လူတစ်ယောက် ကျန်းမာနေဖို့ ကိုယ်ခံအားစနစ်က အရေးကြီးပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါတွေ နေရာအနှံ့ ဖြစ်ပွားခဲ့တုန်းက ကူးစက်ခံရပေမယ့် ရောဂါပြင်းပြင်းထန်ထန် မခံစားခဲ့သူတွေကို တွေ့ဖူးခဲ့ကြမှာပါ။ မိသားစုတစ်ခုအတွင်းမှာပဲ ရောဂါကူးစက်ခံရတာချင်းအတူတူ ဖျားနာတာမရှိဘဲ လူကောင်းပတိအတိုင်း ရှိနေခဲ့သူတွေကိုပါ။
ဆေးပညာအရ သူတို့ကို “ရောဂါလက္ခဏာမပြဘဲပိုးသယ်ဆောင်သူ” လို့ သုံးနှုန်းပါတယ်။ သူတို့ဟာ ရောဂါပိုးရှိသော်လည်း ရောဂါမဖြစ်ဘဲ ဒါမှမဟုတ် ရောဂါလက္ခဏာမပြဘဲ သာမန်လူကောင်းတစ်ယောက်လို ဖြစ်နေပေမယ့် တခြားသူဆီကို ရောဂါပိုးသယ်ဆောင်သွားပေးနိုင်တာမို့ အဲဒီလို သုံးနှုန်းခေါ်ဝေါ်တာပါ။
ဒါဟာ ပြင်းထန်မှုက အသက်အရွယ်၊ ကာကွယ်ဆေးထိုးထားမှု၊ အခြေခံရောဂါများ (နှလုံး/ဆီးချို/အဆုတ်…) စတဲ့ အချက်တွေအပေါ်အများကြီး မူတည်နေသလို ကိုယ်ခံအားစနစ်နဲ့လည်း အများကြီး သက်ဆိုင်နေပါတယ်။ ကိုယ်ခံအားစနစ်ဆိုတာ ရောဂါပိုးဝင်ရောက်မှုကို ကာကွယ်ပေးတဲ့ ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေးစနစ်တစ်ခု ဖြစ်ပါတယ်။
အဲဒီစနစ်ထဲမှာ အထူးဆဲလ်တွေ၊ တစ်ရှူးတွေနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပါဝင်တဲ့ ကွန်ရက်တစ်ခုဟာ ရောဂါပိုးမွှားတွေရဲ့ အန္တရာယ်ကနေ ခန္ဓာကိုယ်ကိုကာကွယ်ပေးဖို့အတွက် အတူတကွ အလုပ်လုပ်ကြတာ ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်ခံအား ကောင်းရင် ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ ရောဂါပိုးတို့ ကောင်းကောင်းတုံ့ပြန်နိုင်ပြီး အားနည်းနေရင်တော့ ရောဂါပိုးတိုက်ခိုက်တာကို ခံရပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ ဘက်တီးရီးယား၊ ကပ်ပါးပိုး၊ ဗိုင်းရပ်စ်တွေ ခန္ဓာကိုယ်ထဲ နည်းလမ်းအမျိုးမျိုးနဲ့ ဝင်လာတဲ့အခါ ဖျားနာတာ၊ အားအင်ကုန်ခမ်းတာ၊ ကိုယ်တွင်း အင်္ဂါတွေ တိုက်ခိုက်ခံရတာ၊ ရောဂါဖြစ်တာနဲ့ အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်တတ်ပါတယ်။ ဒါကို ကာကွယ်ဖို့ ကိုယ်ခံအားစနစ်က တာဝန်ယူရပါတယ်။ ခန္ဓာကိုယ်အနှံ့မှာ ရှိတဲ့ ကိုယ်ခံအားစနစ်က ဝင်လာတဲ့ ရောဂါပိုးတွေကို ခုခံပေးတဲ့အပြင် ထပ်မပွားလာအောင် အားလျော့သွားအောင် လုပ်ဆောင် ပေးပါတယ်။
ကိုယ်ခံအားစနစ်ထဲမှာ အရေပြား၊ ချွဲ၊ အူလမ်းကြောင်းနဲ့ ပြန်ရည်ကြောစနစ်ဆိုပြီး မတူညီတဲ့ အစိတ် အပိုင်းတွေ ပါဝင်ပါတယ်။ ကိုယ်ခံအားစနစ်ရဲ့ ပထမဆုံး ကာကွယ်မှုက ခန္ဓာကိုယ်ထဲ ဝင်မလာအောင် ရောဂါ ပိုးတွေ တိုက်ရိုက် ဝင်မလာအောင် ကာကွယ်ခြင်းဖြစ်ပြီး ဒီလုပ်ဆောင်ချက်ကို အကောင်အထည်ဖော်တာက အရေပြားပါ။ ရောဂါပိုးတွေရဲ့ တိုက်ခိုက်မှုကို တွန်းလှန်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာ အတားအဆီး ဒိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းနဲ့ အစာခြေလမ်းကြောင်းတို့ကို ဖုံးကာပေးထားတဲ့ အမြှေးပါးဟာ အန္တရာယ်ရှိတဲ့ ရောဂါပိုး ဝင်ရောက်မှုကို တားဆီးပေးပါတယ်။
ပြင်ပက ရောဂါပိုးဟာ ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ဖြစ်တဲ့ အရေပြားဒိုင်းကို ဖြတ်လာနိုင်ပြီဆိုရင် ခန္ဓာကိုယ်ဟာ နောက်ထပ် ခံတပ်တစ်ခုနဲ့ တုံ့ပြန်ပါတယ်။ အဲဒါကတော့ ကိုယ်ခံအားစနစ်ထဲ ပါတဲ့ အထူး ဆဲလ်တွေဟာ သွေးနဲ့ ပြန်ရည်စနစ်ကို သုံးလို့ ခန္ဓာကိုယ်လှည့်လည်ပြီး ရောဂါဖြစ်စေတဲ့ ပိုးမွှား၊ ဒါမှမဟုတ် ရောဂါပိုးကို လိုက်လံရှာဖွေပြီး ဖျက်ဆီးပစ်တာပါ။ ဒီနေရာမှာ သွေးကြောထဲက သွေးဖြူဥ အနည်း၊ အများ ပမာဏဟာ ကိုယ်ခံအားစနစ်အတွက် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် သွေးဖြူဥဟာ ကိုယ်ခံအားစနစ်ထဲ ပါဝင်တဲ့ အရေးကြီးဆုံး ဆဲလ်တစ်ခုဖြစ်တာကြောင့် ဒီအရေအတွက် နည်းရင် ရောဂါပိုးကူး စက်ခံရနိုင်ခြေ ပိုများပါတယ်။ သွေးဖြူဥကို ရိုးတွင်းခြင်ဆီကနေ ထုတ်လုပ်တာဖြစ်ပြီး ပြန်ရည်စနစ်ကို ဖြတ်ပြီး ခန္ဓာကိုယ်အနှံ့ ရောက်သွားတဲ့အခါ သူ့ရဲ့ အဓိက အလုပ်ဖြစ်တဲ့ ရောဂါပိုးနဲ့ ရောဂါတွေကို တန်ပြန်တိုက်ခိုက်ပေးတဲ့ အလုပ်ကို ဆက်တိုက်လုပ်ဆောင်ပါတယ်။
“ချွဲ” ကတော့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ စေးကပ်တဲ့ “အချွဲ” တွေကို ဆိုလိုတာပါ။ လည်ချောင်း၊ နှာခေါင်း စတဲ့ နေရာတွေကနေ ရောဂါပိုးတွေ ဝင်လာတဲ့အခါ အချွဲတွေရဲ့ စေးကပ်တဲ့ ဂုဏ်သတ္တိက ပိုးမွှားတွေ ခန္ဓာကိုယ်ထဲမဝင်ရောက်နိုင်အောင် တားဆီးပေးပါတယ်။ အူလမ်းကြောင်းကတော့ ကိုယ်ခံအားစနစ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းထဲက တစ်ခုပါ။
ကိုယ်ခံအားစနစ်မှာ ပါတဲ့ ၇၀ ကနေ ၈၀ ရာခိုင်နှုန်းသော ဆဲလ်တွေဟာ အူလမ်းကြောင်းထဲမှာ တွေ့ရတာဖြစ်ပြီး ဒီဆဲလ်တွေဟာ အစားအစာ၊ အသက်ရှူလမ်းကြောင်း စတဲ့ နေရာကနေ ရောဂါပိုးဝင်လာပြီး အူလမ်းကြောင်းကို အများဆုံးတိုက်ခိုက်မှုကို ကာကွယ်ပေးပါတယ်။ နောက်ပြီး ကျန်းမာရေးအကျိုးပြု ဘက်တီးရီးယားတွေဖြစ်တဲ့ ပရိုဘိုင်အိုတစ်တွေဟာလည်း အူလမ်းကြောင်း အတွင်းမှာ တည်ရှိပြီး ကိုယ်ခံအားစနစ်လိုပဲ ရောဂါပိုးတွေကို ထိန်းချုပ်ပေးပါတယ်။
နောက်တစ်ခုကတော့ “ပြန်ရည်ကြောစနစ်” ပါ။ ခန္ဓာကိုယ်နေရာအနှံ့ကို ဆက်သွယ်ပေးထားပြီး တစ်ရှူးတွေထဲမှာ ကျန်နေတဲ့ အရည်ပို (interstitial fluid) ကို ‘lymph’ အဖြစ် စုစည်းပြီး သွေးကြောစနစ်ထဲကို ပြန်ပို့ပေးတာ၊ အူလမ်းကြောင်းက အဆီနဲ့ fat-soluble vitamins (A, D, E, K) တွေကို စုပ်ယူသယ်ပို့ပေးတာ၊ လည်ပင်း/ချိုင်း/ခြေထောက်ခြံ စသည့် ပြန်ရည်ကြောအကျိတ် (lymph nodes) တွေက ပိုးမွှားတွေကို စစ်ထုတ်ပြီး ကိုယ်ခံအားတုံ့ပြန်မှုကို ထောက်ပံ့တာ စတဲ့ အလုပ်တွေကို အဓိကလုပ်ဆောင်ပါတယ်။
ပြန်ရည်ကြောစနစ်မှာ ရောဂါပိုးတွေကို တိုက်ထုတ်ပေးတဲ့ သွေးဖြူဆဲလ်တွေ ထုတ်ပေးတဲ့ ရိုးတွင်းခြင်ဆီ၊ သွေးပုံမှန် လည်ပတ်မှုဖို့နဲ့ ပျက်စီးနေတဲ့ ဆဲလ်တွေကို ဖယ်ရှားပေးတဲ့ သရက်ရွက်၊ ဘက်တီးရီးယားကို တိုက်ထုတ်ပေးတဲ့ ဆဲလ်တွေကို ကြံ့ခိုင်စေတဲ့ သိုင်းမတ်စ်ဂလင်း၊ သွေးနဲ့ တစ်ရှူးထဲက ရောဂါပိုးတွေကို ရှာဖွေဖယ်ရှားပေးတဲ့ ပြန်ရည်ကြောအကျိတ်တို့ ပါဝင်ပါတယ်။ ခန္ဓာကိုယ်က သူ့အလိုအလျောက် တည်ဆောက်ထားတဲ့ ကိုယ်ခံအားစနစ်ကြီးဟာ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ကိုယ်ခံအားစနစ် ကျသွားပြီဆိုရင် ဒီစနစ်က ထိန်းချုပ်ထားတဲ့ ရောဂါပိုးတွေက လူကို ဒုက္ခပေးသလို အပြင်ကနေ ဝင်လာတဲ့ ရောဂါပိုးတွေကိုလည်း မဟန့်တားနိုင်တော့ပါဘူး။
“လူတစ်ယောက် ကျန်းမာနေဖို့ဆိုတာ ကိုယ်ခံအားက အဓိကကျပါတယ်။
ကျွန်တော့် အမျိုးသမီးဆိုရင် နှလုံးနဲ့ လေးဘက်နာရောဂါ အခံရှိတယ်။ သာမန်လူတွေထက် ကိုယ်ခံအားနည်းတာပေါ့။ ရာသီတုပ်ကွေးလို ဖျားနာတာမျိုး မိသားစုထဲမှာ တစ်ယောက်ယောက်ဖြစ်ပြီဆိုရင် အဲဒီသူ ဖျားပြီးတာနဲ့ သူဖျားတော့တာပဲ။ ကျန်တဲ့သူတွေ ဘာမှ မဖြစ်ဘူး၊ သူ အရင်ဆုံး ဖြစ်တော့တာပဲ။
ဒါကိုကြည့်ရင် လူတစ်ယောက်မှာ ကိုယ်ခံအားက ဘယ်လောက်အရေးပါသလဲဆိုတာ သိနိုင်ပါတယ်။ ကျွန်တော်ဆိုရင် သာမန် ဖျားနာတာမျိုးတောင် ဖြစ်ခဲတယ်။ ဒါပေမဲ့ အလုပ်ပင်ပန်းတာတွေ၊ အိပ်ရေးပျက်တာတွေ များတဲ့အခါမျိုးဆိုရင်တော့ မထင်မှတ်ဘဲ ဖျား နာတာမျိုးတော့ ဖြစ်တတ်တယ်။
တခြားသူဖျားနေလို့ ကိုယ်ပါ လိုက်ဖျားတာမျိုးတော့ ဖြစ်ခဲတယ်” လို့ ကိုယ်ခံအားစနစ်အရေးကြီးပုံနဲ့ ပတ်သက်ပြီး ကိုကျော်ကြီး (အမည်လွှဲ) က သူ့ရဲ့ အမြင်ကို MyanHealth ကို ပြောပြပါတယ်။
ကူးစက်ရောဂါ
ဒီကနေ့ ခေတ်ကမ္ဘာမှာ ကူးစက်ရောဂါတွေဟာ ပုံသဏ္ဍာန်မျိုးစုံနဲ့ ရှိနေပြီး ကိုယ်ခံအားစနစ် မကောင်း တဲ့သူတွေကတော့ ဒီဒဏ်တွေကို ခံနေကြရပါတယ်။ ကူးစက်ရောဂါတွေကို (၁) ရောဂါပိုးအမျိုးအစားအရ—ဗိုင်းရပ်စ်/ ဘက်တီးရီးယား /မှို/ ကပ်ပါးပိုးများကြောင့်ဖြစ်သောရောဂါ (၂) ကူးစက်ပုံအရ—အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သောရောဂါ၊ အစာ/ရေမှတဆင့် (fecal-oral) ကူးစက်နိုင်သောရောဂါ၊ သွေး/လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်နိုင်သောရောဂါ၊ အင်းဆက်ပိုးမွှားများမှတစ်ဆင့် ကူးစက်နိုင်သောရောဂါနဲ့ (vector-borne) တိရစ္ဆာန်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါဆိုပြီး (zoonotic) ခွဲလို့ရပါတယ်။”
လူလူချင်း ကူးစက်မှုကတော့ ရောဂါပိုးရှိသူနဲ့ ထိမိတာ၊ အဲဒီသူရဲ့ သွေးကို သွင်းမိတာ၊ လိင်ဆက်ဆံမိတာက တဆင့် စသဖြင့် ပုံစံမျိုးစုံနဲ့ ကူးစက်နိုင်ပါတယ်။ အချို့ကူးစက်ရောဂါတွေမှာ လက္ခဏာမပြမီကာလ (presymptomatic) မှာတောင် ကူးစက်နိုင်ပါတယ်။ ရောဂါပိုးတစ်ခုခုရှိသူက ချောင်းဆိုး၊ နှာချေလုပ်မိတဲ့အခါ ရောဂါပိုးတွေဟာ လေထဲက တဆင့်လည်း တခြားသူတွေကို ကူးစက်နိုင်ပါတယ်။ ဥပမာ – ဝက်သက်ပိုးလို သေးငယ်ပေါ့ပါးလွန်းတဲ့ ပိုးမျိုးတွေဟာ လေထဲမှာ အချိန်အတိုင်းအတာတစ်ခုအထိ ရှင်သန်နိုင်တာကြောင့် အဲဒီပတ်ဝန်းကျင်ကို သွားရင်တောင် ကူးစက်ခံရနိုင်ပါတယ်။ နောက်ပြီး ရေနဲ့ အစားအစာလို အရာတွေကလည်း ရောဂါပိုးတွေက ခန္ဓာကိုယ်ထဲ ဝင်နိုင်ပါတယ်။ ဥပမာ – အစားအစာတွေကို ကျက်အောင် မချက်တဲ့အခါ၊ သန့်ရှင်းစွာ မကိုင်တွယ်တဲ့အခါ E Coli ပိုးဟာ အစားအစာကတဆင့် ခန္ဓာကိုယ်ထဲ ရောက်စေတာမျိုးပါ။ နောက်ပြီး သေသေချာချာ ထိန်းသိမ်းထားခြင်းမရှိတဲ့ စည်သွပ်ဘူးလို အစားအစာတွေဟာ ရောဂါပိုး ပေါက်ဖွားစေနိုင်ပြီး စားသုံးမိတဲ့အခါ အစာအဆိပ်သင့်ခြင်းလိုဟာအထိ ဖြစ်စေနိုင်ပါတယ်။
ကူးစက်ရောဂါတွေဟာ တိရစ္ဆာန်တွေကနေလည်း ကူးစက်ခံရနိုင်ပါတယ်။ တကယ်တော့ ကူးစက်ရောဂါပိုးတွေဟာ နည်းပေါင်းစုံနဲ့ ပတ်ဝန်းကျင်ကနေ လူ၊ အစားအစာကနေ လူ၊ တိရစ္ဆန်ကနေ လူ၊ လူကနေ လူ ကို ပုံစံမျိုးစုံနဲ့ ကူးစက်နိုင်တာမို့ ကိုယ်ခံအားစနစ် ကောင်းနေဖို့က ပိုလို့တောင် အရေးကြီးပါတယ်။ ရောဂါပိုး ကူးစက်မှုတွေကို ကာကွယ်ဖို့ဆိုရင် ကိုယ်ခံအားစနစ်တစ်ခုတည်းကိုတော့ အားကိုးလို့ မရပါဘူး။
ကြိုတင်ကာကွယ်တဲ့ နည်းလမ်းတွေကိုလည်း လိုက်နာဖို့ လိုပါတယ်။
လက်ကို သန့်ရှင်းနေအောင် မကြာခဏ ဆေးကြောတာ၊ မသန့်ရှင်းတဲ့ အရာတွေကို ကိုင်တွယ်တဲ့အခါ တစ်ခါသုံး လက်အိတ်သုံးတာ၊ နှာချေ / ချောင်းဆိုးရင် နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထားဖို့၊ လူထူထပ်တဲ့နေရာတွေကို သွားတဲ့အခါ နှာခေါင်းစည်း Mask ပြီး သွားတာမျိုး၊ ရောဂါပိုးတစ်ခုခု ရှိသူနဲ့ ထိတွေ့ဆက်ဆံမိရင် သတိပြုရမယ့်အချက်တွေကို ကြိုတင်လေ့လာထားဖို့၊ အစားအစာတွေကို ချက်ပြုတ်တဲ့အခါ ပိုးသေတဲ့အထိ ကျက်အောင် ချက်ဖို့၊ အိမ်မွေး တိရစ္ဆာန်တွေကို ကိုင်တွယ်တဲ့အခါ သန့်ရှင်းမှုကို ဂရုပြုဖို့၊ ပိုးကောင်ပိုးမွှားနဲ့ အင်းဆက်တွေ အကိုက်မခံရအောင် သတိပြု နေထိုင်မှုတွေ လိုအပ်ပါတယ်။ ဒါတင် မဟုတ်ပါဘူး။
ကိုယ်ခံအားစနစ် မြင့်မားနေဖို့အတွက် သင့်တော်တဲ့ကိုယ်အလေးချိန်ထိန်းသိမ်းတာမျိုး၊ အိပ်ရေး ဝဝ အိပ်တာမျိုး၊ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ဂရုတစိုက် စားသောက်နေထိုင်ကြဖို့လည်း လိုအပ်ပါတယ်။ ဒီလိုမျိုး ဂရုစိုက်နိုင်မှသာလျှင် မြင့်မားတဲ့ ကိုယ်ခံအားစနစ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်သလို စနစ်အားနည်းတဲ့အခါ ဝင်လာနိုင်တဲ့ ကူးစက်ရောဂါပိုးတွေရဲ့ ဒဏ်ကနေ ကိုယ်တွင်း၊ ကိုယ်ပြင် နှစ်ခုစလုံးနဲ့ တားဆီးနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကာကွယ်ဆေးတွေကို အချိန်မှန်ကြိုတင်ထိုးထားခြင်းက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို သက်ဆိုင်ရာရောဂါပိုးအပေါ် ကြိုတင်ကာကွယ်နိုင်အောင် လေ့ကျင့်ပေးပြီး ကူးစက်ဖြစ်နိုင်ချေ၊ ရောဂါပြင်းထန်မှုနှင့် အန္တရာယ်မြင့်ဆက်သက်အကျိုးဆက်တွေကို လျော့ချပေးနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကလေးငယ်တွေမှာ ကာကွယ်ဆေးထိုးခြင်းဟာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး ကူးစက်ရောဂါကို ထိရောက်အောင် ကာကွယ်ပေးနိုင်တဲ့ အဓိက လက်နက်ဖြစ်ပါတယ်။
ကိုးကား – Immune system(wikipedia), Immune System Function, Conditions & Disorders (my.clevelandclinic.org)