လူထုအခြေပြုနည်းဖြင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးလုပ်ငန်း အားဖြည့် လုပ်ဆောင်ရမည်

Published On: December 10th, 2025|Views: 348|

ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက်

ဖြိုးဖြိုး

မြန်မာအမျိုးသမီးများ အဖြစ်များရောဂါတစ်ခုဖြစ်သည့် သားအိမ်ခေါင်းကင်ဆာ ကကွယ်ဆေးအား လာမည့် ၂၀၂၆ ခုနှစ်မှာ ပြည်သူလူထုအခြေပြုနည်းနဲ့ ပိုမိုအားဖြည့် လုပ်ဆောင်ရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက် ပြုလုပ်တဲ့ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံခြင်း အထိမ်းအမှတ် အခမ်းအနားမှာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်က စတင်ပြီး အသက် ၉ နှစ်ကနေ ၁၁ နှစ်အရွယ် မိန်းကလေးငယ်တွေကို ကျောင်းအခြေပြု (ကျောင်းများတွင်ထိုးနှံပေးခြင်း) နဲ့ ပြည်သူလူထု အခြေပြု (ပြည်သူလူထုအတွင်းထိုးနှံပေးခြင်း) နည်းလမ်းတွေနဲ့ ထိုးနှံပေးနေတာ ဖြစ်ပြီး ကျောင်းအခြေပြု ထိုးနှံတာဟာ လွှမ်းခြုံမှု မြင့်မားပြီး အောင်မြင်မှု ရှိပေမယ့် ပြည်သူလူထု အခြေပြုနည်းလမ်းကတော့ အားဖြည့်ဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ ပြောပါတယ်။

လာမယ့် ၂၀၂၆ ခုနှစ် ဩဂုတ်လနဲ့ စက်တင်ဘာလတွေမှာလည်း မိန်းကလေးငယ်တွေကို သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း (HPV MAC-HPV Multi- Age Cohort Vaccination) လုပ်ငန်းကို အသက် ၉ နှစ်မှ ၁၈ နှစ် အရွယ်အထိ အသက်အရွယ်တိုးမြှင့်ကာ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။

UNFPA ရဲ့  သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်တဲ့ စစ်တမ်းမှာဆိုရင် မြန်မာနိုင်ငံက အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိတဲ့ ကင်ဆာရောဂါတွေထဲမှာဆိုရင် သားအိမ်ခေါင်း ကင်ဆာဟာ အဖြစ်များဆုံးထဲမှာပါဝင်နေတယ်လို့ ဖော်ပြထားပြီး HIV ပိုးရှိသူ အမျိုးသမီး ၈၇ ရာခိုင်နှုန်းခန့်ဟာလည်း သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားနိုင်တယ်လို့ ပါရှိပါတယ်။

သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို ရန်ကုန်တိုင်းဒေသကြီးအတွင်း အသက် ၉ နှစ်ကနေ ၁၁ နှစ်အကြား အမျိုးသမီးငယ်ပေါင်း ၅၈,၀၂၄ ဦးကို ၂၀၂၅ ခုနှစ်အတွင်းမှာ ထိုးနှံပေးနိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဲဒီအခမ်းအနားမှာပဲ ဆိုပါတယ်။

သားအိမ်ခေါင်းကင်ဆာဟာ Human Papilloma Virus (HPV) ဆိုတဲ့ သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်တဲ့၊ လိင်အင်္ဂါတစ်ဝိုက်ကြွက်နို့ ဖြစ်စေနိုင်တဲ့ ပိုးကြောင့် ဖြစ်ပွားရတာဖြစ်ပြီး ၇၀ ရာခိုင်နှုန်းသော သားအိမ်ခေါင်းကင်ဆာတွေဟာ မျိုးစိတ် ၁၆ နဲ့ ၁၈ ကြောင့်ဖြစ်ပွားရပါတယ်။ ကျန်တာကတော့ ကျန်တဲ့မျိုးစိတ်တွေကြောင့် ဖြစ်ရပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးဟာ သားအိမ်ခေါင်းကင်ဆာရောဂါကို အဓိကကာကွယ်ပေးပေမယ့် အချို့ဆေးတွေကတော့ လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်တတ်တဲ့ လိင်အင်္ဂါကြွက်နို့ကို ကာကွယ်ပေးနိုင်လို့ အမျိုးသားများပါ ထိုးနှံနိုင်ပါတယ်။  ဈေးကွက်ထဲကို အစောဆုံးထိုးဖောက်ဝင်ရောက်လာတဲ့ Cervarix ဆိုတဲ့သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးဟာ မျိုးစိတ် ၁၆ နဲ့ ၁၈ ကိုကာကွယ်ပေးပြီး နောက်မှ ဝင်ရောက်လာတဲ့ Gadasil ဆိုတာတော့ မျိုးစိတ် ၆,၁၁,၁၆,၁၈ ကို ကာကွယ်ပေးပါတယ်။ နောက်ဆုံးရရှိနိုင်တဲ့ Gadasil9 ဆိုတဲ့ကာကွယ်ဆေးကတော့ သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်တဲ့ မျိုးစိတ် ၁၆,၁၈,၃၁,၃၃,၄၅,၅၂, ၅၈ ကိုကာကွယ်ပေးပြီး လိင်အင်္ဂါကြွက်နို့ဖြစ်စေတဲ့ မျိုးစိတ် ၆ နဲ့ ၁၁ ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၂၀ခုနှစ်ကနေစပြီး ပိုးမျိုးစိတ်လေးမျိုးကို ကာကွယ်ပေးနိုင်တဲ့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို နိုင်ငံတော် ကာကွယ်ဆေးအစီအစဉ် အနေနဲ့ ထည့်သွင်းခဲ့ပါတယ်။ 

သားအိမ်ခေါင်းကင်ဆာဆိုတာ ကာကွယ်ဆေးနဲ့ကာကွယ်လို့ရတဲ့ ကင်ဆာတစ်မျိုးဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အကြမ်းဖျင်းအားဖြင့် လိင်ဆက်ဆံမှုမပြုသေးတဲ့ (၉-၄၅ နှစ်အတွင်းရှိ) အမျိုးသမီးများထိုးနှံနိုင်ပြီး အသက် ၂၆ နှစ်မတိုင်မီ ထိုးနှံဖို့ကိုအများအားဖြင့် အကြံပြုလေ့ရှိကြပါတယ်။ လိင်ဆက်ဆံမှုလုံးဝမရှိသေးတဲ့အချိန်မှာ ထိုးနှံတာက အထိရောက်ဆုံးဖြစ်ပါတယ်။  အိမ်ထောင်ရှင် အမျိုးသမီးများကာကွယ်ဆေး ထိုးနှံလိုလျှင်တော့ ဆရာဝန်နဲ့ ဆွေးနွေးပြီးမှ ထိုးနှံသင့်ပါတယ်။ အသက် ၉နှစ်မှ၁၄နှစ် အသက်အပိုင်းအခြားရှိ အမျိုးသမီးများဆိုရင် ၆လခြားပြီး ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံရမှာ ဖြစ်ပြီး အသက် ၁၅နှစ်မှ၂၆နှစ် အမျိုးသမီးများဆိုရင်တော့ ၀လ-၁လ-၆လ ဆိုပြီး ၃ ကြိမ်ထိုးနှံရမှာ ဖြစ်ပါတယ်။ အမျိုးသားများထိုးနှံချင်ရင်လဲ အတူတူပဲ ဖြစ်ပါတယ်။ 

လတ်တလောမှာ ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးအမျိုးအစား ၁၃ မျိုးကို အမေရိကန်ဒေါ်လာ ၁၀ သန်းခန့်အထိ နိုင်ငံတော်က အကုန်အကျခံ ထိုးနှံ၊ တိုက်ကျွေးမှုများ ပြုလုပ်ထားတယ်က ထုတ်ပြန်ထားပါတယ်။ အဲဒါတွေကတော့ အသက် တစ်နှစ်အောက် ကလေးတွေကို ပုံမှန်ကာကွယ်ဆေး ထိုးနှံ /  တိုက်ကျွေးတာ၊ ကျောင်းနေအရွယ်တွေအတွက် ဆုံဆို့နဲ့ မေးခိုင်ကာကွယ်ဆေး ထိုးပေးတာ၊ အသက် ၉ နှစ်ကနေ ၁၁ နှစ်အရွယ် မိန်းကလေးငယ်တွေအတွက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးပေးတာ၊ ကိုဗစ် – ၁၉ ကာကွယ်ဆေးထိုးနှံတာ၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး တိုက်ကျွေးတာ၊ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးပေးတာတွေကို မွေးစအရွယ်ကနေ အသက်ကြီးရင့်သည်အထိ (Life Cycle Approach) နဲ့ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

#သားအိမ်ခေါင်းကင်ဆာ

#ကာကွယ်ဆေး

#ကျန်းမာရေးဝန်ကြီးဌာန

#UNFPA

ကိုးကား UNFPA

ဓာတ်ပုံ– MOH

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ