Weekly Health Round-Up (January Fourth Week )

Published On: January 31st, 2026|Views: 218|
  • မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၁၈ ရွာက ဒေသခံ ၈,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိမှာတော့ ရေရှားပါးမှုနဲ့အတူ အရေပြားရောဂါတွေဖြစ်ပွားကာ စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။
  • ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်မှာ ကလေးငယ်တွေနဲ့ လူငယ်တွေ ပြင်းထန်ပြီး ကူးစက် မြန်တဲ့ အရေပြားရောဂါ ခံစားနေရတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ CTER-Karenni က ဇန်နဝါရီ ၂၇ရက်မှာ ထုတ်ပြန်ပါတယ်။
  • မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကာလရှည် စစ်ဘေးရှောင်ပြည်သူ ထောင်နဲ့ချီပြီး အရေပြား ရောဂါ ခံစားနေကြရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ကူညီဆောင်ရွက်ပေး နေသူတွေ ဆီကနေ သိရပါတယ်။
  • မကူးစက်တတ်တဲ့ ရောဂါတွေဖြစ်တဲ့ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါတွေကို ထိန်းချုပ်နိုင်ဖို့လို တယ်လို့ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
  • ပြီးခဲ့တဲ့၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံမှာ တီဘီလူနာရှာဖွေ တွေ့ရှိမှုနှုန်း အနေနဲ့ လူဦးရေတစ်သိန်းမှာ ၁၆၂ ယောက်ရှိနေတာကြောင့် ပြည်သူလူထုအတွင်းရှိ တီဘီလူနာတွေကို အရှိန်အဟုန်မြှင့်ရှာဖွေကုသပေးဖို့လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောပါတယ်။
  • နီးပါးဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားနေတဲ့ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကို ခရီးမသွားဖို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်တစ်ရပ်ထုတ်ပြန်လိုက်ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ အနောက်ဘင်္ဂလားပြည်နယ်ကို အရေးမကြီးတဲ့ ခရီးသွားလာမှုတွေကို ရှောင်ကြဉ်ဖို့ အကြံပြု ထားပြီး ခရီးသွားပြီး ၁၄ ရက်အတွင်း ရောဂါလက္ခဏာတွေ ပြလာပါက ဆေးကုသမှု ချက်ချင်းခံ ယူရန် တိုက်တွန်းထားပါတယ်။ဒါအပြင်ကိုဗစ်-၁၉ ကပ်ရောဂါကာလက လေဆိပ်တွေမှာ ကျင့်သုံး ခဲ့တဲ့ အဖျားစောင့်ကြည့်စစ်ဆေးမှုတွေကို အိန္ဒိယမှလာတဲ့ ခရီးသည်တွေအတွက် အရှိန်မြှင့်ဆောင် ရွက် နေပြီး ဓာတ်ခွဲစစ်ဆေးနိုင်စွမ်းနဲ့ဆေးဝါးပစ္စည်းတွေကိုလည်း အသင့်ပြင်ဆင်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
  • အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားမြို့အနီးမှာ သေဆုံးနိုင်ခြေ အလွန်မြင့်မား တဲ့ Nipah (နီပါး) ဗိုင်းရပ်စ် ကူးစက်မှုတွေ ပေါ်ပေါက်လာတာကြောင့် အာဏာပိုင်တွေက အရေးပေါ် ထိန်းချုပ်မှုတွေ လုပ်ဆောင်နေပါတယ်။ အခုနောက်ဆုံး သိရသလောက်ကတော့ ဆရာဝန် ၁ ဦး အပါအဝင် ကျန်းမာရေးဝန်ထမ်း ၅ ဦးမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အတည်ပြုထားပါတယ်။
  • အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်မှာ အသက်အန္တရာယ်ရှိနိုင်တဲ့ Nipah ဗိုင်းရပ်စ်ရောဂါ ကူးစက်မှု အတည်ပြုတွေ့ရှိလာပြီးနောက် ထိုင်းနိုင်ငံက လေဆိပ်တွေမှာ ရောဂါကာကွယ်ရေး စစ်ဆေးမှုတွေကို တင်းကျပ်စွာ ဆောင်ရွက်နေပြီလို့ တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
  • နီပါးဗိုင်းရပ်စ်သည် လင်းဆွဲများမှတဆင့် လူသို့ ကူးစက်နိုင်ပြီး သေဆုံးမှုနှုန်း မြင့်မားသည့် ပြင်းထန်ဖျားနာမှုကို ဖြစ်စေနိုင်သည့်အတွက် ရောဂါကူးစက်ပျံ့နှံမှုကို တားဆီးရေးအတွက် ဆောလျင်စွာ စမ်းသပ်စစ်ဆေးရန် အရေးကြီးကြောင်း အိန္ဒိယဆေးဘက်ဆိုင်ရာအစည်းအရုံး (IMA) Cochin ဌာနခွဲ ဥက္ကဋ္ဌဟောင်း ဒေါက်တာ ရာဂျီးဗ် ဂျေယာဒီဗန်က ဇန်နဝါရီ ၂၆ ရက်တွင် သတိပေးသည်။
  • စင်ကာပူနိုင်ငံရဲ့ နောက်ဆုံးထုတ် ကင်ဆာမှတ်ပုံတင်ခြင်းဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာအရ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အသက် ၄၀ အောက် ကင်ဆာဝေဒနာရှင် ,၉၉၅ ဦး ရှိခဲ့ရာ အဲဒီပမာဏဟာ ,၇၂၉ ဦးရှိခဲ့တဲ့ ၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်ကာလနှင့် နှိုင်းယှဉ်ပါက ၃၄ ရာခိုင်နှုန်း မြင့်တက်လာတာကို တွေ့ရပါတယ်။
  • ဘန်ကောက်မြို့ရဲ့ မြို့နယ် ၃၅ ခုမှာ PM2.5 လေထုညစ်ညမ်းမှုဟာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့လိမ္မော်ရောင်အဆင့်အထိ ရောက်ရှိလာနိုင်တာကြောင့် အစိုးရဌာနတွေနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ အနေနဲ့ ဝန်ထမ်းတွေကို ဇန်နဝါရီ ၂၉ – ၃၀ အိမ်ကနေပဲ အလုပ်လုပ်ခွင့်ပြုဖို့ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ BMA က မေတ္တာရပ်ခံလိုက်တယ်လို့ သိရပါတယ်။
  • ကမ္ဘာကျော် Nestle ထုတ် BEBA အမှတ်တံဆိပ် မိခင်နို့အစားထိုး ကလေးဖော်မြူလာကို သောက်သုံးခဲ့တဲ့ နို့စို့အရွယ်ကလေးနှစ်ဦး ပြင်သစ်မှာ အခုလအတွင်းမှာသေဆုံးပြီးတဲ့နောက် ပြင်သစ်အစိုးရက အထူးစုံစမ်းစစ်ဆေးမှုတွေ ဆက်တိုက်လုပ်နေပါတယ်။လက်ရှိတွေ့ရှိချက်အရ အထူးသဖြင့် Cereulide ကြောင့်အဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားကြတယ်။

နောက်ဆက်တွဲအနေနဲ့ အခု အမှတ်တံဆိပ်နဲ့ ဆက်စပ်နေတဲ့ Milk and Dairy ထုတ်တဲ့ အုပ်စု တွေအကုန်လုံး နဲ့ ဥရောပ တခုလုံးဖြန့်ချိရောင်းချနေတဲ့   ကလေးဖော်မြူလာနဲ့ နို့ထွက်ပစ္စည်းတွေ အားလုံးကို သိမ်းခိုင်းပြီးစစ်ဆေးမှုတွေ ပြန်လုပ်နေတယ်လို့ ပြင်သစ် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ဒါအပြင် သံသယရှိတဲ့ အခြား အမှတ်တံဆိပ်များကိုလဲ စျေးကွက်ထဲမှာ ရှာဖွေပြီး ဖယ်ရှားနေပါတယ်။

  • မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးနှံမှုနှုန်း နည်းပါးတာကြောင့် ကလေးငယ် မျိုးဆက် တစ်ဆက် ပျောက်ဆုံးသွားနိုင်ပြီး၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ် အာဏာမသိမ်းခင်က ကာကွယ်ဆေး ထိုးနှံမှုနှုန်း ၉၄ ရာခိုင်နှုန်း အထိ ရှိခဲ့ပေမယ့် အခုအခါ ၃၇ ရာခိုင်နှုန်းဆီ လျော့ကျသွားကြောင်း ကုလသမဂ္ဂက ပြောဆိုချက်ကို ကိုးကား၍ Nikkei Asia သတင်းတွင် ဖော်ပြထားသည်။
  • တိရစ္ဆာန်မှဆင်းသက်လာတဲ့ ရောဂါပိုးနှစ်မျိုးဖြစ်တဲ့ influenza D virus and canine coronavirus တို့ဟာလူတွေကြားမှာ တိတ်တဆိတ် ပျောက်ကွယ်သွားပေမယ့် အဲဒီဗိုင်းရပ်စ်တွေ ဟာ လူတွေအကြား  ပိုမိုပျံ့နှံ့ဖို့အလားလာရှိနေတယ်လို့ သုတေသီတွေက သတိပေးထားကြောင်း UK အခြေစိုက် News Medical သတင်းမှာ‌‌ ဖော်ပြထားပါတယ်။
  • အိန္ဒိယအာဏာပိုင်တွေက Nipah (နီပါး) ဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပြီလို့ ပြောပေမယ့် အလွန်ပြင်းထန်တဲ့ ဗိုင်းရပ်စ်ဖြစ်တာကြောင့် အနီးကပ် စောင့်ကြည့်နေတယ်လို့ ဩစတြေးလျ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ