Weekly Health Round-Up (January Third Week )

ကိုတင်
- သားသမီးမရတဲ့ ဇနီးမောင်နှံတွေအတွက် ခေတ်မီနည်းပညာတွေကို အသုံးပြုပြီး သားသမီးရရှိစေရေး စစ်ဆေးဆောင်ရွက်ပေးနေတဲ့ Fertility Centre ပိုမိုတိုးတက်စေရေး ဆောင်ရွက်ကြဖို့ ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောပါတယ်။
- ရန်ကုန်မြို့လေထုဟာ ဇန်နဝါရီ ၁၇ ရက်ကနေ ဇန်နဝါရီ ၁၉ ရက်အထိ လေးရက်ဆက်တိုက် အနီရောင်အဆင့် ရှိနေပြီး လေထုညစ်ညမ်းမှု ကမ္ဘာ့အဆင့် (၁၀) ကို ရောက်ရှိလာနေတယ်လို့ EHS Myanmar က သတိပေးထားပါတယ်။
- ဧရာဝတီတိုင်းဒေသကြီးအတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနဲ့ ကာကွယ်ဆေးလွှမ်း ခြုံမှုအားနည်းတဲ့ဒေသတွေမှာ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးတဲ့လုပ်ငန်းတွေ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲလုပ်ခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
- (၂၀၂၅-၂၀၂၆) ပညာသင်နှစ်မှာ မြို့နယ်တွေမှာရှိတဲ့ KGအဆင့် ကျောင်းသား၊ ကျောင်းသူ ငါးသိန်းခန့်အတွက် ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း (၈) ကြိမ် ဆောင်ရွက်ဖို့ ရန်ပုံငွေ ကျပ် (၅ ဒသမ ၇၈) ဘီလီယံ ခွဲဝေချထားပေးတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
- ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်တွေကို စဉ်ဆက် မပြတ် ဆောင်ရွက်နေပြီး ဇန်နဝါရီ ၁၁ ရက် ည ၈ နာရီကနေ ဇန်နဝါရီ ၁၈ ရက် ည ၈ နာရီအထိ တစ်ပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂၃ ခုကို စစ်ဆေးခဲ့ရာမှာ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိရဘူးလို့ မြန်မာ နိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန (Myanmar CDC) က ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ရောဂါဖြစ် ပွားမှုကနေ ကြိုတင်ကာကွယ်နိုင်ဖို့ တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ လိုပြီး ရောဂါကူးစက်ခံရရင် ရောဂါပြင်းထန်နိုင်ခြေနဲ့ အသက်ဆုံးရှုံးနိုင်ခြေမြင့်တဲ့ အသက် ၆၀ နှစ်နဲ့ အသက် အရွယ်ကြီးသူတွေ၊ ဆီးချိုရောဂါ၊ နာတာရှည် အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေကို ဦးစားပေးအစီအစဉ်နဲ့ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးတာတွေ လုပ်နေတယ်လို့ ကျန်းမာရေးဝန် ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
- အမျိုးအစား – ၂ ဆီးချိုဝေဒနာရှင် သက်ကြီးပိုင်းတွေအတွက် ကာလရှည်လေ့လာမှုတစ်ရပ်ပြုလုပ်ပြီးနောက် သွေးတွင်းအဆီချဆေးတစ်မျိုးဖြစ်တဲ့ စတက်တင် (Statins) ကို အသုံးပြုတာဟာ သေဆုံးနိုင်ခြေနဲ့ ပြင်းထန်နှလုံးရောဂါပြဿနာတွေကို သိသာထင်ရှားစွာ လျော့ကျစေတာကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း Annals of Internal Medicine ဆေးပညာဂျာနယ်က ဖော်ပြပါတယ်။
- ၂၀၂၂ ခုနှစ် ဗိုင်းရပ်စ်ရောဂါ စတင်ပေါ်ပေါက်ချိန်ကစပြီး ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားသူ ဦးရေ ၁,၀၀၀ လောက်အထိ ရှိတာကို မှတ်တမ်းတင်ထားနိုင်ပြီး မြို့တော် ဘန်ကောက်က အများဆုံးဖြစ်တယ်လို့ Bangkok Post သတင်းက ဖော်ပြပါတယ်။
- အနာကြီးရောဂါ ပပျောက်ရေး ကြိုးပမ်းမှုတွေကြောင့် ဒေသများစွာမှာ ရောဂါအသစ်ဖြစ်ပွားမှုတွေ လျော့ကျလာခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ရောဂါဖြစ်ပွားမှု အချက်အလက်တွေ ပေးပို့ခဲ့တဲ့ နိုင်ငံ၊ ဒေသ သို့မဟုတ် နယ်မြေ ၁၈၈ ခုထဲက ၅၅ ခုမှာဆိုရင် ရောဂါဖြစ်ပွားမှု လုံးဝမရှိတော့တာကို တွေ့ရပေမယ့် ကမ္ဘာတစ်ဝှမ်းမှာတော့ ရောဂါအသစ်ဖြစ်မှု ၁၇၂,၇၁၇ ခု တွေ့ရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ပါတယ်။
- အမေရိကန်နိုင်ငံက အမျိုးသား၊ အမျိုးသမီး ၁၁၀,၀၀၀ ရဲ့ အပတ်စဉ် လေ့ကျင့်ခန်း လုပ်တတ်တဲ့ အလေ့အထတွေကို သုတေသီတွေက နှစ်ပေါင်း ၃၀ ကြာ ဆန်းစစ်ပြီးနောက် လေ့ကျင့်ခန်းပုံစံတစ်ခုတည်းကို လုပ်မယ့်အစား အပတ်တိုင်း မတူညီတဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုပုံစံအမျိုးမျိုးကို လုပ်တာဟာ ကျန်းမာရေးကို မြှင့်တင်ပေးသလို အသက်လည်း ပိုရှည်စေတဲ့ သော့ချက်ဖြစ်တာကို တွေ့ရှိခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြထား ပါတယ်။
- နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေထဲ ပါဝင်နေတဲ့ ဗီတာမင် (B1) ဟာ အစာချေဖျက်မှု အမြန်နှုန်းကို ထိန်းချုပ်နိုင်တယ်လို့ LUMတက္ကသိုလ် ဆေးပညာမျိုးရိုးဗီဇ ပါမောက္ခနဲ့ CIC bioGUNE က သုတေသနပါမောက္ခ Mauro D’Amato ဦးဆောင်တဲ့ နိုင်ငံတကာအဖွဲ့ရဲ့ တွေရှိချက်ကို ကိုးကားပြီး Fox News သတင်းက ဖော်ပြပါတယ်။ သိုင်ယာမင်းလို့ လူသိများတဲ့ ဗီတာမင် (B1) ဟာ အစာချေစနစ်ကတဆင့် အစားအစာတွေကို ရွေ့လျားစေမှု လုပ်ငန်းစဉ်ဖြစ်တဲ့ အူလမ်းကြောင်းလှုပ်ရှားမှုနဲ့ ဆက်စပ်တယ်ဆိုတဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့တယ်လို့ သုတေသီတွေကို ကိုးကားပြီး ဖော်ပြထားတာပါ။
#Statin
#အနာကြီးရောဂါ
#အာဟာရတိုက်ကျွေး
#မျောက်ကျောက်
#လေထု
