ရာသီတုပ်ကွေးကေဗိုင်းရပ်စ် တရုတ်နဲ့ ထိုင်းမှာ အဖြစ်များလို့ စိုးရိမ်သူတွေ ရှိ

Published On: December 23rd, 2025|Views: 352|

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ကိုတင်

ရာသီတုပ်ကွေးဟာ ရာသီအကူးအပြောင်းကာလတွေမှာ ဖြစ်လေ့ရှိပေမယ့် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့မှာ ကူးစက်မှု များပြားတာ၊ သေဆုံးမှုတွေ ကြားနေရတာကြောင့် ကူးစက်မြန် ရာသီတုပ်ကွေးပိုးမျိုးကွဲ ကေဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းမှာလည်း စိုးရိမ်ကြသူ များလာပါတယ်။

တရုတ်မီဒီယာတွေ ဖော်ပြချက်အရ ၂၀၂၅ ခုနှစ်ဟာ လေးနှစ်အတွင်း တုပ်ကွေးအဖြစ်များဆုံးနှစ်လို့ သိရပါတယ်။ ဘေဂျင်းက ရုံးတွေ၊ စာသင်တန်းတွေမှာ ရှိတဲ့ လူတဝက်လောဟာ ချောင်းအဆက်မပြတ် ဆိုးတာတွေ၊ ရုတ်တရက် မူးဝေတာ၊ ခေါင်းကိုက်တာ၊ ဖျားနာတာတွေ ဖြစ်နေပြီး အများစုက ကိုဗစ် – ၁၉ ပြန်လာပြီလို့ ထင်နေကြပါတယ်။ ပူယန်မြို့မှာဆို သုံးနှစ် ကလေးသေဆုံးတာ၊ ဟောင်ကောင်မှာ နှစ်နှစ်အရွယ် ကလေး သေဆုံး တာတွေ ရှိလာတာကြောင့် စိုးရိမ်ပူနေကြပြီး နေမေကာင်းလို့ ရုံးမတက်တာ၊ ကျောင်းပျက်တာတွေလည်း များ လာနေပါယ်။ အာဏာပိုင်တွေကတော့ အခု ရောဂါလက္ခဏာဟာ ကိုဗစ် – ၁၉ နဲ့ မဆိုင်ဘဲ ရာသီတုပ်ကွေးပိုးဖြစ်တဲ့ Influenza A အုပ်ထဲက H3N2 ဗိုင်းရပ်စ်ကွဲဖြစ်တဲ့ ကေဗိုင်းရပ်စ်လို့ ထုတ်ပြန်ထားပါတယ်။

 

ထိုင်းနိုင်ငံမှာလည်း ၂၀၂၅ ခုနှစ် နှစ်စကနေ နိုဝင်ဘာလလယ်အထိ တုပ်ကွေးဖြစ်သူပေါင်း ၉၄၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၀၀ အထိ ရှိပါတယ်။ ထိုင်းနိုင်ငံ၊ ရောဂါထိန်းချုပ်ရေးဌာန ပြောခွင့်ရသူ Airing Phanrit က သေဆုံးသူတွေထဲမှာ အသက် တစ်နှစ်ကနေ ၉၅ နှစ်အထိ ပါဝင်ပြီး ပျမ်းမျှအသက် ၆၁ နှစ် ရှိသူတွေမှာ အဖြစ်များတယ်လို့ ဆိုပါတယ်။ အများဆုံးတွေ့ရတဲ့ တုပ်ကွေးကတော့ A/H3N2 (ကေဗိုင်းရပ်စ်) ဖြစ်ပြီး တုပ်ကွေး ဖြစ်ပွားမှုအားလုံးရဲ့ ၇၆ အထိ ရှိနေတာငပါ။ အခုနောက်ပိုင်း ဖြစ်ပွားမှုတွေ ကျလာပေမယ့် လူထူထပ်တဲ့ ကျောင်းနဲ့ အကျဉ်းထောင်တွေမှာတော့ အစုလိုက်အပြုံလိုက် ကူးစက်မှုတွေ ရှိနေသေးတယ်လို့ သူမက ပြောပါတယ်။ ကူးစက်ခံရသူအများစုရဲ့ ၉၄ ရာခိုင်နှုန်းဟာ တုပ်ကွေးကာကွယ်ဆေး မထိုးဖူးသူတွေ ဖြစ်ပြီး သေဆုံးသူ စုစုပေါင်းရဲ့ ၅၇ ရာခိုင်နှုန်းဟာ ကျောက်ကပ်၊ နှလုံး၊ တီဘီ၊ လေဖြတ် စတဲ့ နောက်ခံကျန်းမာရေးအခြေအနေရှိသူတွေ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာလည်း ရာသီတုပ်ကွေးဖြစ်ပွားနေတာတွေ တွေ့နေရပြီး ဒီဇင်ဘာ လလယ်ကနေ အခုရက်ပိုင်းအတွင်း တုပ်ကွေးကြောင့် လာရောက်ကုသသူ အတော်များတယ်လို့ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်က အထွေထွေရောဂါကု အမျိုးသမီးဆရာဝန်တစ်ဦးက ဆိုပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းကို ရန်ကန်ကနေ အရောင်းအဝယ်ကိစ္စနဲ့ သွားရောက်ခဲ့တဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက ရှမ်းပြည်ရောက်ချိန်မှာ လည်ပင်းနာရာမှ အပြင်းဖျားခဲ့ကြေင်း၊ ဆေးခန်းပြရန် မလွယ်ကူသည့်အတွက် သာမန် ခရီးဆောင်ဆေးများဖြင့်သာ မိမိဘာသာ ကုသခဲ့ရကြောင်း၊ စီးလာတဲ့ ယာဉ်ပေါ်မှာလည်း ချောင်းဆိုး၊ နှာချေ၊ ဖျားနပုံပေါ်သည့်သူ များကြောင်း သူမရဲ့ အတွေ့အကြုံကို ရှင်းပြပါတယ်။

 

ရန်ကုန်တိုင်း သာကေတမြို့နယ်၌လည်း ဆောင်းတွင်းတုပ်ကွေးရောဂါဖြင့် လာရောက်ကုသသူများကြောင်း၊ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးထားသူများပင် ပါဝင်ကြောင်း၊ တုပ်ကွေး၌ မျိုးကွဲများစွာ ရှိသည့်အတွက် ဖြစ်ပွားတတ်သော်လည်း ကာကွယ်ဆေးထိုးထားပါက လက္ခဏာသိပ်မပြင်းထန်ကြောင်းအထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောပါတယ်။

 

“အခုရက်ပိုင်း ကလေးငယ်နဲ့ အသက်ကြီးသူတွေ ဖျားရင် ကေဗိုင်းရပ်စ် ကြောက်လို့ဆိုပြီး ရောက်လာတဲ့သူ များတယ်။ ရောဂါအခံမရှိသူတွေဆို ရက်ပိုင်းအတွင်း ပျောက်ကင်းပါတယ်” လို့ MyanHealth ရဲ့ မေးမြန်းမှုကို ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်က ဆရာဝန်တစ်ဦးက ဖြေပါတယ်။။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာတစ်ဝှမ်း ၂၀၂၅ ခုနှစ် အောက်တိုဘာမှစ၍ ရာသီတုပ်ကွေးဖြစ်ပွားမှု မြင့်တက်နေကာ ဖြစ်ပွားသည့် ဗိုင်းရပ်စ်၌ A ဗိုင်းရပ်စ်များ အဓိကပါဝင်သည်ဟု ထုတ်ပြန်ထားပါတယ်။ ရာသီတုပ်ကွေးဟာ တစ်နှစ်ပတ်လုံး ပျံ့နှံ့နေသော တုပ်ကွေးဗိုင်းရပ်စ်များကြောင့် ဖြစ်ပေါ်လာတဲ့ အသက်ရှူလမ်း ကြောင်းဆိုင်ရာ ကူးစက်ရောဂါ တစ်ခုဖြစ်ပြီး သမပိုင်းဒေသများတွင် ဆောင်းရာသီ၌ ကူးစက်မှုအမြင့်ဆုံး ဖြစ်တတ်ပါတယ်။ အပူပိုင်းဒေသတွေမှာတော့တုပ်ကွေးဗိုင်းရပ်စ်က နိုင်ငံအလိုက်၊ ရာသီအလိုက်နှင့် ပြင်းထန်မှုပုံစံ ကွဲပြားစွာဖြင့် ပျံ့နှံ့နိုင်ကြောင်းလည်း WHO က ထုတ်ပြန်ထားပါတယ်။ နိုင်ငံပိုင်မီဒီယာတွေမှာ ရာသီတုပ်ကွေးမျိုးကွဲ ကေဗိုင်းရပ်စ်နဲ့ ပတ်သက်လို့  ပြည်တွင်း/ပြည်ပ သတင်းတွေရော၊ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကိုရော တစုံတရာဖော်ပြတာ မတွေ့ရသေးပါဘူး။

 

တောင်ဒဂုံ စက်မှုဇုန် အစားအသောက်ထုတ်လုပ်သည့် စက်ရုံက နေ့စားဝန်ထမ်းဖြစ်သူ မစန္ဒာကလည်း သူမတို့အိမ်မှာ အိမ်သားအားလုံးနီးပါး ဖျားနာနေပြီး ရပ်ကွက်တွင်းဆေးဆိုင်တွေမှာ ရောင်းတဲ့ စပ်ဆေးကိုသာ အားကိုးနေရပြီး တုပ်ကွေးကာကွယ်ဆေးထိုးပါက ရာသီတုပ်ကွေးကို ကာကွယ်နိုင်မှာကို သိပေမယ့် မိမိဘာသာ ထိုးဖို့ မတတ်နိုင်လို့ မထိုးဘဲ နေနေရတယ်လို့ ဆိုပါတယ်။ နှစ်ကုန်ကာလဖြစ်လို့ ပစ္စည်းအမှာကျပြီး တခြားဝန်ထမ်းတွေ အချိန်ပိုဆင်းနိုင်ပေမယ့် ဖျားနေလို့ဆိုတဲ့အကြောင်းပြချက်နဲ့စက်ရုံမန်နေဂျာက အလုပ်ဆင်းခွင့် မပေးလို့ ဆေးကုစရိတ် ပိုလာတာမို့ ဝင်ငွေ၊ ထွက်ငွေပါ ထိခိုက်လာတယ်လို့ သူမက ဆက်ပြောပါတယ်။

 

တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေးထိုးတာဟာ အကောင်းဆုံး ကာကွယ်ခြင်း နည်းလမ်း ဖြစ်ပါတယ်။ ကာကွယ်ဆေး အစောပိုင်းထိရောက်မှု ခန့်မှန်းချက်တွေအရ လက်ရှိ ကာကွယ်ဆေးတွေဟာ အသက် နှစ်နှစ်ကနေ ၁၇ နှစ်အရွယ် ကလေးတွေကို ကာကွယ်ပေးနိုင်ပြီး အသက် ၇၀ မှာ ၇၅ ရာခိုင်နှုန်းနဲ့ လူကြီးတွေမှာဆို ၃၀ ကနေ ၄၀ ရာခိုင်နှုန်းအထိ ထိရောက်မှု ရှိတယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

 

#ကေဗိုင်းရပ်စ်

#ရာသီတုပ်ကွေး

#ကာကွယ်ဆေး
#H3N2

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ