အာဟာရဖွံ့ဖြိုးရေး လူထုကိုယ်တိုင် လုပ်ဖို့လည်း လိုတယ်လို့ DoPH ညွှန်ကြားရေးမှူးချုပ် ပြော

Published On: December 29th, 2025|Views: 345|

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

ဝေဝေစိုး

အာဟာရ ဖွံ့ဖြိုးရေးအတွက် ကျန်းမာရေးဌာနက ပေးနေတဲ့ ဆေးဝါးအထောက်အပံ့ တစ်ခုတည်းနဲ့ မပြည့်စုံဘဲ လူထုကိုယ်တိုင်က အာဟာရပြည့်ဝ မျှတတဲ့ အစားအစာကို ရွေးချယ် စားသောက်တတ်ဖို့ လိုတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (Department of Public Health – DoPH) ညွှန်ကြားရေးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။ 

ဒီဇင်ဘာ ၂၃ ရက်က နေပြည်တော်မှာ လုပ်တဲ့ DoPH အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနရဲ့ Consultative Meeting on Review and Ravise of Nutrition Related IEC Materials အစည်းအဝေးမှာ အခုလို ပြောဆို လိုက်တာပါ။ 

DoPH  ဟာ ၁၉၅၄ ခုနှစ်ကတည်းက ပရိုတင်းအင်အား ချို့တဲ့ရောဂါ ပပျောက်ရေး၊ အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေး စတဲ့ အဓိက လုပ်ငန်းကြီး ငါးရပ်နဲ့ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ 

ဒါပေမဲ့လည်း လူထုအနေနဲ့ ကျန်းမာရေးဌာနက ဆေးဝါးအထောက်အပံ့ တစ်ခုတည်းထက် မပြည့်စုံတာမို့ အာဟာရပြည့်ဝ၊ မျှတတဲ့ အစားအသောက်တွေကို ရွေးချယ်ဝယ်ယူ စားသုံးတတ်ဖို့ လိုတယ်တို့ ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။ ကလေးငယ်တွေနဲ့ ပတ်သက်လို့လည်း ကျန်းမာရေးဌာနက လမ်းညွှန်ထားတဲ့ မိခင်နို့ တိုက်ကျွေးတာ၊ စနစ်တကျ အစားအကျွေးမွေး ပြုစု စောင့်ရှောက်တာတွေကို မှန်ကန်စွာ နိုင်မှသာ အာဟာရ ရရှိမှု အခြေအနေ ဖွံ့ဖြိုးတိုးတက်နိုင်မယ်လို့ ဆိုပါတယ်။ 

အာဟာရ ချို့တဲ့တယ်ဆိုတာ စားသုံးတဲ့ အစာအဟာရ မမျှတတာကြောင့် ဖြစ်ပြီး ကျန်းမာရေးအတွက် အရေး ပါတဲ့ အစားအစာ စားသုံးမှု နည်းပါးရင် ဖြစ်ပွားလေ့ ရှိပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးကြီးထွားနေဆဲကာလမှာ ဖြစ်ပွားရင် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကိုပါ ထိခိုက်စေပြီး အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၊ ကမ္ဘာ့ဘဏ် (World Bank) က ထုတ်ပြန်တဲ့ ၂၀၂ ခုနှစ်အတွက် အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ငါးနှစ်အောက် ကလေးငယ်တွေရဲ့ အာဟာရချို့တဲ့မှုအခြေအနေက တကယ့်ကို စိုးရိမ်ဆဲအဆင့်မှာ ရှိတယ်လို့ ဖော်ပြနေပါတယ်။ ကလေးငယ်တွေမှာ အာဟာရချို့တဲ့လာပြီဆိုရင် ရှိသင့်တဲ့ အရွယ်မှာ ရှိရမယ့် အရပ်မရှိတာ (Stunting) နဲ့ ပိန်လှီတာ (Wasting) တွေ ဖြစ်ပါတယ်။ မြန်မာပြည်က ကလေးငယ် လေးယောက်မှာ တစ်ယောက် (၂၆ ရာခိုင်နှုန်းကျော်) ဟာ Stunting ကို ကြုံတွေ့နေရပြီး ခုနစ်ရာခိုင်နှုန်းလောက်ဟာ Wasting လက္ခဏာတွေ ခံစားနေရသလို တချို့ဒေသတွေမှာ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ အရေးပေါ်အခြေ အနေတွေ ရှိနေတယ်လို့ အစီရင်ခံစာတွေမှာ ပါရှိပါတယ်။ 

UNICEF မြန်မာရဲ့ “မြန်မာနိုင်ငံရှိ ကလေးသူငယ်များ – အန္တရာယ်ကျရောက်နေသော အနာဂတ်မျိုးဆက်သစ် များ” ဖော်ပြချက်မှာဆိုရင် မြန်မာနိုင်ငံက ကလေးငယ်တွေဟာ ကြီးထွားနေတဲ့ ပဋိပက္ခ၊ မလုံခြုံမှု၊ အစုလိုက် နေရပ်စွန့်ခွာရမှု၊ ဆင်းရဲနွမ်းပါးမှု၊ ကျန်းမာရေးနဲ့ ပညာရေးလိုမျိုး အရေးကြီးတဲ့ ဝန်ဆောင်မှုတွ ပြတ်တောက် နေတာကြောင့် ကိုယ်စိတ်ကျန်းမာရေး၊ အနာဂတ်နဲ့ ရှင်သန်မှုတို့အပေါ် အကြီးမားဆုံး ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်တာကာလက စလို့ ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းအထိ ပြည်တွင်းနေရပ်စွန့်သူ ၃ ဒသမ ၂  သန်းရှိပြီး အဲဒီရဲ့ ၃၀ ရာခိုင်နှုန်းဟာ ကလေးသူငယ်တွေ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်မှာ အကူအညီလိုအပ်နေတဲ့ နိုင်ငံ့လူဦးရေရဲ့ သုံးပုံ တစ်ပုံဖြစ်တဲ့ ၁၉ ဒသမ ၉ သန်းမှာ အနည်းဆုံး ၆ ဒသမ ၄ သန်းဟာ ကလေးသူငယ်တွေ ဖြစ်တယ်လို့ UNICEF က ထုတ်ပြန်ထားပါတယ်။ 

ဆင်းရဲမွဲတေမှု တိုးလာတာဟာ မိသားစုတွေအတွက် အာဟာရပြည့်တဲ့ အစားအစာတွေကို နေ့စဉ် လုံလုံ လောက်လောက် ဝယ်ယူ စားသုံးနိုင်ဖို့ မရှိတဲ့အခြေအနေကို တွန်းပို့နေပြီး ရေမသန့်ရှင်းတာ၊ အညစ်အကြေးစွန့်ပစ်မှု စနစ် ပျက်စီးတာ၊ ရောဂါကူးစက်မှုတွေ ဖြစ်လွယ်လာတာဟာ ကလေးတွေကို ကိုယ်အလေးချိန် လျော့စေပြီး အာဟာရမလုံလောက်မှုပြဿနာကို ပိုပြီး ဆိုးရွားစေတယ်လို့လည်း ကလေးသူငယ်ဆိုင်ရာ ကျွမ်းကျင် သူတွေက မှတ်ချက်ပေးထားပါတယ်။ 

မြန်မာနိုင်ငံက ကလေးသူငယ် ၅၅ ရာခိုင်နှုန်းဟာ မိသားစုနဲ့အတူ ဆင်းရဲနွမ်းပါးမှုဒဏ်ကို အလူးအလဲ ခံနေရတယ်လို့ UNICEF က သတိပေးထားပြီး အာဟာရဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်တာတွေ လုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဝေပြီး လက်ကမ်းစာစောင်တွေ၊ ပိုစတာတွေကို ခေတ်နဲ့အညီ မွမ်းမံပြင်ဆင်ပြီး ဖြန့်ဝေဖို့လည်း DoPH ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက အခမ်းအနားမှာ တိုက်တွန်း ပြောဆို ထားပါတယ်။ 

DoPH ဟာ လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေးနဲ့ ကျန်းမာတဲ့ မျှော်မှန်း လူ့သက်တမ်း တိုးမြင့်စေဖို့၊ အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို လူတိုင်း လက်လှမ်းမှီ ရစေဖို့ ရည်မှန်းချက်ထား လုပ်နေတာဖြစ်ပြီး WHO ကလည်း ကလေးအာဟာရချို့တဲ့တာကို လျှော့ချဖို့ဆိုရင် အစားအစာ လုံခြုံမှုကို မြှင့်ဖို့၊ မိခင်နဲ့ ကလေး ကျန်းမာရေးဝန်ဆောင်မှု ပြန်လည်ခိုင်မာစေဖို့၊ ပဋိပက္ခဒဏ်ခံရတဲ့ ဒေသတွေမှာ လူသားချင်း စာနာမှု အကူအညီတွေ ပိုပြီး ရောက်ဖို့ လိုအပ်တယ်လို့ အကြံပြုထားပါတယ်။ 

#MOH

#WHO 

#UNICEF 

#Global Nutrition Report

ဓာတ်ပုံ – ကျန်းမာရေးဝန်ကြီးဌာန

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ