မြန်မာနိုင်ငံရဲ့နွေဟာ အခြားနိုင်ငံတွေလို အပူဒဏ်တစ်ခုတည်းကိုပဲ သယ်လာတာ မဟုတ်ပါဘူး။ နွေရဲ့အပူချိန်နဲ့အတူ အစားအစာပုပ်လွယ်၊ အမှိုက်နံ့ထွက်လွယ်သလို ယင်ကောင်တွေလည်း ပိုများလာပြီး သူနဲ့ဆက်စပ်တဲ့ ကျန်းမာရေးပြဿနာတွေကလည်း ပါလာပါတယ်။ ယင်ကောင်ဟာ တစ်ဝီဝီနဲ့ စိတ်အနှောင့်အယှက်ပေးတဲ့ ပိုးကောင်လေးတစ်မျိုးဖြစ်ရုံသာမက အညစ်အကြေးရှိတဲ့နေရာက ပိုးမွှားတွေကို အစားအသောက်နဲ့ လူနေရပ်ဝန်းထဲဆီ သယ်ဆောင်လာနိုင်တဲ့ ကြားခံပိုးမွှား တစ်မျိုးလည်း ဖြစ်ပါတယ်။ အထူးသဖြင့် မသန့်ရှင်းတဲ့ အစားအစာ၊ သောက်ရေ၊ မီးဖိုချောင်သုံးပစ္စည်းတွေပေါ် ယင်ကောင်နားတဲ့အခါ ဝမ်းလျှောဝမ်းပျက်ခြင်း ၊ အစာအဆိပ်သင့်ခြင်းလို ရောဂါတွေ ဖြစ်စေတဲ့ ပိုးမွှားတွေ ကူးစက်နိုင်ပါတယ်။ ယင်ကောင်တွေဟာ ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်တွေ၊ မှိုရောဂါပိုးတွေအပြင် ကပ်ပါးပိုးအချို့ကိုပါ သယ်ဆောင်နိုင်ပါသေးတယ်။
နွေရာသီရဲ့ အပူနဲ့ စိုထိုင်းဆက နွေရာသီမှာ ယင်ကောင်ပေါက်ဖွားမှု မြန်ဆန်ဖို့ တွန်းအားပေးနေပါတယ်။ ယင်ကောင်ရဲ့ ဘဝစက်ဝန်းမှာ ဥအဆင့်၊ လောက်အဆင့်၊ ပိုးတုံးလုံးအဆင့်နဲ့ အရွယ်ရောက်ယင်ကောင် ဆိုပြီး အဆင့်လေးဆင့် ရှိပါတယ်။ ယင်ကောင်အမတွေဟာ ပုပ်နေတဲ့အစားအစာ၊ အမှိုက်ပုံ၊ မစင်၊ တိရစ္ဆာန်အညစ်အကြေး၊ စိုနေတဲ့ အစာကျန်စတဲ့ စိုစွတ်တဲ့နေရာတွေမှာ ဥချလေ့ရှိပါတယ်။ ပြီးရင်တော့ ပူနွေးစိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ ဥကနေ အရွယ်ရောက်တဲ့အထိ (၇) ရက်ကနေ (၁၄) ရက်လောက် အချိန်ယူပါတယ်။ ယင်ကောင်အမတစ်ကောင်ဟာ အရွယ်ရောက်ပြီးချိန်ကနေ သူ့ဘဝတစ်လျှောက် ရာနဲ့ချီတဲ့ ဥတွေ ဥနိုင်တယ်လို့ ဆိုပါတယ်။
ယင်ကောင်တွေကို ဆွဲဆောင်တာက အနံ့၊ စိုထိုင်းမှုနဲ့ အစားအစာတွေပါ။ အဖုံးမအုပ်ထားတဲ့ထမင်း/ဟင်း၊ အချိုရည်၊ အသီးမှည့်၊ အသားငါးအကြွင်းအကျန်၊ အမှိုက်ပုံး၊ အညစ်အကြေး၊ ရေဆိုးမြောင်း၊ တိရစ္ဆာန်မစင်ရှိတဲ့နေရာတွေက ယင်ကောင်တွေ အလွယ်တကူ ရောက်လာတတ်တဲ့ နေရာတွေပါပဲ။ တစ်နည်းပြောရရင် ယင်ကောင်တွေက စားစရာရှိတဲ့နေရာ နဲ့ ဥချဖို့သင့်တော်တဲ့နေရာကို ရှာပြီးလာတာပါ။ ဒါကြောင့် အိမ်ပတ်ဝန်းကျင် မသန့်ရင်၊ အမှိုက်မပစ်ရင်၊ အစားအသောက်မအုပ်ထားရင် ယင်ကောင်ကို ကိုယ်တိုင်ဖိတ်ခေါ်ထားသလို ဖြစ်နေပါတယ်။
ယင်ကောင်ဟာ အမှိုက်၊ မစင်၊ အညစ်အကြေးပေါ် နားပြီးနောက် သူ့ရဲ့ ခြေထောက်၊ ကိုယ်ပေါ်ကအမွှေးလေးတွေ၊ ပါးစပ်အစိတ်အပိုင်းတွေမှာ ရောဂါပိုးမွှားတွေ ကပ်ပါလာပါတယ်။ ပြီးတော့ အဲဒီယင်ကောင်က ထမင်း၊ ဟင်း၊ အသီး၊ မုန့်၊ ကလေးအစာ၊ ပန်းကန်ခွက်ယောက်၊ သောက်ရေခွက်ပေါ် နားတဲ့အခါ ပိုးမွှားတွေ ပြန်လည်ကျရောက်သွားပါတယ်။ ဒါ့အပြင် ယင်ကောင်တွေက အစားအစာပေါ်မှာ အစာချေရည်အန်ချတာ၊ အညစ်အကြေးစွန့်တာတွေလည်း လုပ်တတ်ပြီး ရောဂါ ကူးစက်တတ်စေပါသေးတယ်။ ဒါကြောင့် ယင်ကောင်နားပြီးသား အစားအစာက အပြင်ပန်းက ကြည့်ရင် အဆင်ပြေနေသလို ထင်ရပေမယ့် တစ်ကယ်တမ်းမှာတော့ ရောဂါပိုးတွေ အပြည့်ဖြစ်နေနိုင်ပါတယ်။
ယင်ကောင်က အစားအစာပေါ် နားတဲ့အခါ ၅ စက္ကန့်မကျော်ရင် စိတ်ချရတယ် လို့ လူအများက ထင်ကြပါတယ်။ ဒါပေမယ့် အဲ့တာအတွက် ခိုင်လုံတဲ့ သိပ္ပံအထောက်အထား အခုထိ မရှိသေးပါဘူး။ နားတဲ့ကြာချိန်ထက် ယင်ကောင်က အရင်ဘယ်နေရာနားခဲ့သလဲ၊ ဘယ်ပိုးမွှားတွေ သယ်လာသလဲ၊ ဘာအစားအစာပေါ်နားတာလဲ ဆိုတဲ့ အချက်တွေက ပိုအရေးကြီးပါတယ်။ ဒါကြောင့် ယင်ကောင်ကနေတစ်ဆင့် ရောဂါပိုးကူးစက်ဖို့ နားတဲ့ကြာချိန်က အဓိကမကျပါဘူး။
ယင်ကောင်ဟာ ကမ္ဘာပေါ်မှာ တည်ရှိနေတာ နှစ်သန်းပေါင်း ၂၅၀ ကျော်နေပါပြီ။ ယင်ကောင်ဟာ ဂေဟစနစ်အတွက် လိုအပ်တဲ့ ပုပ်သိုးဆွေးမြေ့ခြင်းဖြစ်စဉ်၊ ဝတ်မှုန်ကူးခြင်း ဖြစ်စဉ် အပါအဝင် အခြားအကျိုးပြုနေတာတွေလည်း အများကြီး ရှိပါတယ်။ ယင်ကောင်တွေကို ပျောက်ကွယ်အောင် လုပ်ဖို့ထက် ယင်ကောင်ကနေတစ်ဆင့် ရောဂါမကူးစက်လာအောင် ဆောင်ရွက်ခြင်းက ပိုပြီးအကျိုးကျေးဇူးများပါတယ်။ ဒါကြောင့် နွေတင်မက အမြဲ အစားအသောက်ကို အဖုံးအုပ်ထားတာ၊ ချက်ပြီးသားအစာကို ပူပူနွေးနွေးစားတာ၊ ကျန်တာကို သေချာဖုံးအုပ်သိမ်းဆည်းတာတွေကို အလေ့အကျင့် ဖြစ်အောင် ဆောင်ရွက်ရပါမယ်။ သောက်ရေ၊ ကလေးအစာ၊ အသီးအနှံတွေကိုလည်း သန့်ရှင်းစွာထားရပါမယ်။ အမှိုက်ကို နေ့တိုင်းပစ်ပြီး အဖုံးပါတဲ့အမှိုက်ပုံးကို သုံးစွဲပါ။ အိမ်သာ၊ ရေဆိုးမြောင်း၊ တိရစ္ဆာန်အညစ်အကြေးရှိတဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ပါ။ ပြတင်းပေါက်၊ တံခါးပေါက် အားလုံးကို ဖြစ်နိုင်ရင် ခြင်လုံဇကာတပ်တာမျိုး လုပ်သင့်ပါတယ်။ ဒါ့အပြင် အစာမပြင်ခင်၊ အစာမစားခင်၊ အိမ်သာသုံးပြီးနောက် လက်ကို ဆပ်ပြာနဲ့ရေနဲ့ စနစ်တကျဆေးဖို့လဲ လိုအပ်ပါတယ်။
မြန်မာနိုင်ငံရဲ့နွေရာသီမှာ ယင်ကောင်တွေ များလာတာဟာ သဘာဝဖြစ်ပေမယ့် ဒါဟာ ပေါ့ဆမထားသင့်တဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ယင်ကောင်ဆိုတာ အရွယ်အစားသေးငယ်ပေမယ့် သူတို့သယ်လာနိုင်တဲ့ ပိုးမွှားတွေက မိသားစုကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အစားအသောက်ကို ဖုံးအုပ်ထားခြင်း၊ အမှိုက်ကို စနစ်တကျ စွန့်ပစ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးကို ထိန်းသိမ်းခြင်း စတာတွေကို အလေ့အကျင့် ဖြစ်တဲ့အထိ လူတိုင်းလုပ်ဆောင်သင့်ပြီး အဲ့လိုလုပ်နေခြင်းက ကာကွယ်လို့ရတဲ့ ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်နေခြင်းပဲ ဖြစ်ပါတယ်။
References
1 Khamesipour F, Lankarani KB, Honarvar B, Kwenti TE. A systematic review of human pathogens carried by the housefly (Musca domestica L.). BMC Public Health. 2018 Aug 22;18(1):1049. doi: 10.1186/s12889-018-5934-3. PMID: 30134910; PMCID: PMC6104014.
2 House Fly. University of New Hampshire
3 Controlling Flies In and Around the Home. APHC.
4 Cholera. WHO.
5 Fukuda A, Usui M, Masui C, Tamura Y. Quantitative Analysis of Houseflies-mediated Food Contamination with Bacteria. Food Saf (Tokyo). 2019 Mar 29;7(1):11-14. doi: 10.14252/foodsafetyfscj.2018013. PMID: 31998583; PMCID: PMC6977770.