မြန်မာမှာ ကေဗိုင်းရပ်စ် မတွေ့သေးလို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

Published On: December 24th, 2025|Views: 347|

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ဖြိုးဖြိုး
ကေဗိုင်းရပ်စ်လို့ လူသိများ ပြန့်နှံ့နေတဲ့ Influenza A (H3N2) Subclade – “K” ရောဂါပိုးကို ဓာတ်ခွဲစစ်ဆေးမှုတွေအရ မြန်မာနိုင်ငံမှာ မတွေ့ရှိရသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၃ ရက်မှာ နိုင်ငံပိုင်မီဒီယာတွေကနေ ထုတ်ပြန်လိုက်ပါတယ်။ 

တုပ်ကွေးရောဂါ အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားတာတွေကို စဉ်ဆက်မပြတ် စောင့်ကြည့်ပြီးနောက် အခုလို ထုတ်ပြန်လိုက်တာပါ။ 

Influenza A (H3N2) အမျိုးအစား ရာသီတုပ်ကွေးရောဂါပိုးဟာ အရင်နှစ်တွေက မြန်မာနိုင်ငံမှာ ကူးစက်မှု ဖြစ်ပွားခဲ့ဖူးပြီး အခုနှစ် စက်တင်ဘာလက စလို့လည်း အဓိက ကူးစက်ဖြစ်ပွားနေတဲ့ ရောဂါပိုးအမျိုးအစားဖြစ် တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဓာတ်ခွဲစစ်ဆေးမှုတွေအရ ကေဗိုင်းရပ်စ် အမျိုးအစားကိုတော့ မတွေ့ရသေးသလို လူထုထဲမှာလည်း Influenza A (H352) ကို ကာကွယ်နိုင်တဲ့ ကိုယ်ခံစွမ်းအား အသင့်အတင့် ရှိနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ထိုးနှံနေကြတဲ့ တုပ်ကွေးကာကွယ်ဆးနဲ့ သုံးစွဲနေတဲ့ ဆေးဝါးတွေဟာလည်း ဗိုင်းရပ်စ်ပိုးကို ကာကွယ်ကုသနိုင်တာမို့ အထူး စိုးရိမ်နေဖို့ မလိုဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက သုံးသပ် ပြောဆိုထားပါတယ်။ 

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က ထုတ်ပြန်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ “ကမ္ဘာလုံးဆိုင်ရာ ရာသီတုပ် ကွေးဖြစ်ပွားမှု အစီရင်ခံစာ” အရ ၂၀၂၅ ခုနှစ် ဆောင်းရာသီဖြစ်တဲ့ စက်တင်ဘာလ က စပြီး ကူးစက်ဖြစ်ပွားမှုဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဖြစ်စေ၊ အာရှဒေသ အပါအဝင် ကမ္ဘာ့ဒေသ အတော်များများမှာ မြင့်တက် နေပြီး ဒါဟာ နှစ်စဉ် ရာသီတုပ်ကွေး ကူးစက်ဖြစ်ပွားမှုထက် ပိုမိုခြင်း မရှိဘူးလို့ ပါရှိပါတယ်။  Influenza A  (H352) ပုံမှန်အားဖြင့် ကမ္ဘာ့ဒေသအသီးသီးမှာ အဓိက ကူးစက်မှုဖြစ်စေတဲ့ တုပ်ကွေးအမျိုးအစားဖြစ်ကာ  Influenza A (H3N2) Subclade – K ကိုတော့ လွန်ခဲ့တဲ့ ခြောက်လအတွင်းမှာ နိုင်ငံပေါင်း ၃၄ ခုမှာ တွေ့ရှိခဲ့တာ ဖြစ်ပြီး ကာကွယ်ဆေး၊ လက်ရှိသုံးနေဆဲ ဆေးဝါးတွေနဲ့ ကုသနိုင်တယ်လို့ WHO အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။ ရာသီတုပ်ကွေးဟာ အသက်မရွယ် ကူးစက်နိုင်ပြီး ကလေး၊ သက်ကြီးရွယ်အို၊ ကိုယ်ခံအားစနစ် ကျဆင်းနေသူ၊ နာတာရှည် ဆီးချိုသွေးချိုနဲ့ နှလုံးရောဂါ ရှိသူ၊ အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ ကင်ဆာနဲ့ အာရုံကြောရောဂါ ရှိသူ၊ ကိုယ်ဝန်ဆောင်တွေမှာတော့ ရောဂါကူးစက်ခံရရင် ပိုမိုပြင်းထန်စွာ ခံစားနိုင်ရနိုင်ခြေ မြင့်ပါတယ်။ ဒီတုပ်ကွေးပိုးဟာ ချောင်းဆိုး/ နှာချေတာက ထွက်တဲ့ အစက်/အမှုန်တွေက ကူးစက်တာ (Droplet Transmission) ၊ ရောဂါကူးစက်ခံထားရသူနဲ့ လက်ဆွဲနှုတ်ဆက်တာလိုမျိုး အနီးကပ်ထိတွေ့တာ၊ ရောဂါပိုး ကပ်ငြိနေတဲ့ အရာဝတ္ထုနဲ့ အသုံးအဆောင်တွေကတဆင့် ပါးစပ်၊ နှာခေါင်း၊ မျက်စိတို့ကို ထိတွေ့မိတာကန ကူးစက်နိုင်ပါတယ်။ 

လတ်တလော ဖြစ်နေတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ကူးစက်မခံရဖို့ဆိုရင် ဆပ်ပြာ၊ ရေ ဒါမှမဟုတ် ရေမလိုတဲ့ လက်သန့်ဆေးရည်နဲ့ စနစ်တကျ လက်ဆေးတာ၊ ရောဂါပိုးကူးစက်ခံရတဲ့သူ ဒါမှမဟုတ် သံသယရှိ လူနာနဲ့ ခပ်ခွာခွာနေဖို့၊ ဖျားနေတယ်လို့ သံသယလက္ခဏာ ရှိသူတွေဟာ နှာချေ၊ ချောင်းဆိုးပါ ခံစား နေရပြီဆိုရင် ပါးစပ်နဲ့ နှာချောင်းစည်း ဝတ်တာတွေ လုပ်တာမျိုး လုပ်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက နှိုး ဆော်ထားပါတယ်။ 

ရာသီတုပ်ကွေးဟာ ရာသီအကူးအပြောင်းကာလတွေမှာ ဖြစ်ပွားလေ့ ရှိပေမယ့် အခု ကေဗိုင်းရပ်စ်ဟာ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့မှာ ကူးစက်နှုန်း မြန်နေတဲ့အပြင် အသက်သေဆုံးတာတွေအထိ ကြားနေရတာ ကြောင့် မြန်မာနိုင်ငံမှာလည်း စိုးရိမ်ကြသူတွေ များလာနေပါတယ်။ 

#ကေဗိုင်းရပ်စ်

#ရာသီတုပ်ကွေး

#ကာကွယ်ဆေး

#H3N2

Ref: MyanHealth

ဒီအကြောင်းအရာကို မျှဝေပါ