲ့အဆုတ်နာရောဂါဖြစ်ပွားသူတွေရှိနေတယ်ပါတယ်။

ရောဂါတွေဖြစ်ပွားရတဲ့အဓိကအကြောင်းအရင်းက စစ်ဘေးရှောင်တွေမှာ မိုးတွင်းကာလရောက်သော်လည်းအမိုးအကာအလုံလောက်မရှိခြင်း၊သောက်သုံးရေမသန့်ရှင်းခြင်း၊အစားအသောက်ပိုင်းဆိုင်ရာသန့်ရှင်းမှုအားနည်းခြင်း၊ယင်နားစာစားမိခြင်း၊ခြင်အန္တရာယ်ကိုထိရောက်စွာမကာကွယ်နိုင်ခြင်းစတဲ့အခက်အခဲတွေကြောင့် ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ ရောဂါဝေဒနါခံစားရသူတွေထဲမှာ ကလေးငယ်တွေနဲ့ အသက်ကြီးပိုင်းတွေပါကြောင်း၊ သွေးလွန်တုပ်ကွေးနဲ့ဝမ်းပျက်ဝမ်းလျှောရောဂါလူနာထပ်တိုးပါက ဆေးဝါးပြတ်လပ်နိုင်ပြီး လေဖြတ် ရောဂါနဲ့နာတာရှည်ရောဂါသမားတွေအတွက်တော့ ဆေးဝါးအကူအညီတွေ အဓိကလိုအပ်နေတယ်လို့သိရပါတယ်။

“သွေးလွန်တုပ်‌ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ အဖြစ်များနေတယ်။လေဖြတ်တာကတော့ သက်ကြီးပိုင်းနဲ့ သက်လတ်ပိုင်းတွေပါ။ဆေးဝါးလုံလောက်မှုကတော့ ခုထိတော့ ကုသမှုပေးလို့ ရနေတယ်ပြောလို့ရပေမယ့် ဒီလို လူနာဆက်များနေမယ်ဆိုရင်တော့ ပထမဆုံး ဓာတ်ဆားတွေပြတ်တော့မယ်။ နောက် ဆလိုင်းပုလင်းတွေလည်း လက်ကျန်နည်းနေပြီ။

နာတာရှည်ရောဂါတွေအတွက်လည်း ဆေးဝါးလုံလောက်မှုက မရှိဘူး။ပြည့်စုံအောင်မပေးနိုင်ဘူး။” လို့စစ်ရှောင်တွေကိုကုသပေးနေသူဆရာဝန်တစ်ဦးကပြောပါတယ်။

ရောဂါဝေဒနါခံစားရသူတွေအတွက် လိုအပ်တဲ့ဆေးဝါးတွေကလည်း ဝယ်ယူရခက်ခဲခြင်း၊ ဝယ်ယူလို့ရပါကလည်းလမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်လနဲ့ချီပြီးကြာမြင့်ခြင်းတွေကြောင့် ဆေးဝါးတွေပြတ်လပ်ပြီးလိုအပ်မှုရှိလာတာဖြစ်တယ်လို့သိရပါတယ်။

“ဝမ်းပျက်ဝမ်းလျှော လူနာတွေထဲတော့ အခြေအနေဆိုးတဲ့သူ သုံးယောက်ရှိတာမှာခုတော့ နှစ်ယောက်က သက်သာလို့ ဆေးရုံဆင်းသွားပါပြီ။သွေးလွန်တုပ်ကွေးကတော့ ခုထိအသည်းအသန်လူနာမတွေ့ရသေးပါဘူး။ခုရက်ပိုင်းမှာတင်လူ၅၀ဆယ်လောက်ရှိမယ်။ဆေးမှာရင်လည်းလမ်းပန်းဆက်သွယ်ရေးခက်ခဲတော့တစ်လလောက်ကြာတယ်။” လို့သူကထပ်မံပြောပြပါတယ်။

လက်ရှိမှာတော့ အဆိုပါစစ်ဘေးရှောင်ပြည်သူတွေအတွက် တောထဲမှာယာယီဆေးရုံအဖြစ် People’s Healthcare Network (Kalay) ဆေးရုံကို ဖွင့်လှစ်ထားပြီး အဲဒီဆေးရုံမှာပဲ ကုသမှုပေးနေတာဖြစ်တယ်လို့သိရပါတယ်။

သတင်းရေးသားပေးပို့သူ = ချစ်ခွန်းချို

တည်းဖြတ်- MyanHealth’s Editorial team

သတင်းရေးသားသူသည် ၂၀၁၂ မှ စတင်ပြီး သတင်းလုပ်ငန်းများကို လုပ်ကိုင်နေသည့် ဂျာနယ်လစ်တစ်ဦးဖြစ်သည်။တိုင်းရင်းသားရေးရာများ၊စိုက်ပျိုးစီးပွားသတင်းများ၊လူမှုဘဝ နှင့် ယဥ်ကျေးမှု ဆိုင်ရာ ဆောင်းပါးများကိုအဓိကထားရေးသားလျက်ရှိသည်။

ဒီအကြောင်းအရာကို မျှဝေပါ