Skip to content

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (၂၁၊မတ်လ၊၂၀၂၆- ၂၇၊မတ်၊၂၀၂၆)

-မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ တီဘီ၊ တီဘီ/အိပ်ချ်အိုင်ဗွီ၊ ဆေးယဉ်ပါးတီဘီရောဂါ အဖြစ်အများဆုံး နိုင်ငံ(၃၀)မှာ ပါဝင်နေပြီး WHO South East Asia Region မှာ ဒုတိယမြောက် တီဘီလူနာသစ် ဖြစ်ပွားမှု အများဆုံးနိုင်ငံဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ပြောပါတယ်။

– ယူကေအစိုးရအနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းမှာ တီဘီရောဂါစစ်ဆေးပေးခြင်းနဲ့ ကုသခြင်းတွေ အားကောင်းလာအောင် မိတ်ဖက်အဖွဲ့အစည်းများနဲ့အတူ ပူးပေါင်းမြှင့်တင်ပေးဖို့အတွက် ကတိကဝတ် ပြုထားပါတယ်။ ဒါ့အပြင် ယူကေအစိုးရက ကမ္ဘာတစ်ဝန်းတီဘီ ရောဂါတိုက်ဖျက်ရေး အတွက် နိုင်ငံတကာရန်ပုံငွေ ၃ ပုံတစ်ပုံနဲ့ အထက်ကိုပံ့ပိုးပေးနေတဲ့ Global Fund အဖွဲ့အစည်းကိုလည်း အဓိကထောက်ပံ့ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

– မြန်မာနိုင်ငံကနေ မလေးရှား နိုင်ငံကို သွားရောက်လုပ်ကိုင်မယ့် လုပ်သားတွေအနေနဲ့ မလေးရှားနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ အသက်ရှုလမ်းကြောင်း ဆိုင်ရာကျန်းမာရေး အသိပေးချက် တွေကို ဂရုပြုလိုက် နာကျဖို့ အလုပ်သမားဝန်ကြီးဌာနကအသိပေး ထုတ်ပြန်ထားပါတယ်။

-အသက် (၈) နှစ်အောက် ကလေးတွေကို ဝမ်းနမူနာစစ်ပြီး တီဘီပိုး ရှာဖွေနေတာနဲ့အတူ တီဘီမဖြစ် အောင် ကာကွယ်ကုသဆေး (TPT) တွေကိုလည်း ပိုပြီး တိုးချဲ့တိုက်ကျွေးနေတဲ့ အပြင် တီဘီရောဂါရှာ ဖွေရာမှာ AI နည်းပညာဖြစ်တဲ့ X-ray CAD ကို အသုံးပြုပြီး ရင်ခေါင်းဓာတ်မှန်တွေကို ဖတ်ရှုနေသလို သယ်ဆောင်ရလွယ်ကူပြီး ဘက်ထရီနဲ့ အသုံးပြုနိုင်တဲ့ Portable Truenat စက်တွေကိုလည်း အသုံးပြု နေပြီလို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ပြောပါတယ်။

– နိုင်ငံတော်အစိုးရနဲ့ ကျန်းမာရေးဝန်ကြီးဌာနက လူတိုင်းလက်လှမ်းမီနိုင်တဲ့ Universal Health Coverage (UHC) ရရှိအောင် ဆက်လက်ကြိုးပမ်းနေပြီး ဒီလိုလုပ်ဆောင်ရာမှာ ပြည်သူ့ဆေးရုံနဲ့ ဆေးခန်းတွေမှာ နိုင်ငံတော် ဘဏ္ဍာငွေကို အများကြီးသုံးပြီး ဆေးဝါးနဲ့ ဆေးပစ္စည်းတွေကို ဖြည့်ဆည်း ပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ကထုတ်ပြန်ထားပါတယ်။ တချို့ဆေးရုံတွေမှာ တော့ လိုအပ်ချက်တချို့ရှိနေသေးပေမယ့် ဆေးရုံအများစုမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ဆက်တိုက် ဆောင်ရွက်ပေးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

– ထိုင်း-မြန်မာနယ်စပ်က ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးကိစ္စရပ်တွေကို ပိုမိုချိတ်ဆက်လုပ်ကိုင်နိုင်ဖို့ မဲဆောက် အခြေစိုက် ဆူဝန်နမစ်ဖောင်ဒေးရှင်းနဲ့ နာရေစွမ်တက္ကသိုလ် လူမှုရေးသိပ္ပံဌာန (NARESUAN UNIVERSITY – Faculty of Social Sciences)တို့ နားလည်မှုစာချွန်လွှာရေးထိုးခဲ့တယ်လို့ Border Echo သတင်းမှာ ဖော်ပြထားပါတယ်။

– ထိုင်းနိုင်ငံသားမဟုတ်တဲ့ လူနာတွေအတွက် မဲဆောက်ဆေးရုံကြီးရဲ့ ခွင့်ပြုချက်မရပဲ ဘာသာပြန် အကျိုးဆောင် နေသူတွေကို တားမြစ်တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

-အရှေ့အလယ်ပိုင်းစစ်ပွဲများရှည်ကြာပါက လူထုကျန်းမာရေးအတွက် အရေးကြီးတဲ့ ဆေးဝါးတချို့ ပြတ်တောက် တာနဲ့ ဈေးမြင့်တက်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

-ထိုင်းနိုင်ငံတွင် မတ်လ ၃၀ ရက်နေ့အထိ အပူချိန်အလွန်အမင်း မြင့်တက်နိုင်ပြီး မတ်လ ၃၀-၃၁ ရက်နေ့အထိ အပူချိန်ဟာ ၄၀ ဒီကရီကနေ ၄၁ ဒီဂရီအထိ တက်နိုင်တယ်လို့ဆိုပါတယ်။ အဓိကတော့ မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ အပူချိန် 40 အထိတက်နိုင်ပြီး မတ်လ ၂၄ ကနေ ၃၀ အထိက သတိထားရ မယ့် ကာလဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

-အင်္ဂလန်နိုင်ငံရှိ ကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ ကျောင်းသားတွေကြား ပြင်းထန်တဲ့ ဘက်တီးရီးယားကူး စက်ရောဂါတစ်မျိုးဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ရောဂါ ဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ယူကေကို ခရီးသွားမယ့် ထိုင်းနိုင်ငံသားတွေကို ရောဂါထိန်းချုပ်ရေးဌာနက သတိပေးထားပါတယ်။

-ဩစတြေးလျနိုင်ငံ က ကွင်းစလန်ပြည်နယ်နဲ့ နယူးဆောက်ဝေး ပြည်နယ်တို့မှာ ကူးစက်လွယ်တဲ့ ဝက်သက် ရောဂါ ကူးစက်မှုဖြစ်နိုင်တဲ့အတွက် အာဏာပိုင်တွေက သတိပေးထားပါတယ်။ အဲဒီပြည်နယ် တွေမှာ နေထိုင်သူ တွေ ကို လက္ခဏာတွေကို စောင့်ကြည့်ကြဖို့၊ အထူးသဖြင့် ကူးစက်မှုဖြစ်နိုင်တဲ့နေရာ တွေကို သွားရောက်ခဲ့သူတွေ ဆိုရင် ပိုပြီးသတိထားဖို့ ကြေညာထားပါတယ်။ နယ်ဆောက်ဝေး ပြည်နယ်မှာတော့ ဝက်သက်ရောဂါ လူနာ ၃ ဦး တွေ့ရှိထားပြီးအဲဒီလူနာတွေဟာ အတည်ပြုထားတဲ့ လူနာတွေနဲ့ ထိတွေ့မှုကြောင့် ဒေသတွင်းမှာပဲ ကူးစက်ခံ ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

– ဟင်းသီးဟင်းရွက်တွေနဲ့ ကလေးတွေကြိုက်တဲ့စတော်ဘယ်ရီ နဲ့ စပျစ်သီးတို့မှာ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်နိုင်တဲ့ ပိုးသတ်ဆေးလက်ကျန်တွေ အများဆုံးတွေ့ရှိထားတယ်လို့ အစီအရင်ခံတစ်ခုကို ကိုးကားပြီး CNN သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီအစီရင်ခံစာအရ အခုနှစ်ရဲ့ “Dirty Dozen” လို့ခေါ်တဲ့ ပိုးသတ်ဆေးလက်ကျန် အများဆုံးရှိတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်စာရင်းမှာ မက်မွန်သီး၊ ချယ်ရီသီး၊ ပန်းသီး၊ ဘလက်ဘယ်ရီသီး၊ သစ်တော်သီး၊ အာလူး နှင့် ဘလူးဘယ်ရီသီးများ တို့ ပါဝင်နေပါတယ်။

– နှလုံးရောဂါအခံရှိတဲ့ လူတွေထဲမှာ ရေယုန်ကာကွယ်ဆေး ထိုးထားသူတွေဟာ မထိုးထားသူတွေနဲ့ နှိုင်းယှဉ်ရင် တစ်နှစ်အတွင်း ပြင်းထန်တဲ့ နှလုံးရောဂါဖြစ်ပွားမှု အန္တရာယ်က တဝက်နီးပါး လျော့နည်း သွားတယ်လို့ အမေရိကန် နှလုံးရောဂါဆိုင်ရာကောလိပ် (ACC) ရဲ့ ၂၀၂၆ ခုနှစ် နှစ်ပတ်လည် သိပ္ပံ ညီလာခံမှာ တင်ပြခဲ့ထားပါတယ်။လေ့လာမှုအရ နှလုံးသွေးကြောကျဉ်းရောဂါရှိတဲ့ အမေရိကန် လူကြီး ၂၄၆,၈၂၂ ဦးကျော်ရဲ့ အချက်အလက်တွေကို သုံးပြီး စိစစ်ထားတာ ဖြစ်ပါတယ်။ အဲဒီရလဒ်အရ ရေယုန်ကာကွယ်ဆေးဟာ ရေယုန်ရောဂါကို ကာကွယ်ပေးတာတင်မကဘဲ နှလုံးရောဂါ၊ မှတ်ဉာဏ် ချို့ယွင်းမှုလို ပြဿနာတွေ ဖြစ်နိုင်ခြေကိုပါ လျှော့ချပေးနိုင်တယ်ဆိုတဲ့ သက်သေတွေ ထပ်မံရရှိလာတာ ဖြစ်ပါတယ်။အမေရိကန် CDC ကတော့ အသက် ၅၀ နှစ်နဲ့အထက် လူကြီးတွေကိုသာမက ကိုယ်ခံ အားနည်းတဲ့ လူငယ်တွေကိုလည်း ရေယုန်ကာကွယ်ဆေး ထိုးဖို့ အကြံပြုထားပါတယ်။

လူကြိုက်များသောဆောင်းပါးများ