Skip to content

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (၁၊မတ်၊၂၀၂၆- ၇၊မတ်၊၂၀၂၆)

• နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှာ စတုတ္ထအကြိမ်နဲ့ ပဉ္စမအကြိမ် ကျောက်ကပ်အစားထိုး ခွဲစိတ် ကုသမှုကို ဖေဖော်ဝါရီ ၂၅ ရက်နဲ့ ၂၆ ရက်တို့မှာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ကနေ သိရပါတယ်။

• နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှာ စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ် ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသမှု ဆောင်ရွက်ထားတဲ့ လူနာတွေကို ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ကြည့်ရှုအား ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

• မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ကျေးရွာ ၁၉ ရွာက စစ်ရှောင်ပြည်သူ ၁၅,၀၀၀ ကျော်ဟာ စစ်ရှောင်ကာလ ၃ လနီးပါးကြာ ကြာမြင့်လာတဲ့အတွက် စားရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

• ကရင်နီပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှု ဖြစ်ပွားပြီးနောက် အောက်ဆီဂျင်လိုအပ်တဲ့ လူနာတွေအတွက် (၂၄) နာရီ မီးစက်နှိုးနေရတဲ့ ဆေးရုံတွေ အခက်ကြုံတွေ့လာရတယ်လို့ ကရင်နီအိုဝမ်း ဆေးရုံရဲ့ Medical Officer (MO) တာဝန်ယူထားသူတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေသတွင်းမီဒီယာတစ်ခုမှာ‌ ဖော်ပြထားပါတယ်။

• မကြာမီကျင်းပတော့မယ့် လွှတ်တော် အစည်းအဝေးမှာ တက်ရောက်မယ့် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့အရေးပေါ်ကျန်းမာရေး အခြေအနေဖြစ်လာပါက လျင်မြန်စွာ တုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောမွမ်းမံသင်တန်းတွေ ဆောင်ရွက်ပေးကြဖို့၊ ဆေးနှင့်ဆေး ပစ္စည်း အမျိုးအစား စုံလင်အောင် စုဆောင်းပြင်ဆင်ထားကြဖို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ညွှန်ကြားထားတယ်လို့ ထုတ်ပြန် ပါတယ်။

• ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက် ဆေးဝါးကုသမှုခံယူနေကြတဲ့ ကျောင်းသား/ကျောင်းသူတွေအတွက် ဆေးရုံဖြေစာစစ်ဌာနတွေ ဖွင့်လှစ်ပေးမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။

• အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ပြည်တွင်းမှာရောင်းချနေတဲ့ အလှကုန် ပစ္စည်း တွေကို စစ်ဆေးရာမှာထိုင်ဝမ်နိုင်ငံထုတ် Lianilo DL Whitening Cream Day Cream Excellent နဲ့ ထိုင်းဘာသာစကားနဲ့ ဖော်ပြထားတဲ့ MILA Color Chocolate Blusher တို့မှာ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့တားမြစ်ဓာတုဆေးဖြစ်တဲ့ Mercury နှင့် Rhodamine B တို့ ပါဝင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီဓာတုဗေဒပစ္စည်းတွေပါဝင်တဲ့ အလှကုန်တွေကို သုံးစွဲပါက အရေပြားယားယံတာ၊ ရောင်ရမ်းတာနဲ့ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်စေနိုင်တယ်လို့ အသိပေးထားပါတယ်။

• နောင်အနာဂတ် မျိုးဆက်သစ်တွေ ကျန်းမာကြံ့ခိုင်ဖို့ ငယ်ရွယ်စဉ်ကတည်းက မိခင်နို့ တစ်မျိုး တည်းကိုသာ အသက် ၆-လ အရွယ်အထိ တိုက်ကျွေးခြင်းဖြင့် အဝလွန်ခြင်းကို စတင်ပြီး ကြိုတင် ကာကွယ်နိုင်သလို ဆီကြော်မုန့်တွေနဲ့ အချိုဓာတ်လွန်ကဲတဲ့ အစားအစာတွေကို လျှော့စားတာ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်နှင့် အခွံမာသီးတွေကို ပိုမိုစားသုံးတာနဲ့ ကိုယ်လက် လှုပ်ရှားမှုကို နေ့စဉ် ပုံမှန်ပြုလုပ်ပေးတာမျိုးနဲ့ အဝလွန်ရောဂါကို ကာကွယ်နိုင်တယ် လို့ ကမ္ဘာ့အဝလွန်ရောဂါနေ့ဖြစ်တဲ့ မတ်လ ၄ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တိုက်တွန်းထားပါတယ်။

• မလေးရှားနိုင်ငံမှာ TB ရောဂါ ဖြစ်ပွားမှုနှုန်းမြင့်တက်နေပြီး TB ရောဂါဟာ လေထဲမှတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါ ဖြစ်တဲ့အတွက် လူစည်ကားနေသောနေရာတွေ ဒါမှမဟုတ် လေဝင် လေထွက် မကောင်းတဲ့နေရာတွေမှာ အလွယ်တကူ ကူးစက်နိုင်တဲ့ အတွက် Shoping Mall နဲ့ ကုန်တိုက် ဝန်ထမ်းတွေအနေနဲ့ Mask တပ်ဖို့နဲ့ ပိုင်ရှင်တွေကလည်း ဝန်ထမ်းတွေရဲ့ ကျန်းမာရေး ကို စောင့်ကြည့်ဖို့ ကျန်းမာရေးဌာနကတိုက်တွန်းထားသလို ဝန်ထမ်းတွေမှာ TB နဲ့ ဆိုင်တဲ့ လက္ခဏာတွေရှိနေပါက ကျန်းမာရေးဝန်ကြီးဌာနကို အကြောင်းကြားဖို့ ညွှန်ကြားထားပါတယ်။

• ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အခုရက်ပိုင်း လေထုညစ်ညမ်းမှု အလွန်မြင့်တက်နေတာကြောင့် အပြင်ထွက်ပါက မက်စ်တပ်ပြီးသွားလာကြဖို့နဲ့ နေအိမ်မှာလည်း လေသန့်စက်တွေ သုံးကြဖို့ ပြည်သူ့ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။

• ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ Thammasat University ရဲ့ Rangsit campus မှာ ကူးစက်လွယ်တဲ့ ရေကျောက်ရောဂါ ကူးစက်ဖြစ်ပွားနေတာကြောင့် အတန်းတွေကို ပိတ်ထား ကာ အွန်လိုင်းကနေပဲ သင်ကြားမှုတွေလုပ်တယ်လို့ The Nation သတင်း မှာဖော်ပြထား ပါတယ်။ တာဝန်ရှိသူတွေကတော့ အရေးပေါ်စစ်ဆေးမှုတွေလုပ်နေပြီး ဖေဖော်ဝါရီလ လယ်ပိုင်း မှာ ကျောင်းသားတွေ သွားခဲ့တဲ့ camp တစ်ခုနဲ့ ဆက်နွယ်နေတဲ့ ကိစ္စတွေကိုလည်း လိုက်လံ စစ်ဆေး နေတယ်လို့ ဆိုပါတယ်။

• ဥရောပမှာ ဒိန်းမတ်နိုင်ငံဟာ မိခင်ကနေ ကလေးဆီကို HIV နဲ့ ဆစ်ဖလစ် (syphilis) ရောဂါ မကူးစက်အောင် ပထမဆုံး အောင်မြင်စွာ တားဆီးနိုင်ခဲ့တဲ့နိုင်ငံဖြစ်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကထုတ်ပြန်ပါတယ်။

လူကြိုက်များသောဆောင်းပါးများ