Skip to content

သွားကျန်းမာရေးဟုဆိုရာဝယ်

သက်ရှိသတ္တဝါမှန်သမျှက ကိုယ်ခန္ဓာကျန်းမာဖွံ့ဖြိုးဖို့အတွက် အာဟာရဖြစ်စေတဲ့ အစားအစာ တွေစားသုံးပေးဖို့ လိုအပ်ကြပါတယ်။ အာဟာရဖြစ်အောင်စားသုံးရာမှ ပါးစပ်၊ ခံတွင်းဆိုတာက အဓိက ကျတဲ့အစိတ်အပိုင်းဆိုတာ အားလုံးသိကြပါတယ်။ သွားတွေကတော့ အစားအစာတွေကို ကျေညက် အောင်ဝါးစားပြီး အစာအာဟာရတွေကို အစာအိမ်ကတဆင့် ခန္ဓာကိုယ်တခုလုံးကို ပို့ဆောင်ပေးတဲ့ လုပ်ငန်းစဉ်မှာ တထောင့်တနေရာပါဝင်နေပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ကြီးထွားဖို့အတွက် အထောက် အကူပြုတဲ့သွားနှင့်ခံတွင်း ကောင်းမွန်ကျန်းမာနေဖို့ အရေးကြီးပါတယ်ဗျ။

​သွားတွေကအစားအစာတွေကို ကျေညက်အောင်ဝါးခြင်းအပြင် စကားသံကိုပီပီပြင်ပြင်ပြောဆို နိုင်ဖို့ကိုလည်း အထောက်အကူပြုပါတယ်။ ဥပမာ- အရှေ့သွားတွေမရှိတဲ့ သူတယောက်စကားပြောတဲ့ အခါ လေမလုံဘဲ မပီမသနဲ့အသံထွက်တွေကို ပြောင်းစေပါတယ်။ စကားပြောဆိုရင်း တံထွေးတွေစင် ထွက်နိုင်ပါတယ်။ အရှေ့သွား၊ အနောက်သွားရှိခြင်း မရှိခြင်းကလည်း လူတယောက်ရဲ့ မျက်နှာသွင်ပြင် ကို အပြောင်းအလဲများစွာဖြစ်စေပါတယ်ဗျာ။

​သွားကျန်းမာရေးလို့ပြောလိုက်ရင် သွားတွေကိုပဲမြင်ယောင်နေလို့ မရပါဘူးဗျ။ သွားတချောင်း ချင်းရဲ့ဘေးပတ်လည်မှာ အထောက်အကူပြုထားတဲ့ သွားဖုံး (Gingiva/ Gum)၊ သွားအမြစ်အရင်းပတ် လည်မှာရှိတဲ့ အမြှေးပါး (Periodontal Membrane) နှင့် သွားဖုံးရိုး (Alveolar bone)စတဲ့ ခံတွင်းအစိတ် အပိုင်းတွေလည်း ပါဝင်ပါတယ်။

​မိမိရဲ့သွားနှင့်ခံတွင်းကို ဂရုစိုက်သန့်ရှင်းဖို့ဆိုရင် မိမိခန္ဓာကိုယ်ရဲ့ သွားနှင့်ခံတွင်းအစိတ်အပိုင်း တွေကို အကြမ်းဖျင်းသိဖို့ လိုအပ်ပါတယ်ဗျ။ သွားတချောင်းမှာဆိုရင် ပါးစပ်ထဲမှာ သွားဖုံးအပေါ်ကနေ မြင်နေရတဲ့ အစိတ်အပိုင်းကို “သွားခေါင်းပိုင်း (Crown)”လို့ခေါ်ပြီး မျက်စိနှင့် မမြင်ရဘဲ မေးရိုးအတွင်း ပိုင်း မြှုပ်နေတဲ့အပိုင်းကိုတော့ “သွားမြစ်(Root)” လို့ခေါ်ပါတယ်ဗျ။ သွားတချောင်းလုံးကို ခြုံငုံကြည့်ပြီး ပြောရရင်တော့ သွားရဲ့အပေါ်ဆုံးအလွှာကို ကြေွသွားလွှာ(Enamel)၊ ကြွေသွားလွှာအောက်မှာရှိတဲ့ အလွှာကိုတော့ ဆင်စွယ်နှစ်လွှာ(Dentine)နှင့် သွားတချောင်းရဲ့အသက်ရှင်ရေးအတွက် အရေးပါတဲ့ သွေးကြော၊ အာရုံကြောများစုဝေးရာအခန်း မွှသွားလွှာ(Pulp)ဆိုပြီး ဖွဲ့စည်းတည်ဆောက်ထားပါတယ်ဗျ။

​ကျွန်တော်တို့မြန်မာနိုင်ငံက လူတော်တော်များများ ဆင်းရဲချမ်းသာမရွေး သွားနှင့်ခံတွင်းကို စစ်ဆေးကြည့်လိုက်ရင် သွားနှင့်ခံတွင်းပြဿနာ(ရောဂါ) တခုမဟုတ်တခုကတော့ ရှိနေကြတာများ ပါတယ်။ သွားနှင့်ခံတွင်းထဲမှာဖြစ်တဲ့ ရောဂါများစွာရှိပေမယ့် အဖြစ်အများဆုံးရောဂါနှစ်မျိုးကတော့ သွားပိုးစားရောဂါ(Dental Caries)နှင့် သွားဖုံးရေစီးကမ်းပြိုရောဂါ (Periodontal Diseases)ပဲဖြစ်ပါ တယ်။ ဒီရောဂါနှစ်မျိုးလုံးဖြစ်ရတဲ့အကြောင်းအရင်းကတော့ သွားနှင့်ခံတွင်း သန့်ရှင်းရေးလိုအပ်မှု၊ စနစ်မကျမှုကြောင့်ပဲ ဖြစ်ပါတယ်ဗျ။ သွားတချောင်းမှာပါဝင်ရမဲ့ ကြွေသွားလွှာရဲ့ သတ္တုဓာတ်အားနည်း တာ၊ သွားတွေမညီမညာပေါက်တာကြောင့် သန့်ရှင်းရခက်တဲ့ အနေအထားတွေကတော့ ဒီရောဂါတွေ ကို ပိုပြီးဖြစ်အောင်တွန်းပို့တဲ့ ထပ်တိုးအကြောင်းအရာများဖြစ်ပါတယ်။ မူလကတော့ သွားနှင့် ခံတွင်း သန့်ရှင်းရေး မလုံလောက်ခြင်း၊ စနစ်မကျခြင်းပဲ ဖြစ်ပါတယ်ဗျ။

​သွားနှင့်ခံတွင်း သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်မလဲဆိုရင်တော့ အများစုက သိပြီးသားလို့ပြော ကြမှာဖြစ်ပေမယ့် စနစ်တကျလိုက်နာမှု အားနည်းကြတာတွေ့ရပါတယ်။ သွားတွေက (၃၂)ချောင်း တောင်အများကြီးရှိတာပဲဆိုပြီး ပေါ့ပေါ့တန်တန်သဘောထားကြတာ ထင်ပါရဲ့ဗျာ။ သွားတချောင်းချင်း စီကလည်း ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေပဲဖြစ်တယ်ဆိုတာ သတိမူစေချင်ပါတယ်ဗျ။ လက်ဆယ် ချောင်းမှာ တချောင်းမရှိရင် ခန္ဓာကိုယ်ချို့ယွင်းချက်ရှိသလိုခံစားကြ၊ မြင်ကြပေမယ့် ပါးစပ်ထဲကသွား တချောင်းမရှိရင်တော့ လူအများစုက ပေါ့ပေါ့တန်တန်ပဲ သဘောထားကြတာတွေ့ရပါတယ်။ သွား တချောင်းချင်းစီမှာလည်း သူ့နေရာအလိုက် ထမ်းဆောင်ရမယ့်တာဝန်တွေရှိတာကို သဘောပေါက် နားလည်ဖို့ လိုပါတယ်။

​အဖြစ်များတဲ့ သွားနှင့်ခံတွင်း ရောဂါတွေ မဖြစ်အောင် အစားစားပြီးတိုင်း စားကြွင်းစားကျန်များ ရှင်းလင်းဖို့အတွက် ပလုတ်ကျင်းပေးခြင်း၊ သွားတိုက်တံနှင့် သွားတိုက်ဆေးအသုံးပြုပြီး စနစ်မှန်ကန် စွာသွားတိုက်ခြင်း၊ သွားနှင့်ခံတွင်းဆရာဝန်ဆီမှာ (၆)လတစ်ကြိမ်စစ်ဆေး ဆွေးနွေးမှုခံယူခြင်းတွေကို သတိထားလုပ်ဆောင်ရမှာဖြစ်ပါတယ်ဗျ။ လူနာအများစုက သွားနှင့်ခံတွင်းပြဿနာကြုံလာရင် သွား ဆရာဝန်ဆီသွားရောက်ကုသဖို့ကို နောက်ဆုံးမှထားပြီး စဉ်းစားကြတာတွေ့ရပါတယ်။ မိမိသဘောနဲ့ မိမိ ရှိသမျှ ဆေးမြီးတိုတွေ၊ ရပ်ကွက်ထဲက ကုထုံးတွေအကုန်လုပ်ပြီးမှ အဆင်မပြေမှ သွားဆေးခန်းကို သွားပြကြမယ်ဆိုတဲ့ အသိမှားတွေ ရှိနေကြဆဲဖြစ်တယ်ဗျ။ သွားနှင့်ခံတွင်း အသိပညာပေးမှု ကျယ်ကျယ် ပြန့်ပြန့်လိုအပ်နေသေးတယ်ဆိုတာတွေ့ရလို့ ကျွန်တော့်အသိပညာပေးဆောင်းပါးလေးတွေကိုလည်း စောင့်ကြည့်ဖတ်ရှုပေးကြပါဦးဗျ။

​သွားတိုက်ခြင်းကို နံနက်အိပ်ယာထတကြိမ်၊ ညအိပ်ယာဝင်ခါနီးတကြိမ်၊ တနေ့ကို (၂)ကြိမ်ပြု လုပ်ရပါမယ်။ သွားဖုံးတွေကျန်းမာဖို့အတွက်ကတော့ အာဟာရပြည့်ဝတဲ့ အစားအစာတွေစားပြီး အချို ဓာတ်ပါတဲ့ အစားအစာတွေကို လျှော့စားရပါမယ်။ ထုံးဓာတ်ပါတဲ့အစားအစာနှင့် ဗီတာမင်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးများ လုံလောက်မျှတအောင် စားပေးရပါမယ်ဗျ။ အရာဝတ္ထုများကို ကိုက်ဖဲ့ခြင်း၊ ကိုက်ဖြတ်ခြင်းများ မလုပ်ရပါဘူး။ သွား၊ သွားဖုံးမှာ နာကျင်တာ၊ တစုံတခု အဖုအပိန့် ထွက်တာမျိုးတွေရှိရင် ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ ပြသဆွေးနွေးရမှာဖြစ်ပါတယ်။ အနည်းဆုံး(၆)လ တကြိမ်ကတော့ သွားဘက်ဆိုင်ရာဆရာဝန်နှင့် ပြသစစ်ဆေးဖို့လိုအပ်ကြောင်း အသိပေးတင်ပြလိုက်ပါ တယ်ခင်ဗျား။

လူကြိုက်များသောဆောင်းပါးများ