မြန်မာ့အိမ်နီးချင်း ထိုင်းမှာ ပထမဆုံးကူးစက်ခံရသူ ရှိလာတဲ့ ကြက်တူရွေးအဖျားရောဂါ (Parrot Fever)

Published On: February 6th, 2026|Views: 265|

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကြက်တူရွေးအဖျားရောဂါ (Parrot Fever) ဖြစ်ပွားမှုဟာ သတင်းတု၊ သတင်းမှား (Fake News) ပုံစံနဲ့ ပျံနှံ့နေရာကနေ ဒါဟာ သတင်းတု၊ သတင်းမှား မဟုတ်ဘူးလို့ ထိုင်းအစိုးရ ဒီဂျစ်တယ် စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းဝန်ကြီးဌာန (DES) က အတည်ပြုလိုက်ပါပြီ။ ဒီလို အတည်ပြုဖို့အတွက် ထိုင်းအစိုးရ မူဝါဒနဲ့အညီ ထိုင်းနိုင်ငံ သတင်းတုတိုက်ဖျက်ရေးစင်တာ (AFNC) က တင်းကျပ်တဲ့ စိစစ်မှုတွေ ပြုလုပ်ပြီးနောက်မှာ အတည်ပြုလိုက်တာပါ။ ကြက်တူရွေးအဖျားရောဂါပိုး ကူးစက်ခံရတဲ့ ပထမဦးဆုံးလူနာဟာ လေဝင်လေထွက် မကောင်းတဲ့နေရာမှာ ငှက်တွေကို မွေးမြူထားရာကနေ ကူးစက်ခံရတာ ဖြစ်ပါတယ်။

ငှက်တွေဆီက လာတဲ့ အဖျားရောဂါပိုး (Psittacosis) ကူးစက်ခံထားရသူကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ထိုင်းမှာ ရောဂါပိုးကူးစက်မှု စရှိနေပြီဆိုတာကို DES နဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီး ဌာန၊ ရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) တို့ ပူးပေါင်းဆန်းစစ်ပြီးမှ သတင်းမှန်ကန်ကြောင်းကို အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။ ကူးစက်ခံရတဲ့ လူနာဟာ ရောဂါအခံတစ်ခု ရှိနေသူဖြစ်ပြီး လေဝင်လေထွက်မကောင်း တဲ့နေရာမှာ ငှက်မွေးမြူသူဖြစ်ပြီး ငှက်လှောင်အိမ်ကို အကာအကွယ်ပစ္စည်းမသုံးဘဲ သန့်ရှင်းရေး လုပ်တာက နေ ကူးစက်ခံရတာ ဖြစ်တယ်လို့ The Nation Thailand သတင်းဌာနက ထုတ်ဖော်ရေးသားထားပါတယ်။ သတင်းဌာန ရေးသားချက်အရ ကူးစက်ခံရတဲ့ ပထမဦးဆုံး လူနာဟာ ကုသမှုတွေ ခံယူပြီးနောက်မှာတော့ ပြန်လည်ကျန်းမာလာပြီလို့လည်း သိရပါတယ်။

 

Psittacosis ရောဂါ

Psittacosis ရောဂါဟာ လေထဲ ပျံနှံ့နေတဲ့ ပိုးကို ရှူရှိုက်မိရုံနဲ့ ပြင်းထန်တဲ့ ဖျားနာမှုကို ဖြစ်စေပြီး ငှက်တွေဆီကနေ ဒီရောဂါပိုးက ပျံ့နှံ့လာတာပါ။ Chlamydophila psittaci လို့ ခေါ်တဲ့ ဘတ်တီးရီးယားပိုးကြောင့် ဖြစ်ပြီး ကြက်တူရွေး၊ ခို၊ ဘဲနဲ့ ကြက်ဆင်တို့မှာ ဒီပိုးကို တွေ့ရနိုင်ပါတယ်။ ရောဂါပိုးရှိတဲ့ ငှက်တွေရဲ့ ခြောက် သွေ့နေတဲ့ အညစ်အကြေးတွေ၊ ငှက်မွှေးတွေ၊ ငှက်က ထွက်တဲ့ အရည်တွေကတဆင့် ဘတ်တီးရီးယားပိုးဟာ လေထဲကို အမှုန်အမွှားအဖြစ် ပျံ့လွင့်လာပြီး လူတွေက ရှူရှိုက်မိတာကတဆင့် ကူးစက်တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် အလှမွေးအဖြစ် အိမ်မှာ ငှက်မွေးသူတွေနဲ့ စီးပွားဖြစ် မွေးသူတွေ၊ တိရစ္ဆန် ဆရာဝန်တွေ၊ ငှက်နဲ့ ကြက်တွေကို ချစ်လို့ ဆိုပြီး အစာကြွေးတာမျိုး လုပ်တတ်တဲ့ အနီးကပ်ထိတွေ့တတ်သူတွေဟာ သတိထားရမှာ ဖြစ်ပါတယ်။

Psittacosis ကူးစက်ခံရပြီဆိုရင် လူတွေဟာ သာမန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖျားနာမှုတွေမှာ ဖြစ်တဲ့ လက္ခဏာတွေနဲ့ ဆင်တူနေတတ်တာကြောင့် ပေါ့ပေါ့ဆဆပဲ ထားလေ့ ရှိပါတယ်။ ဒီပိုးကူးစက်ခံရပြီဆိုရင် ကူးစက်ခံရသူဟာ ချမ်းတုန်တာ၊ အဖျားကြီးတာ၊ ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာ၊ ချောင်းခြောက်ဆိုးတာတွေ ဖြစ်တတ်ပါတယ်။

ထိုင်း DDC ကတော့ မလိုအပ်ဘဲနဲ့ ငှက်တွေ၊ ငှက်ချေးတွေကို တိုက်ရိုက် ထိတွေ့ကိုင်တွယ်တာမျိုး မလုပ်ဖို့ တားမြစ်ထာပါတယ်။ နောက်ပြီး ကိုယ့်အိမ်မှာ ချစ်လို့ မွေးထားတာ၊ ဒါမှမဟုတ် ကိုယ်က ငှက်မွေးမြူရေးလုပ်ငန်း လုပ်နေသူဆိုရင် ငှက်လှောင်အိမ် သန့်ရှင်ရေးလုပ်တဲ့အခါ၊ ဒါမှမဟုတ် ငှက်တွေကို ပြုစုစောင့် ရှောက်တဲ့အခါ နှာခေါင်းစည်းနဲ့ လက်အိတ်ကို အမြဲဝတ်ဆင်ဖို့၊ တိရစ္ဆာန်ကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာ၊ လက်သန့်ဆေး စတာတွေနဲ့ စင်ကြယ်အောင် ဆေးကြဖို့ တိုက်တွန်းထားပါတယ်။ တကယ်လို့များ ကိုယ်က ငှက်တွေနဲ့ ထိတွေ့ဖူးတဲ့ ရာဇဝင်ရှိပြီး ဖျားနာနေမယ်၊ ချောင်းဆိုးနေမယ်ဆိုရင် တိကျမှန်ကန်တဲ့ ရောဂါရှာဖွေစမ်းသပ်မှု လုပ်နိုင်ဖို့အတွက် ဆရာဝန်တွေကို ချက်ချင်းအသိပေး အကြောင်းကြားပါလို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။

အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီပြည်နယ်၊ ကျန်းမာရေးဦးစီးဌာနကလည်း ကြက်တူရွေးအဖျားရောဂါ (Psittacosis) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါအထိ ဖြစ်စေနိုင်ပြီး ဇီဝအကြမ်းဖက်လက်နက်အဖြစ်တောင် အသုံးပြုနိုင်ခြေရှိတယ်လို့ ဆိုထားပါတယ်။ ပိုးရှိတဲ့ ငှက်တွေဟာ သီတင်းပတ်ပေါင်းများစွာ ဒါမှမဟုတ် လပေါင်းများစွာကြအောင် ရောဂါပိုးကို ဖြန့်ဖြူးနိုင်ပြီး လူမှာ ရောဂါပိုး ကူးစက်ခံရရင် အရမ်းပြင်းထန်တဲ့အခါ အသက်ဆုံးရှုံး သည်အထိ ဖြစ်နိုင်ပြီး ရောဂါလက္ခဏာဟာ ပိုးရှိတဲ့ ငှက်ရဲ့ သွေး၊ တစ်ရှူး၊ အမွှေး ဒါမှမဟုတ် အညစ်အကြေးတွေနဲ့ ထိတွေ့ပြီး ၄ ရက်ကနေ ၁၄ ရက်အတွင်းမှာ စတင်ပေါ်လာလေ့ ရှိပါတယ်။

ရောဂါကူးစက်မှု ရှိ၊ မရှိ ဆန်းစစ်မှုကို လူနာရဲ့ ရောဂါလက္ခဏာ ပြသမှုနဲ့ သွေးရည်ကြည်စစ်ဆေးမှု (Paired Sera) ထဲ C. Psittaci ကို တိုက်ထုတ်တဲ့ ပဋိဇီဝပစ္စည်း တွေ့ရှိမှုအပေါ် အခြေခံပြီး အတည်ပြုချက် ရယူရလေ့ ရှိပါတယ်။ ဟာဝိုင်အီ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ ကြက်တူရွေးအဖျားရောဂါအတွက် သီးသန့်ကာကွယ်ဆေးဆိုတာ မရှိဘဲ ပဋိဇီဝပိုးသတ်ဆေးအုပ်စုဖြစ်တဲ့ တက်ထရာဆိုက်ကလင်း (Tetracyclines) အမျိုးအစားဆေးဝါးတွေနဲ့ ကုသမှုဟာ အကောင်းဆုံးဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီရောဂါပိုး တစ်ကြိမ် ကူးစက်ခံရဖူးရုံနဲ့တော့ တစ်သက်တာ ကာကွယ်နိုင်စွမ်း (Permanent Immunity) ကို မရနိုင်ပါဘူး။ နောက်ပြီး ဒီရောဂါပိုးဟာ ငှက်တွေကနေသာ ကူးစက်တတ်တဲ့ အမျိုးအစားဖြစ်ပြီး လူအချင်းချင်း ကူးစက်ပြန့်ပွားမှုကတော့ အလွန်ကို ရှားပါတယ်။

ဟာဝိုင်အီမှာဆိုရင် ဒေသမျိုးရင်း မဟုတ်ဘဲ ပြည်ပကနေ တင်သွင်းလာတဲ့ ကြက်တူရွေးမျိုးနွယ်ဝင် ငှက်တွေကို မရောင်းချမီ သီးခြားခွဲ စောင့်ကြည့်ခြင်း (Quarantine) ပြုလုပ်ဖို့ ဥပဒေ ပြဌာန်းထားပြီး စောင့်ကြည့်ခြင်းအထောက်အထား မရှိဘဲ ဝယ်ယူတာ၊ ရောင်းချတာ၊ လဲလှယ်တာ၊ ကိုင်တွယ်တာတွေ မလုပ်ဖို့လည်း ကန့်သတ်ထားပါတယ်။

ငှက်တွေကနေ လူကိုကူးစက်နိုင်တဲ့ရောဂါဟာ ဒီကြက်တူရွေးအဖျား/ Psittacosis တင်သာမက အခြားရောဂါတွေလည်း အများကြီး ထပ်ရှိသေးတဲ့အတွက်  တောရိုင်းငှက်တွေကို အိမ်မှာမွေးမြူတာတွေကို ရှောင်ကြဉ်သင့်ပြီး အိမ်မွေးငှက်တွေ မွေးမြူတဲ့အခါမှာလည်း သန့်ရှင်းရေးနှင့် လိုအပ်တဲ့ ကာကွယ်မှုတွေကို လိုက်နာသင့်ပါတယ်။ 

ကိုးကား – https://health.hawaii.gov/, https://www.nationthailand.com/ 

 

#ကြက်တူရွေး

#အိမ်မွေးတိရစ္ဆာန်

#ပြင်းထန်အဆုတ်ရောင်

#တက်ထရာဆိုက်ကလင်း

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ