တချို့လူတွေဟာ ခေါင်းမကြာခဏ ကိုက်နေတတ်ပါတယ်။ တချို့က တစ်ကိုယ်လုံး နာတတ်ပါတယ်။ တချို့မှာ ရင်ဘတ်မအီမသာဖြစ်တာ၊ ဗိုက်မအီမသာဖြစ်တာ၊ နုံးခွေပြီး အားမရှိသလို ခံစားရတာမျိုးတွေ နှစ်ရှည်လများ ဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်လာရင် ဘာရောဂါများရှိလဲဆိုပြီး ဆေးစစ်ကြည့်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် စစ်ဆေးမှုတွေ အကြိမ်ကြိမ်လုပ်ပြီးလည်း ကြီးမားတဲ့ရောဂါ မတွေ့ရတော့တဲ့အခါ “စိတ်ထဲမှာတင် ထင်နေတာပါ”၊ “ဘာမှမဖြစ်ဘဲနဲ့ ဟန်ဆောင်မနေနဲ့” ဆိုတဲ့ စကားလုံးတွေနဲ့ မိမိရဲ့ပတ်ဝန်းကျင်၊လုပ်ငန်းခွင်နဲ့ နောက်ဆုံးကိုယ်နဲ့ အနီးကပ်ဆုံးနေတဲ့ မိသားစုဝင်တွေရဲ့ ဝေဖန်ကဲ့ရဲ့တာကိုပါ ခံရတတ်ပါတယ်။ ဒါဟာ ဝေဒနာရှင်ကို ပိုပြီးစိတ်ဒဏ်ရာပေးလိုက်သလိုပါပဲ။
အဲ့ဒီလို အခြေအနေ ကြုံတွေ့နေရတာကို ဆေးပညာအရ “Somatic Symptom Disorder” လို့ခေါ်ပါတယ်။ တကယ်တော့ Somatic Symptom Disorder (SSD) ဆိုတာ ဟန်ဆောင်တဲ့ရောဂါ မဟုတ်ပါဘူး။ စိတ်ကူးယဉ်ပြီး ဖြစ်တဲ့ဝေဒနာလည်း မဟုတ်ပါဘူး။ ဒီအခြေအနေမှာ လူနာက ခန္ဓာကိုယ်လက္ခဏာတွေကို တကယ်ခံစားနေရပါတယ်။ ဒါပေမယ့် အဲ့ဒီလက္ခဏာတွေအပေါ် စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှု၊ အာရုံစိုက်မှုက အရမ်းများလာပြီး နေ့စဉ်ဘဝ၊ အလုပ်အကိုင်၊ မိသားစုဘဝနဲ့ လူမှုဆက်ဆံရေးတွေထိ ထိခိုက်လာတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် SSD ဆိုတာ “ဝေဒနာက တကယ်ရှိတယ်၊ ဒါပေမယ့် အဲ့ဒီဝေဒနာအပေါ် စိတ်ဖိစီးမှုက အရမ်းကြီးလာပြီး ဘဝကို ပင်ပန်းခက်ခဲစေတဲ့အခြေအနေ” လို့ နားလည်နိုင်ပါတယ်။
ဒီရောဂါကို နားလည်ဖို့ အရေးကြီးဆုံးအချက်က စိတ်နဲ့ကိုယ်ဟာ သီးခြားမဟုတ်ဘဲ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်ဆိုတာပါ။ စိတ်ဖိစီးမှုများလာရင် အိပ်မပျော်နိုင်သလို၊ အစာမကြေဖြစ်နိုင်သလို၊ နာကျင်မှုကိုလည်း ပိုပြင်းသလို ခံစားရနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ မအီမသာဖြစ်တာကြောင့် စိတ်က ပိုစိုးရိမ်လာတယ်။ စိုးရိမ်စိတ်ပိုများလာတော့ ခန္ဓာကိုယ်လက္ခဏာတွေကို ပိုသတိထားမိလာတယ်။ ဒီလိုနဲ့ ဝေဒနာနဲ့ စိုးရိမ်ပူပန်မှုဟာ အပြန်အလှန်အားဖြည့်နေတဲ့ စက်ဝိုင်းတစ်ခုလို ဖြစ်သွားတတ်ပါတယ်။ SSD မှာ အဓိကပြဿနာက ဒီစက်ဝိုင်းပဲ ဖြစ်ပါတယ်။
ဥပမာတစ်ခုအနေနဲ့ ပြောရရင် ရင်ဘတ်တစ်ခါအောင့်တာကို လူတစ်ယောက်က “နည်းနည်းပင်ပန်းလို့ထင်တယ်” လို့တွေးပြီး လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်ပါတယ်။ ဒါပေမယ့် SSD ရှိသူတစ်ယောက်အတွက်တော့ “ငါ့မှာ နှလုံးရောဂါကြီးရှိနေပြီလား”၊ “ဒီတစ်ခါတော့ အန္တရာယ်ရှိနေပြီလား” ဆိုပြီး အမြဲစိုးရိမ်နေနိုင်ပါတယ်။ အဲ့ဒီစိုးရိမ်မှုကြောင့် သူ့အာရုံက ကိုယ်ခံစားချက်ပေါ်ကိုပဲ အမြဲရောက်နေပြီး ဝေဒနာက ပိုဆိုးသလို ခံစားရတတ်ပါတယ်။ ဒါကြောင့် SSD ကို နားလည်လွယ်အောင်ပြောရရင် “လူနာက ရောဂါမရှိတာမဟုတ်ဘူး၊ ခံစားရမှုလည်း မရှိတာမဟုတ်ဘူး၊ ဒါပေမယ့် ရောဂါလက္ခဏာအပေါ်ထားတဲ့ ကြောက်ရွံ့မှုနဲ့ စိုးရိမ်မှုက ပိုကြီးနေတယ်” လို့ ပြောလို့ရပါတယ်။
ဒီလိုအခြေအနေရှိသူတွေဟာ ဆေးခန်းတစ်ခုကနေ တစ်ခုကို မကြာခဏ ပြောင်းပြတတ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ခံစားနေရတာကို တစ်ယောက်ယောက်က နားလည်ပေးမယ်၊ ရောဂါအကြောင်းအရင်းကို ရှာပေးမယ်လို့ မျှော်လင့်နေတာကြောင့်ပါ။ ဒါပေမယ့် ဆရာဝန်တစ်ယောက်နဲ့တစ်ယောက် ပြောင်းပြနေခြင်းက ငွေကုန်ကြေးကျများစေသလို စိတ်လည်း ပိုပင်ပန်းစေတတ်ပါတယ်။ အရေးကြီးတာက လူနာရဲ့ဝေဒနာကို အတည်ပြုပေးနိုင်ပြီး မလိုအပ်တဲ့စိုးရိမ်မှုတွေ လျော့သွားအောင် စနစ်တကျ လိုက်ပါကူညီပေးမယ့် ဆရာဝန်တစ်ဦးနဲ့ ရေရှည်ပြသနိုင်ဖို့ပါပဲ။ ဒါမှလည်း ဆရာဝန်နဲ့ လူနာကြား ခိုင်မာတဲ့ ယုံကြည်မှုကို နားလည်မှုရှိရှိတည်ဆောက်နိုင်ပြီး လူနာရှင်ဘက်ကလည်းခံစားရတဲ့ ဝေဒနာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး အဖြေရှာနိုင်မှာဖြစ်ပါတယ်။
Somatic Symptom Disorder (SSD) ကို ကုသတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ ဝေဒနာတွေကို သက်သာစေဖို့ရော၊ စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို လျှော့ချဖို့ပါ ပေါင်းစပ်ကုသတဲ့ “ဘက်စုံကုထုံး” ကို အသုံးပြုရပါတယ်။ SSD ကို ကုသတဲ့အခါ “ဝေဒနာလုံးဝပျောက်သွားရမယ်” ဆိုတာထက် “ဝေဒနာရှိနေရင်တောင် ဘဝကို ပြန်လည်ထိန်းချုပ်နိုင်ရမယ်” ဆိုတဲ့ ပန်းတိုင်ထားလေ့ရှိပါတယ်။ ကုသမှုမှာ အရေးကြီးဆုံးတစ်ခုက စိတ်ပိုင်းဆိုင်ရာကုထုံးဖြစ်ပါတယ်။ အထူးသဖြင့် Cognitive Behavioural Therapy (CBT) က အကျိုးရှိတတ်ပါတယ်။ ဒီကုထုံးက လူနာရဲ့အတွေးထဲမှာ ဝင်နေတဲ့ “ငါတော့ ရောဂါကြီးဖြစ်ပြီ”၊ “ဒီနာကျင်မှုက အန္တရာယ်အရမ်းကြီးတယ်” ဆိုတဲ့ အဆိုးမြင်၊ အလွန်အကျွံကြောက်ရွံ့တဲ့ အတွေးတွေကို ပြန်လည်သုံးသပ်စေပြီး ပိုတည်ငြိမ်တဲ့အမြင်နဲ့ ကိုင်တွယ်နိုင်အောင် ကူညီပေးပါတယ်။ ဒါ့အပြင် ဝေဒနာတွေကြောင့် ဖြစ်လာတဲ့နာကျင်မှုကနေ ပေါက်ဖွားလာတဲ့ စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှုတွေကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာကိုပါ သင်ကြားပေးပါတယ်။ မိမိခံစားရတဲ့ ရောဂါအခြေအနေကို နားလည်လက်ခံလာပြီး ခံယူချက်တွေပြောင်းလဲလာတဲ့အခါ စိတ်သစ်လူသစ် အားအင်သစ်တွေဖြစ်လာပြီး အလုပ်အကိုင်နဲ့ လူမှုရေးလုပ်ငန်းတွေကို ပုံမှန်အတိုင်း ပြန်လုပ်နိုင်အောင် အားပေးကူညီပါတယ်။
တချို့လူနာတွေမှာ စိုးရိမ်စိတ်၊ ပူပန်မှု၊ စိတ်ကျရောဂါလက္ခဏာတွေ တွဲရှိနိုင်လို့ ဆရာဝန်ညွှန်ကြားချက်အရ ဆေးဝါးလည်း သုံးနိုင်ပါတယ်။ ဒါပေမယ့် ဆေးက SSD ကို လုံးဝဥဿုံပျောက်ကင်းစေအောင် လုပ်ဆောင်ပေးမယ့်အရာ မဟုတ်ပါဘူး။ အဓိကက ဝေဒနာကို ပိုဆိုးစေတဲ့ စိတ်ပိုင်းဆိုင်ရာဖိအားတွေကို ထိန်းပေးဖို့ပါ။ ဒီဆေးတွေကိုတော့ ကျွမ်းကျင်သူ ဆရာဝန်ရဲ့ ညွှန်ကြားမှုနဲ့ အကြံပြုချက်အတိုင်းသာ သောက်သုံးသင့်ပါတယ်။
နေထိုင်မှုပုံစံ ပြောင်းလဲခြင်း (Lifestyle Management) ကလည်း ကုသမှုမှာ အလွန်အရေးကြီးပါတယ်။
ပုံမှန် ကိုယ်လက်လှုပ်ရှားမှုတွေဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ ရေကူးခြင်းစတဲ့ ပေါ့ပါးတဲ့ လေ့ကျင့်ခန်း တွေဟာ ခန္ဓာကိုယ်က သဘာဝအတိုင်း နာကျင်မှုပျောက်ကင်းစေတဲ့ ဓာတ်ပစ္စည်းဟော်မုန်း (Endorphins) တွေကို ထွက်စေပါတယ်။ အနားယူဖြေလျော့တဲ့ လေ့ကျင့်ခန်း (Relaxation Techniques)တွေဖြစ်တဲ့ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း နဲ့ အသက်ရှူလေ့ကျင့်ခန်း လုပ်ခြင်းတို့ကလည်း စိတ်ဖိစီးမှုကို လျှော့ချနိုင် ပြီး ခန္ဓာကိုယ်က ရောဂါဝေဒနာတွေကိုပါ သက်သာစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ရခြင်းကလည်း စိတ်ရောကိုယ်ပါ လန်းဆန်းစေပြီး ဝေဒနာတွေကို သက်သာစေပါတယ်။
မိသားစုဝင်တွေရဲ့ အခန်းကဏ္ဍကလည်း ဒီလိုအခြေအနေမျိုးမှာ အလွန်အရေးကြီးပါတယ်။ လူနာရဲ့ ဝေဒနာကို နားလည်လက်ခံပေးပြီး၊ လူနာက ရောဂါအကြောင်းပဲ အာရုံမစိုက်မိအောင် တခြား ပျော်ရွှင်စရာ ကိစ္စတွေမှာ ပါဝင်လာဖို့ ဆွဲဆောင်ပေးခြင်းဟာလည်း ကုသမှုတစ်မျိုးပဲ ဖြစ်ပါတယ်။ “ဘာမှမဖြစ်ဘူး၊ မတွေးနဲ့” လို့ ချိုးချိုးဖျက်ဖျက်ပြောတာထက် “ခံစားနေရတာကို နားလည်ပါတယ်”၊ “တဖြည်းဖြည်း ကောင်းလာအောင် အတူကူညီမယ်” လို့ ပြောပေးတာက ပိုအကျိုးရှိပါတယ်။ SSD ရှိသူတစ်ယောက်အတွက် အကြင်နာနဲ့ နားလည်မှုဟာ ကုသမှုတစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
အဆုံးသတ်အနေနဲ့ ပြောရရင် ရောဂါတစ်ခုခုကို ရှာမတွေ့တိုင်း လူတစ်ယောက်ဟာ ဒီဝေဒနာကို တစ်ကယ်မခံစားနေရတာ မဟုတ်ပါဘူး။ ဒီဝေဒနာဟာ အမှန်တစ်ကယ်ဖြစ်ပြီး အဲ့ဒီဝေဒနာအပေါ် စိုးရိမ်ပူပန်မှုက အရမ်းကြီးလာပြီး နေ့စဉ်ဘဝကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုလူနာတွေကို အပြစ်တင်တာမျိုး မလုပ်သင့်ဘဲ နားထောင်ပေးဖို့၊ နားလည်ပေးဖို့၊ မှန်ကန်တဲ့ကုသမှုလမ်းကြောင်းဆီ ပို့ဆောင်ပေးဖို့ လိုအပ်ပါတယ်။ တစ်ခါတလေ လူနာအတွက် အထိရောက်ဆုံးအကူအညီက ဆေးတစ်ခွက်မဟုတ်ဘဲ ကြင်ကြင်နာနာပြောတဲ့ အားပေးစကားလေးတစ်ခွန်း ဖြစ်နိုင်ပါတယ်။
References
-American Psychiatric Association. (n.d.). What is somatic symptom disorder?
-van der Feltz-Cornelis, C. M., et al. (2014). DSM-5: From somatoform disorders to somatic symptom and related disorders.