Skip to content

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (၁၄၊မတ်လ၊၂၀၂၆- ၂၀၊မတ်၊၂၀၂၆)

• ရာသီဥတု ပူပြင်းလာပြီဖြစ်လို့ ခန္ဓာကိုယ်တွင်း

ရေနဲ့ ဓာတ်ဆားဓာတ် ဆုံးရှုံးမှု ပိုများလာတာ၊

အပူဒဏ်ကြောင့် မိတ်နဲ့ ယားနာဖုတွေ ထွက်တာ၊

ပင်ပန်းနွမ်းနယ်တာ၊ မူးဝေတာ၊ ခေါင်းကိုက်တာ၊

ကြွက်တက်တာ၊ ချွေးခြောက်တာ၊ ကိုယ်အပူ ချိန်မြင့်ပြီး တက်တာ / သတိလစ်တာတွေ ဖြစ်နိုင်တဲ့အပြင် အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်တာကြောင့် ပူပြင်းတဲ့ နေ​ရောင်အောက် ပြင်းပြင်းထန်ထန် အလုပ်လုပ်တာ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်တာတွေကို ရှောင်ကြဉ်ဖို့၊ အပြင်ထွက် သွားလာရတဲ့အခါ အပူဒဏ်ကာနိုင်မယ့် ထီး၊ ဦးထုပ် ဆောင်းတာ၊ အလုပ်လုပ်တဲ့အခါ ဆက်တိုက်အလုပ်လုပ်တာကို​ရှောင်ပြီး မကြာခဏ အနားယူပေးတာ၊ နားတဲ့အခါ အရိပ်ရပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာတွေမှာ နားကြဖို့ လိုတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

• ခွဲစိတ်ဖို့ မလိုတဲ့ ဆီးကျောက်တည်ရောဂါကို တရုတ်၊ အိန္ဒိယ၊ အင်္ဂလန်၊ ဂျာမနီ စတဲ့ နိုင်ငံတွေမှာ သဘာဝဆေးပင်တွေ သုံးပြီး ကုသနိုင်နေပြီလို့ ဒေါက်တာခင််မောင်လွင် (FAME) က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ ဖေ့ဘွတ်မှာ ရေးသားထားပါတယ်။ ရောဂါကုသရာမှာ သုံးတဲ့ အသုံးအများဆုံးအပင်မျိုးစိပ်ဟာ တစ်ကမ္ဘာလုံးမှာ ၁၅ မျိုးအထိ ရှိပြီး မြန်မာပြည်မှာတော့ ဒီစာရင်းထဲ ပါဝင်တဲ့ ကျောက်ကွဲပင်၊ သံမနိုင်ကျောက်မနိုင်၊ အလိုကျူ၊ နတ်ဆေးဂမုန်း၊ သိကြားမကိုဋ်၊ ဆောင်တော်ကူး၊ ခြင်္သေ့သွား (ခေါ်) ဒုဓလီပင်၊ ခတ်ပင်တို့ ပေါက်ရောက်ပါတယ်လို့ သူက ရေးသားထားပါတယ်။

• ၂၀၂၆ ပညာသင်နှစ် ဆေးပညာသင်ကြားရေးဒီပလိုမာ (Diploma in Medical Education – Dip.Med.Ed) ဘွဲ့လွန်သင်တန်း အမှတ်စဉ် (၂၁) ကို ဖွင့်လှစ်ထားပြီး ပထမအကြိမ် အလုပ်ရုံးဆွေးနွေးပွဲကို မတ် ၁၈ ကနေ ၂၀ ရက်အထိ ပြုလုပ်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

• ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ပြည်သူတွေ အခုနှစ် နွေရာသီရဲ့ ပြင်းထန်တဲ့ အပူဒဏ်ကို ဘေးအန္တရာယ်ကင်းစွာ ကျော် လွှားနိုင်ဖို့အတွက် မြို့အနှံ့မှာ အပူရှောင်စင်တာပေါင်း ၃၀၄ ခုကို ကွန်ရက်တစ်ခုပုံစံနဲ့ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) က ဖွင့်လှစ်ထားပါတယ်။

• အမေရိကန်-အီရန် စစ်ပွဲအကျိုးဆက်ကြောင့် လတ်တလောမှာ ဆေးဝါးပြတ်လပ်မှုတွေကို မဖြစ်သေးသလို အနည်း ဆုံး ရက် ပေါင်း ၉၀ စာ လက်ကျန်ဆေးဝါးတွေ ရှိနေသေးတယ်လို့ ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ဆိုပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်ကာလက နိုင်ငံမှာ ဆေးဝါးပြတ်လပ်မှုပြဿနာကို ရင်ဆိုင်ခဲ့ရပေမယ့် အခုကာလဟာ အဲဒီလောက်အထိ မဆိုးဝါးတာမို့ ပြည်သူတွေအနေနဲ့ စိတ်မပူကြရအောင် ကြိုးစားနေတယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

• ၂၀၂၆ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ အပူချိန်ဟာ ၅၂ ဒီဂရီစင်တီဂရိတ်ကျော်အထိ မြင့်တက်ပြီး အလွန် အန္တရာယ်ရှိတဲ့အဆင့် အထိ ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်း လိုဒေသတွေဟာ ဒီအန္တရာယ်ကို အများဆုံး ကြုံတွေ့ရမယ့် ဒေသတွေ ဖြစ်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

• အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းက တက္ကသိုလ်တစ်ခုမှာ ဦးနှောက်အမြှေးရောင်ရောဂါ ကူးစက်ပြီး လူနှစ်ဦး သေဆုံးပြီးတဲ့နောက် ရောဂါကူးစက်ခံရသူတွေ ရုတ်တရက် တိုးလာပြီး ၂၀ ဦးအထိ ကူးစက်ခံနေရလို့ ဒါကို ထိန်းချုပ်နိုင်ဖို့အ တွက် တက္ကသိုလ်ကျောင်းသားတွေကို ကာကွယ်ဆေးထိုးပေးဖို့ အစိုးရက စတင်လုပ်ဆောင်နေပြီလို့ ရိုက်တာ သတင်းက ရေးသားထားပါတယ်။

• မောင်ဂျဲရို (Mounjaro) နဲ့ ဝီဂိုဗီ (Wegovy) လို ပိန်စေတဲ့ ထိုးဆေးသုံးသူတွေဟာ ထိုးဆေးရပ်လိုက်တာနဲ့ အစားအ သောက်နဲ့ ကိုယ်လက်လေ့ကျင့်ခန်းသုံး ဝိတ်ချနေသူတွေထက် လေးဆလောက် ခပ်မြန်မြန်နဲ့ ကိုယ်အလေးချိန် ပြန်တက်လာနိုင်တယ်လို့ သုတေသန လေ့လာချက်သစ်တစ်ခုက ဆိုပါတယ်။ ထိုးဆေးနဲ့ ဝိတ်ချသူတွေဟာ ထိုးဆေး သုံးချိန်မှာ ရှိရင်းစွဲ ကိုယ်အလေးချိန်ရဲ့ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပေမယ့် ဆေးဖြတ်လိုက်တာနဲ့ လစဉ် ပျမ်းမျှ အားဖြင့် ၀ ဒသမ ၈ ကီလိုဂရမ်ခန့် ပြန်တက်လာတယ်လို့ လေ့လာချက်သစ်ကို ကိုးကားပြီး ဗြိတိသျှဆေးဂျာနယ်က ရေးသားထားပါတယ်။​

• အိပ်မပျော်သူတွေ Sleep Tracking Devices သုံးတာဟာ တခါတရံမှာ စိုးရိမ်မှုကို ပိုပြီးတိုးစေတယ်လို့ လေ့လာ ဆန်းစစ်မှုတစ်ခုမှာ တွေ့ရှိထားပါတယ်။ Devices မှာ သုံးတဲ့ Apps တွေဟာ ကိုယ့်ရဲ့ အိပ်စက်မှု အရည်အသွေးကို အမြဲတမ်းစောင့်ကြည့်နေစေတာကြောင့် အိပ်ပျော်မှုအပေါ် အာရုံစိုက်မှု များစေပြီး စိတ်ဖိစီးမှုကိုလည်း တိုးလာစေတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

• “Weight-loss Pen” လို့ ခေါ်တဲ့ GLP-1 ထိုးဆေးနဲ့ ပစ္စည်း ထိန်းချုပ်မှုကို ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ (FDA) က ပိုပြီးတင်းကျပ်တော့မယ်လို့ The Nation သတင်းက ရေးသားထားပါတယ်။ ဒီထိုးဆေးကို ကိုယ်အလေးချိန်လျှော့ဖို့ အမှန်မကန် သုံးတာတွေ များတာဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိတာကြောင့်လို့ ဆို ပါတယ်။ “ဒီပစ္စည်းတွေကို ဆိုရှယ်မီဒီယာပေါ်မှာ ပိုပြီး ကြော်ငြာလာတာကြောင့် လူတွေက ဆရာဝန်ညွှန်ကြားချက် မရှိဘဲ ဝိတ်ချဖို့ သုံးလာသလို တချို့ဆို ဆေးပမာဏနဲ့ ဆေးထိုးနည်းတွေကိုတောင် ကိုယ်တိုင်ပြင်ပြီး သုံးနေကြတာတွေ ရှိတယ်လို့ FDA အထွေထွေအတွင်းရေးမှူး Supatra Boonserm က ဆိုပါတယ်။

လူကြိုက်များသောဆောင်းပါးများ