အအေးပို ဆောင်းရာသီနဲ့ နေရပ်စွန့်ခွာနေရသူတွေရဲ့ ကျန်းမာရေး စိုးရိမ်ရေမှတ်

Published On: December 22nd, 2025|Views: 294|

Selana ရေးသားသည်

နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ အများအပြားရှိနေတဲ့ စစ်ကိုင်းတိုင်းမှာ ပုံမှန်ထက် အ‌အေးပိုနေတာမို့ ဒေသခံတွေဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်နေရသလို  ဆေးဝါးအလွယ်တကူ မရတဲ့ အခက်အခဲနဲ့လည်း ကြုံတွေ့‌ နေရပါတယ်လို့ ဒေသခံတွေက တညီတညွတ်တည်း ပြောနေကြပါတယ်။ 

စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းက စတင်ပြီး သိသိသာသာ အအေးပိုနေတာ ဖြစ်ပါတယ်။ ဒေသတွင်း မငြိမ်သက်မှုတွေကြောာင့် စစ်ဘေးရှောင်နေရသူ သိန်းနဲ့ချီ ရှိနေပြီး အများစုဟာ ဆွေမျိုးသားချင်းတွေရဲ့နေအိမ်နဲ့ အမိုးအကာ မလုံလောက်တဲ့ ယာယီစစ်ရှောင်စခန်းတွေမှာ နေထိုင်နေကြရပါတယ်။ 

“နှာစေးချောင်းဆိုးတာ‌တွေ အဖြစ်များပြီး ပန်းနာရင်ကျပ်ရောဂါဖြစ်နေသူတွေလည်း အရင်ကထက်ပြင်းပြင်း ထန်ထန် ခံစားနေကြရတယ်။ ဆေးကကျ လွယ်လွယ်နဲ့ ဝယ်လို့မရဘူး။ မြို့ထဲတွေမှာကတော့ သူနည်းသူဟန်နဲ့ဆေးတွေရှိပေမယ့် ရွာတွေဘက်မှာကျတော့ ဆေးတွေ ပြတ်လပ်နေတယ်”လို့ ကနီမြို့ခံ တစ်ဦးက ပြောပါတယ်။ 

ကနီမြို့ဟာ ယင်းမာပင်ခရိုင်ထဲ ပါဝင်ပြီး ယင်းမာပင်၊ ဆားလင်းကြီးနဲ့ ပုလဲမြို့နယ်တွေပါတဲ့ ဒီခရိုင်ထဲ နေရပ်စခွန့်ခွာရသူ ၃၀,၀၀၀ ခန့်ရှိပြီး အဝတ်အထည်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုနေတယ်လို့လည်း ဒေသတွင်း ကျန်းမာရေးဝန်ထမ်းတွေဆီက သိရပါတယ်။ အဲဒီဒေသခံတွေဟာ လပေါင်းများစွာကြာအောင် နေရပ်စွန့်ခွာနေကြရသူတွေပါ။ မြို့ပေါ် နေထိုင်သူတွေဟာ မြို့ပေါ် ဆေးရုံဆေးခန်းတွေမှာ ကုသမှုခံယူနိုင်ပေမယ့် ကျေးလက်နေထိုင်သူတွေကတော့ ဆေးဝါးနဲ့ ဆေးရုံသုံးပစ္စည်း မပြည့်စုံတဲ့ ကျေးလက်ဆေးခန်းတွေကိုသာ အားကိုးနေရပါတယ်။ ဒါ့အပြင် ကျေးရွာချင်းဆက်လမ်းတွေ ပြတ်တောက်နေတာ၊ လုံခြုံရေးအခက်အခဲတွေကြောင့် နေအိမ်တွေနဲ့ ယာယီစစ်ရှောင်စခန်းတွေမှာပဲ ဆေးမြီးတိုနဲ့ကုသနေရသူတွေလည်း အများအပြားရှိပါတယ်။ 

” ဆေးဝါးအကူအညီက အရေးကြီးဆုံးလိုအပ်ချက်လို့ ကျွန်မထင်တယ်။ စားဖို့နဲ့ နေဖို့က အချင်းချင်းမျှဝေပြီးနေကြတယ်။ ဆေးဝါးကကျတော့ အစစ်အဆေးတွေများတော့ သယ်လို့ မရဘူး။ ဝယ်ဖို့လည်း ငွေကြေးအင် အားနည်းသလို ဝယ်ချင်ရင်တောင် ပစ္စည်းမရှိဘူး ဖြစ်နေတာ” လို့ ဒေသခံတွေကို ကူညီနေတဲ့ ကျန်းမာရေးဝန် ထမ်းတစ်ဦးက ဆိုပါတယ်။ 

 

စစ်ကိုင်းတိုင်း၊ မင်းကင်းမြိုနယ်ဘက်က နေရပ်စွန့်ခွာ တိမ်းရှောင်နေသူတွေထဲမှာ ပန်းနာရင်ကျပ်ရောဂါ အဖြစ်များနေပြီး အရေးပေါ် ကုသပေးရမယ့်လူနာတွေလည်း ရှိနေပါတယ်။ ပန်းနာရင်ကျပ် (Asthma) ရောဂါဟာ အသက်ရှူလမ်းကြောင်း ရောင်ရမ်းပြီး ကျဉ်းမြောင်းသွားလို့ အသက်ရှူရ ခက်ခဲစေတဲ့ နာတာရှည်ရောဂါအမျိုးအစား ဖြစ်ပါတယ်။ ဒီရောဂါဟာ ရာသီဥတုအေးတဲ့အခါမျိုးမှာ ပိုမိုဆိုးရွားတတ်ပြီး ထိထိရောက်ရောက် မကုသဘူးဆိုရင် နေ့စဉ် လူမှုဘဝကိုပါ ထိခိုက်စေတဲ့ ရောဂါအမျိုးအစားဖြစ်ပြီး ရောဂါပြင်းထန်လာရင် Salbutamolလို အရေးပေါ် ရှုဆေး ဒါမှမဟုတ် ဖြန်းဆေးနဲ့ ကုသလို့ရပေမယ့် ရှုဆေးဗူးတွေလည်း ပြတ်လပ်နေတယ်လို့ ဒေသခံတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဆီက သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က Salbutamol ကို အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဆေးဝါးလို့တောင် သတ်မှတ်ထားပါတယ်။ 

” အရင်က ၅,၀၀၀ လောက်ပဲ ရှိတာ။ အခုက ၂၀,၀၀၀ ကျော်ပြီ။ ဒါပေမဲ့ ဝယ်မရပါဘူး။ ကျွန်မတို့ မြို့ကို ဆေးဝါးတွေ တော်ရုံနဲ့ ရောက်မလာပါဘူး” လို့ ပုလဲမြို့နယ် ဒေသခံတစ်ဦးကလည်း ပြောပါတယ်။ 

လက်ရှိမှာ စစ်ကိုင်းတိုင်းဟာ ပုံမှန်ထက် အအေးပိုမယ့် ဒေသတွေထဲမှာ ပါဝင်နေတယ်လို့ မိုးလေဝသနှင့် ဇလ ဗေညွှန်ကြားမှုဦးစီးဌာနက ဒီဇင်ဘာ ၁၉ ရက်က သတိပေးထားပါတယ်။ စစ်ကိုင်းနဲ့ ပဲခူးတိုင်း၊ ကယားနဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာ အခု ဒီဇင်ဘာရဲ့ ပျမ်းမျှအပူချိန်အောက် ၂ ဒီဂရီဆဲလ်စီးယပ်အထိ လျော့ နည်းခဲ့တယ်လို့လည်း မိုး/ဇလက ထုတ်ပြန်ထားပါသေးတယ်။ 

ကုလသမဂ္ဂ လက်အောက်ခံဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (World Food Programme – WFP) မြန်မာ ကလည်း မြန်မာနိုင်ငံက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်နေရသူတွေ အခြေအနေဟာ စိုးရိမ်ဖွယ်ရာ ဖြစ်တယ်လို့ သတိပေးထားပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ ၂၀၂၅ ခုနှစ်မှာ ၃ ဒသမ ၆ သန်းရှိပြီး ၂၀၂၆ ခုနှစ်မှာ လေးသန်းအထိ မြင့်တက်လာနိုင်တယ်လို့ WFP က အခုနှစ် ဒီဇင်ဘာလလယ်တုန်းက ခန့်မှန်းထုတ်ပြန်ထားပါသေးတယ်။ ဒီသူတွေဟာ စားဝတ်နေရေးနဲ့ ကျန်းမာရေးပြဿနာတွေကို အဆိုးဝါးဆုံး ရင်ဆိုင်နေရတယ်လို့ ဆိုထားပြီး ဒီအခြေအနေတွေ ပိုဆိုးမလာအောင်အတွက် နိုင်ငံတကာအနေနဲ့ ရန်ပုံငွေနဲ့ သံတမန်ရေးရာ အကူအညီတွေ စဉ်ဆက်မပြတ်ပေးကြဖို့လည်း WFP က တောင်းဆိုထားပါတယ်။ 

“ဒီလောက် ဆိုးရွားတဲ့ ဒုက္ခဆင်းရဲကြုံတွေ့နေရတာတွေဟာ ကမ္ဘာ့အလယ်မှာ လူမသိသူမသိ မဖြစ်သင့်ပါဘူး” လို့လည်း WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောဆိုထားပါတယ်။ 

#နေရပ်စွန့်ခွာ

#နာတာရှည်

#ပန်းနာရင်ကျပ်

#Salbutamol

# Asthma

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ