Weekly Health Round-Up (January First Week )

Published On: January 10th, 2026|Views: 335|

  • စိတ်ကျန်းမာရေးစောင့်ရှောက်မှု ပိုပြီးလက်လှမ်းမီစေဖို့ “စိတ်ကျန်းမာရေးစောင့်ရှောက်မှု ကွာဟချက် လျော့ချရေးအစီအစဉ် လမ်းညွှန်စာအုပ်” (mhGAP Intervention Guide – ပြင်ဆင်ထုတ်ဝေခြင်း အဆင့် ၂) ကို မြန်မာဘာသာနဲ့ အသုံးပြုနိုင်ပြီဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားပါတယ်။
  • မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်၊ ဖြစ်ပွား၊ သေဆုံးမှုနဲ့ ပတ်သက်လို့ စိုးရိမ်စရာအခြေ အနေမရှိပေမယ့် ရောဂါဖြစ်ပွားမှုကနေ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တစ်ကိုယ်ရေ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုပြီး ရောဂါကူးစက်ခံရရင် ရောဂါပြင်းထန်နိုင်ခြေနဲ့ အသက်ဆုံးရှုံးနိုင်ခြေ မြင့်မားတဲ့ သက်ကြီးရွယ်အို၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေကို ဦးစားပေး အစီအစဉ်နဲ့ ကိုဗစ် – ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးနေတကို ခံယူကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၅ ရက်မှာ တိုက်တွန်းထားပါတယ်။
  • ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲက အသစ်ခန့်အပ်တဲ့ ဒုတိယဦးစီးမှူး (ကျန်းမာပညာ) ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၅ ရက် နေ့လယ်ပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှာ ပြုလုပ်ခဲ့ပါတယ်။ 
  • မန္တလေးတိုင်းထဲက ဆေးဆိုင်တွေမှာ ပိုးသတ်ဆေး အပါအဝင် ပဋိဇီဝ‌ဆေးတွေကို ဆရာဝန် ခွင့်ပြုချက်ပါမှ ရောင်းရမယ်လို့ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) က ညွှန်ကြားထားတာကို ကိုးကားပြီး ဘီဘီစီ မြန်မာပိုင်းသတင်းက ဖော်ပြပါတယ်။
  • ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မန္တလေး၊ တနင်္သာရီနဲ့ မကွေးတိုင်း၊ မွန် နဲ့ ကရင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက်ကုသခံယူမှုတွေကို ဒီဇင်ဘာ ၂၈ ရက်ကနေ ဇန်နဝါရီ ၄ ရက်အထိ စောင့်ကြည့်မှတ်တမ်းတင်ခဲ့ရာ ကုသမှုခံယူရသူ ၁၄ ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီးကချည်း ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန၊ ပြည်သူ့ကျန်းမာရေး  ဦးစီးဌာနက ဇန်နဝါရီ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
  • ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက ရုံးအမှတ်(၄၇) ကနေ ရုံးအမှတ်(၄-စီ)၊ နေပြည်တော် ကို ပြောင်းရွှေ့လိုက်ပြီဖြစ်လို့ တိုင်းရင်းဆေးဝါး မှတ်ပုံတင် (အသစ်)၊ တိုင်းရင်း ဆေးဝါးမှတ်ပုံတင် (သက်တမ်းတိုး)၊ တိုင်းရင်းဆေးဝါးလိုင်စင်လျှောက်ထားခြင်း လျှောက်လွှာပုံစံတွေမှာ ဖော်ပြထားတဲ့ အရင်လိပ်စာ အစား အခု လိပ်စာပြောင်းလဲ ဖော်ပြထားတဲ့ လျှောက်လွှာပုံစံများဖြင့်သာ လျှောက်ထားကြပါလို့ အသိပေးထားပါတယ်။ 
  • ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက် ကျေးရွာတွေမှာ ရေရှားပါးမှု နောက်ဆက်တွဲဖြစ်တဲ့ အိမ်သာ မသန့်ရှင်းတာ၊၊ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းတာတွေ ဖြစ်ပြီး ဝမ်းလျှောဝမ်းပျက်နဲ့ အရေပြား ယားယံတာလိုမျိုးတွေ ဖြစ်ပွားသူရှိနေတယ်လို့ သိရပါတယ်။ 
  • ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာဒေသတွေမှာ ပြီးခဲ့သည့် သုံးနှစ်အတွင်း ဆေးရုံ၊ ဆေးခန်းအရေအတွက် ၅၀ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ ကရင်ကျန်းမာရေးနှင့် လူမှုဖူလုံရေးဌာန (KDHW) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ 
  • ကမ္ဘာ့ ဒုတိယလူဦးရေ အများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံမှာ အိမ်ထောင်ပြုနှုန်းနှင့် ကလေးယူနှုန်း အလွန်အမင်းကျဆင်းလာတာကြောင့် အစိုးရက ကွန်ဒုံးနှင့် သန္ဓေတားဆေးတွေအတွက် ထပ်တိုးတန်ဖိုးမြှင့်အခွန်ကို ဇန်နဝါရီ ၁ ရက်ကစပြီး ၁၃ ရာခိုင်နှုန်အထိ တိုးမြှင့်ကောက်ခံပြီလို့ The Sun သတင်းဌာနက ဖော်ပြထားပါတယ်။ 
  • Google AI က ဖြေဆိုပေးနေသည့် ကျန်းမာရေးဆိုင်ရာ အနှစ်ချုပ်ဖြေဆိုမှု အချက်အလက်တွေဟာ မှားယွင်းနေပြီး ရောဂါနှင့် လွဲမှားစွာ အကြံပေးဖြေဆိုမှုတွေကြောင့် လူတွေအတွက် အလွန်အန္တရာယ်ရှိတယ်လို့ UK အခြေစိုက် The  Guardian သတင်းက စုံစမ်းဖော်ထုတ် ရေးသားထားပါတယ်။
  • ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ဆီးချိုရောဂါနှင့် အဝလွန်သူတွေ အသုံးပြုတဲ့ GlP 1 ထိုးဆေးကို ပိန်ဆေးအဖြစ် အသုံးပြုနိုင်ကြောင်း လူမှုကွန်ရက်မှာ ပြောဆို၊ ရောင်းဝယ်ဖောက်ကားမှုတွေကို တားမြစ်ထိန်းချုပ်တော့မယ်လို့ The Nation သတင်းက ဖော်ပြပါတယ်။ 
  • လာမည့်ရက်ပိုင်းအတွင်း ဗီယက်နမ်နိုင်ငံမှာ ၉ ဒီဂရီ ဆဲလ်စီးယပ်စ်ကနေ ၁၂ ဒီဂရီ ဆဲလ်စီးယပ်စ် ကြားအတွင်း အပူချိန် လျော့ကျလာနိုင်တဲ့အတွက် ပြည်သူတွေအကြား စိုးရိပူပန်မှုတွေ ရှိနေပြီး ဟနွိုင်းမြို့  အာဏာပိုင်အဖွဲ့အစည်းတွေကလည်း ပြည်သူ့ကျန်းမာရေး ကာကွယ်မှုအဖြစ် ကြိုတင်တုံ့ပြန် ဆောင်ရွက်ရေးအစီအမံတွေကို စတင်အကောင်အထည်ဖော်ထားပြီဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ 
  • အမေရိကန်နိုင်ငံက အစားအသောက်ဆိုင်ရာ လမ်းညွှန်ချက်အသစ်ကို ပိရမစ်ဇောက်ထိုးပုံစံဖြင့် ထုတ်ပြန်လိုက်ပြီး အပေါ်ဆုံးအပိုင်းမှာ ပရိုတိန်း၊ နို့ထွက်အစားအသောက်၊ ကျန်းမာရေးအတွက် အကျိုးရှိတဲ့ အဆီတွေကို ဟင်းသီးဟင်ရွက်နှင့် အသီးတွေနဲ့ မျှတအောင် စားသုံးဖို့ လမ်းညွှန်ထားပြီး ပိရမစ်ဇောက်ထိုး အောက်ပိုင်းမှာတော့ စပါးလိုမျိုး အစေ့အဆန်တွေကို ဖော်ပြထားပါတယ်။ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း လွန်ကဲစွာ ပြုပြင်ထားတဲ့ အစားအစာတွေကို အစားအသောက်ပုံစံထဲမှာ ဦးစားပေး လမ်းညွှန်ထားလို့ အခုအခါ မကြုံစဖူး နာတာရှည်ရောဂါ ဖြစ်ပွားမှုနှုန်းတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် အစားအသောက်ဆိုင်ရာ လမ်းညွှန်ချက်အသစ်ကို ထုတ်ပြန်ရတာဖြစ်တယ်လို့ အမေရိကန် ကျန်းမာရေးနှင့် လူမှုဝန်ဆောင်မှုဌာန (HHS) နဲ့ အမေရိကန် စိုက်ပျိုးရေးဌာန (USDA) က ထုတ်ပြန်ထားပါတယ်။

 

#ဝမ်းပျက်ဝမ်းလျှော

#ကိုဗစ်ကာကွယ်ဆေး

#GIP1

#ပြည်သူ့ကျန်းမာရေး

#GoogleAI

#USDA

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ