Weekly Health Round-Up (January Second Week)

Published On: January 17th, 2026|Views: 281|

ကိုတင်

  • “ဝ” အထူးဒေသ၊ ပန်ဆန်းမြို့ (ပန်ခမ်းမြို့) မှာ ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးဌာနခွဲ ညွှန်ကြားရေးမှူး/ ပါမောက္ခဒေါက်တာခင်မောင် ဦးဆောင်တဲ့ နယ်လှည့်အထူးကုဆရာဝန်အဖွဲ့နဲ့ ရှမ်းပြည် နယ် (မြောက်ပိုင်း) ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဇန်နဝါရီ ၁၀ ရက်က နှုတ်ခမ်းကွဲ/အာခေါင်ကွဲ လူနာတွေကို ခွဲစိတ်ကုသပေးတာ၊ သက်ကြီးဘိုးဘွားတွေအတွက် သွားတု (အံကပ်) တပ်ဆင်ပေးတာ၊ သွားနဲ့ ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ ကျန်းမာရေးဝန် ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

  • ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ထဲက အင်းလျက်ကျေးရွာနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ သံဃာတော်တွေနဲ့ ဒေသခံတွေအတွက်ဆိုပြီး ကျေးရွာ ဖန်ခါးကုန်းကျောင်းတိုက်မှာ ဇန်နဝါရီလ ၁၀ ရက်က  ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးနေတယ်လို့ ပြန်ကြားရေးဝန်ကြီးက ထုတ်ပြန်ထားပါတယ်။ 
  • သူနာပြုတွေကို ထမ်းဆောင်ရတဲ့ တာဝန်အလိုက် Grade ခွဲဖို့နဲ့ Grade အလိုက် ခံစားခွင့်တွေ တိုးမြှင့်ပေးဖို့ လိုတယ်လို့ ဇန်နဝါရီ ၁၄ ရက်က လုပ်တဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍ မြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ 
  • မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့က ဇန်နဝါရီ ၁၂ ရက်တုန်းက လူနာသစ် လေးဦးအပါအဝင် အထွေ ထွေရောဂါလာပြတဲ့ ပြင်ပလူနာ ၁၁၀ ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင် တစ်ဦးတို့ကို အခမဲ့ စမ်းသပ် / ကုသ ပေးပြီး လိုအပ်တဲ့ဆေးဝါးတွေကိုပါ လှူဒါန်းပေးခဲ့တယ်လို့ ဇီဝိတဒါနဆေးအလှူတော်ရုံက ထုတ်ပြန်ထားပါတယ်။ 
  • ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းမှာ ဖွင့်ထားတဲ့ ကရင်နီဆေးကောလိပ် (KMC) အပတ် စဉ် (၂) ကျောင်းသား/သူ ၂၆ ဦးကို ဂျူတီကုတ်နဲ့ နားကြပ် အပ်နှင်းတဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဇန်န ဝါရီ ၁၁ ရက်က ပြုလုပ်ခဲ့ပါတယ်။ 
  • ရာသီဥတု ပြင်းထန်လာနေတဲ့အတွက် စစ်ကိုင်းတိုင်းထဲက စစ်ရှောင်တွေဟာ အနွေးထည်၊ အမိုး အကာနဲ့ စောင်လိုအပ်ချက်တွေ ရှိနေတယ်လို့ အရပ်ဘက် အကူအညီပေးရေးအဖွဲ့တွေက ဆိုနေကြပါတယ်။ 
  • စင်ကာပူနိုင်ငံ ကျောက်ကပ်ဖောင်ဒေးရှင်းဖြစ်တဲ့ National Kidney Foundation (NKF) အစီရင်ခံစာအရ စင်ကာပူမှာ နေ့စဉ် လူပေါင်းခြောက်ယောက်လောက် ကျောက်ကပ်ပျက်စီးနေပြီး အဲဒီရဲ့ ၆၇ ရာခိုင်နှုန်းဟာ ဆီးချိုရောဂါကြောင့် ဖြစ်ပါတယ်။ 
  • မြန်မာနိုင်ငံသားတွေ အများအပြားရှိတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အခုရက်ပိုင်း တိုင်းထွားမှုတွေအရ လေထုညစ်ညမ်းမှု PM 2.5 ဟာ စံသတ်မှတ်ချက်တွေထက် ကျော်ပြီး ၅၈ ဒသမ ၁ မိုက်ခရိုဂရမ်အထိ ရှိနေတာမို့ ပြည်သူ့ကျန်းမာရေးကဏ္ဍကို စတင်ထိခိုက်နိုင်တဲ့အဆင့် ရောက်နေပြီလို့ ထိုင်းအာဏာပိုင်တွေက သတိပေးထားပါတယ်။ 
  • ·ကုသလို့ မရနိုင်ဘူးလို့ သတ်မှတ်ထားတဲ့ Hypotony ရှားပါးမျက်စိရောဂါအတွက် ကမ္ဘာ့ပထမဆုံး အထူးသီးသန့်ကုရေးဆေးခန်းရှိတဲ့ လန်ဒန်မြို့ Moorfield ဆေးရုံက ကုထုံးသစ်သုံးပြီး လူနာရှစ်ယောက်ကို ကုခဲ့ရာမှာ ခုနစ်ယောက်အထိ ကုသမှုဟာ ထိရောက်အောင်မြင်ခဲ့တယ်လို့ လူနာတွေကို ကိုးကားပြီး ဘီဘီစီ သတင်းက ဖော်ပြထားပါတယ်။ 
  • စျေးပေါပြီး သကြားပါတဲ့ အချိုရည်နဲ့ အရက်ယမကာ သောက်သုံးတာဟာ အဝလွန်တာ၊ ဆီးချို၊ နှလုံးနဲ့ ကင်ဆာရောဂါတွေ ပိုဖြစ်စေပြီး ဒီအကျိုးဆက်ဟာ ကလေးငယ်တွေနဲ့ လူငယ်လူရွယ်တွေမှာ ပိုပြီးသက်ရောက်မှု ရှိနေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားပါတယ်။ 
  • ဗီယက်နမ်နိုင်ငံဟာ ၂၀၂၅ ခုနှစ်အတွင်းက အမျုိးသားအဆင့် ပြုပြင်ပြောင်းလဲရေး အစီအစဉ် အောက်ကနေ ကျန်းမာရေးကဏ္ဍကို မျိုးဆက်တစ်ဆက်အတွင်း အကြီးမားဆုံး ပြုပြင်ပြောင်းလဲမှု ပြုလုပ်မယ်လို့ ကတိပြုထားခဲ့သလို ရည်မှန်းချက်မြင့်မားတဲ့ ကျန်းမာရေးမူဝါဒ ပန်းတိုင်တွေကိုလည်း ချမှတ်ထားတယ်လို့ WHO ရဲ့ ထုတ်ပြန်ချက် အစီအရင်ခံစာမှာ ပါရှိပါတယ်။ 

#နယ်လှည့်ဆေးကုသရေးအဖွဲ့

#ကျောက်ကပ်

#Hypotony

#အချိုရည်

 

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ