Weekly Health Round-Up (February First Week )
Published On: February 6th, 2026|Views: 256|

- ကလေးတွေ အသက်အရွယ်အလိုက် လိုအပ်တဲ့ ကာကွယ်ဆေးတွေရရှိအောင် ကြိုးပမ်း ဆောင် ရွက်နေပြီး နိုင်ငံတစ်ဝန်း ကာကွယ်ဆေးလွှမ်းခြုံမှု ပြန်မြင့်တက်လာပေမယ့် တချို့ ဒေသတွေမှာ ကာကွယ်ဆေး လုံးဝမရရှိသေးတဲ့ zero-dose ကလေးတွေနဲ့ ကာကွယ်ဆေးအပြည့်အဝမရရှိသေးတဲ့ Under-Immunized ကလေးတွေ ကျန်ရှိနေသေးတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီး ဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်း က ပြောပါတယ်။
- မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံမှာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ – ၃ ရက်က အသက် (၂) နှစ်အောက် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကာကွယ် ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
- နီပါးရ်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို မြန်မာနိုင်ငံဟာ လက်ရှိအချိန်အထိ မတွေ့ရှိရသေးပေမယ့် ဗိုင်းရပ်စ်မူလလက်ခံကောင်ဖြစ်တဲ့ လင်းဆွဲ၊ လင်းနို့တွေ စားလေ့ရှိတဲ့ သစ်သီးတွေ ပေါများရာ ဒေသဖြစ်သလို ကူးစက်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့အတွက် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းတွေကို အထူးအလေးပေး ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
- ကရင်နီအခြေစိုက် Clean Yangon ဆေးခန်းမှာ စစ်ရှောင်ပြည်သူတွေအတွက် ရက်အလိုက် အထွေထွေရောဂါကုဆရာဝန်၊ ခွဲစိတ်ဆရာဝန်၊ အရိုးအထူးကုဆရာဝန်၊ သွားကျန်းမာရေးဆရာ ဝန်တွေက ကြည့်ရှုကုသပေးနေပြီး တစ်လကို လူနာ ၅၀၀ နီးပါးအထိ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးထားနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
- ကရင်နီဒေသမှာ ၂၀၂၁ ခုနှစ်တုန်းက စစ်ရှောင်စခန်း ၁၀ ခုလောက်သာရှိပေမယ့် လက်ရှိမှာစခန်းပေါင်းရာကျော်ဖြစ်လာပြီးတဲ့နောက် စစ်ရှောင်ပြည်သူတွေအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့လုပ်ငန်းတွေ မဖြစ်မနေ လိုအပ်လာနေတယ်လို့ သိရပါတယ်။
- တိရစ္ဆာန်တွေမှာ စတင်ဖြစ်ပွားနေတဲ့ Influenza D Virus နဲ့ Canine Coronavirus ရောဂါပိုးအသစ် ၂ မျိုးဟာ လက်ရှိအချိန်အထိ လူတွေကို မကူးစက်သေးပေမယ့် လူသားတွေထဲ ပိုမိုကျယ်ပြန့်စွာ ပျံ့နှံ့နိုင်ဖို့ အခြေအနေတွေက အဆင်သင့်ဖြစ်နေပြီလို့ သုတေသနပြုသူတွေက သူတို့ရဲ့ တွေ့ရှိချက်ကို အခြေခံပြီး သတိပေးထားကြပါတယ်။
- အနောက်အာဖရိကဘက်မှာရှိတဲ့ Cape Verde ကျွန်းစုနိုင်ငံကို ခရီးသွားခဲ့တဲ့ ဗြိတိန်နိုင်ငံသား လေးဦး ဝမ်းပျက်ဝမ်းလျှော၊ အော့အန်ဖျားနာတွေ ဖြစ်ပြီး သေဆုံးပြီးတဲ့နောက် ဗြိတိန် ကျန်း မာရေးဌာနက အဲဒီနေရာတွေဆီ ခရီးသွားလာခွင့်ကို ပိတ်ပင်လိုက်ပါတယ်။ ဒါ့အပြင် အဲဒီကို သွားခဲ့တဲ့သူတွေနဲ့ ဆက်စပ်ပြီး အပြင်းအထန် ဝမ်းပျက်ဝမ်းလျှောရောဂါ (Shigella) တွေ့သူ ၁၁၈ ယောက်နဲ့ Salmonella ရောဂါတွေ့သူ ၄၃ ယောက်ကို တွေ့ရှိထားတယ်လို့ ဗြိတိန် ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
- စကော့တလန်မှာ အသစ်ပေါ်နေတဲ့ Sedative drugs ဆိုတဲ့ မူးယစ်ဆေးဟာ အန္တရာယ် အလွန်ရှိပြီး သုံးစွဲသူတွေအတွက် အန္တရာယ်ပိုများလာနိုင်တယ်လို့ နိုင်ငံရဲ့ ကျန်းမာရေးဌာနက သတိ ပေးထားသလို လက်ရှိ မူးယစ်ဆေးဝါး မတရားရောင်းဝယ်မှုတွေမှာ ပါဝင်နေတဲ့ ဆေးတွေဟာ အရမ်းအန္တရာယ်ကြီးပြီး ခန့်မှန်းရခက်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
- အမေရိကန် FDA က အစားအသောက်ထဲမှာ သုံးတဲ့ ဓာတုဗေဒ အရောင်ဆိုးဆေးတွေကို လျော့ချဖို့အတွက် မုန်လာဥနီက ရတဲ့ အနီရောင် (Beetroot Red) ကို သဘာဝအစားအစာ အရောင်အဖြစ် ခွင့်ပြုပေးလိုက်ပြီး Spirulina ကိုလည်း အစားအစာတွေမှာ ပိုပြီး အသုံးပြုလို့ ရအောင် ခွင့်ပြုလိုက်ပါတယ်။
- အသစ်ထုတ်ပြန်လိုက်တဲ့ Ipsos Health Service Report 2025 အရ ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၃၀ ကျော်က လူတွေဟာ သူတို့ နိုင်ငံရဲ့ ကျန်းမာရေးစနစ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ ဖော်ပြထားပါတယ်။ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံပြည်သူတွေကတော့ တခြားနိုင်ငံက လူတွေလို စိတ်ကျန်းမာရေး၊ အဝလွန်ခြင်းလို ကိစ္စရပ်တွေမှာ စိုးရိမ်မှု ပိုတာထက် ဆေး ကုသမှုကို လွယ်လွယ်ကူကူနဲ့ ရနိုင်ပါ့မလားဆိုတဲ့ ကိစ္စအပေါ် စိတ်ဖိစီးမှု ပိုပြီး မြင့်လာတဲ့အ ခြေအနေကို အဓိက အရေးကြီးဆုံးအဖြစ် စိုးရိမ်နေကြတယ်လို့ အစီရင်ခံစာက ဆိုထားပါတယ်။
- အမေရိကန်နိုင်ငံ၊ နယူးမက္ကစီကိုပြည်နယ်မှာ မွေးကင်းစကလေးတစ်ဦးဟာ Listeria ပိုးကူးစက်ခံရတာကြောင့် သေဆုံးခဲ့ပြီး ဒီကူးစက်မှုဟာ မိခင်ဖြစ်သူက ကိုယ်ဝန်ဆောင်ချိန်မှာ မသန့်စင်ထားတဲ့ နို့စိမ်း (Raw Mikl) ကို သောက်ခဲ့တာနဲ့ ဆက်စပ်နိုင်တယ်လို့ ပြည်နယ်ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ ဒီဖြစ်စဉ်နောက်ပိုင်း မသန့်စင်ထားတဲ့ နို့စိမ်းနဲ့ နို့ထွက်ပစ္စည်းတွေကို မစားသုံးဖို့ကိုလည်း ကျန်းမာရေးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
- နှလုံးကျန်းမာရေးနဲ့ အသက်ရှည်စွာ နေနိုင်ရေးဟာ နေ့စဉ်စားသုံးတဲ့ အစားအစားတွေဟာ လူတွေ ထင်ထားတာထက် ပိုကြီးအရေးကြီးတယ်လို့ ဆေးကုသမှုသက်တမ်း ၂၅ နှစ်ကျော်ရှိတဲ့ နှလုံးခွဲစိတ်ဆရာဝန် ဒေါက်တာ ဂျယ်ရမီ လန်ဒန်က ပြောပါတယ်။ နေ့စဉ် စားတဲ့ အစားအစာတွေဟာ အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးအန္တရာယ် တဖြည်းဖြည်းချင်း တိုးလာစေနိုင်သလို တစ်ဖက်မှာလည်း နှလုံးကို ကာကွယ်ပေးပြီး ကိုယ်ခန္ဓာ အလုပ်လုပ်ပုံကို ကောင်းမွန်စေ တာမို့ အသက်ကြီးလာသည့်တိုင် ကိုယ်လက်သန်းစွမ်းမှု ရှိနေအောင် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ ကယ်လိုရီကို သင့်တော်အောင် ချိန်ညှိ စားသုံးတာ၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာ ဟာရဓာတ်ကိုပဲ ဦးစားပေး ရွေးချယ် စားသုံးတာ စတဲ့ သေးငယ်ပေမယ့် ရည်ရွယ်ချက်ရှိတဲ့ အစားအသောက်အလေ့အကျင့်တွေဟာ နှလုံးကျန်းမာရေးအတွက်သာ မဟုတ်ဘဲ အသက်ရှည် မှုအပေါ် ထင်ရှားတဲ့ အကျိုးသက်ရောက်မှုတွေ ပေးနိုင်တယ်လို့ ဒေါက်တာ ဂျယ်ရမီက အကြံ ပြုထားပါတယ်။
- သိပ္ပံပညာရှင်တွေဟာ ဦးနှောက်ထဲက ကွန်ယက်တစ်ခုကို မကြာသေးခင်က ရှာဖွေတွေ့ရှိခဲ့ပြီး ဒါဟာ Parkinson’s ရောဂါကို အဓိကဖြစ်စေတဲ့ အကြောင်းအရင်းဖြစ်စေနိုင်ပြီး တိတိကျကျ ပစ်မှတ်ထား ကုသရင် ရောဂါလက္ခဏာတွေကို သိသိသာသာကောင်းမွန်စေတယ်လို့ ဆိုထားပါတယ်။ ဒီရောဂါဟာ တဖြည်းဖြည်း ဆိုးရွားလာတဲ့ ဦးနှောက်နာရောဂါမျိုးဖြစ်ပြီး အမေရိကန်မှာ ဆိုရင် လူပေါင်း တစ်သန်းကျော်ကို ဒီရောဂါကို ခံစားနေရတယ်လို့ Scitech Daily သတင်းက ဖော်ပြထားပါတယ်။
ဒီအကြောင်းအရာကို မျှဝေပါ