ကလေးဘဝ ပေါင်ခြံအူကျခြင်း (Childhood Inguinal Hernia) အကြောင်း သိကောင်းစရာ

Published On: December 8th, 2025|Views: 341|

(Dr. Yen Bi Ter ရေးသားသည်)

မိဘတွေအနေနဲ့ ကိုယ့်ရင်သွေးလေးရဲ့ ပေါင်ခြံမှာ အလုံး သို့မဟုတ် ရောင်ရမ်းမှုတစ်ခုကို တွေ့လိုက်ရတဲ့အခါ ထိတ်လန့်သွားတတ်ကြပါတယ်။ “အူကျတယ်” လို့ ဆိုလိုက်ရင်လည်း ခွဲစိတ်ရမလား၊ စိုးရိမ်ရမလားဆိုပြီး ပူပန်တတ်ကြတာ သဘာဝပါပဲ။

ဒါပေမယ့် ကလေးဘဝ ပေါင်ခြံအူကျခြင်းဆိုတာ ကလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး အခြေအနေတစ်ခုဖြစ်ပြီး အချိန်မီ စနစ်တကျ ကုသမှုခံယူမယ်ဆိုရင် လုံးဝပျောက်ကင်းသွားနိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ပေါင်ခြံအူကျခြင်းဆိုတာ ဝမ်းဗိုက်ထဲမှာရှိတဲ့ အူတစ်စိတ်တစ်ပိုင်း (သို့မဟုတ်) တခြားအရာဝတ္ထုတွေက ပုံမှန်ဆိုရင် ပိတ်နေရမယ့် လမ်းကြောင်းကနေတစ်ဆင့် ပေါင်ခြံ (သို့မဟုတ်) ကပ္ပာယ်အိတ်ထဲကို ထိုးထွက်ကျလာတာ ဖြစ်ပါတယ်။

ကလေးအများစုမှာ ဝမ်းဗိုက်နဲ့ ပေါင်ခြံကြားက သဘာဝလမ်းကြောင်း (Processus Vaginalis) ဟာ မမွေးဖွားမီမှာ ပိတ်သွားလေ့ ရှိပေမယ့် အူကျတဲ့ကလေးတွေမှာတော့ အဲ့ဒီလမ်းကြောင်းလေး မပိတ်ဘဲ ကျန်နေခဲ့တာကြောင့် အူတွေက အဲ့ဒီအပေါက်ကနေ လျှောဆင်းလာတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါဟာ မိဘတွေရဲ့ ပြုစုစောင့်ရှောက်မှု ညံ့ဖျင်းလို့ဖြစ်ရတာ မဟုတ်သလို၊ ကလေးက ငိုလွန်းလို့၊ ညှစ်လွန်းလို့ ဖြစ်ရတာလည်း မဟုတ်ပါဘူး။ မွေးရာပါ ပါလာတဲ့ အပေါက်ကနေ အူကျလာခြင်းသာ ဖြစ်ပါတယ်။

မိဘတွေအနေနဲ့ သတိထားကြည့်မယ်ဆိုရင် ကလေးရဲ့ ပေါင်ခြံ၊ ကပ္ပာယ်အိတ် (ယောက်ျားလေး)၊ သို့မဟုတ် မိန်းမကိုယ်နှုတ်ခမ်းသား (မိန်းကလေး) မှာ ပျော့ပျောင်းတဲ့ အလုံးလေးတစ်ခုကို စမ်းမိတတ်ပါတယ်။အထူးသဖြင့် ကလေးက ငိုတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ၊ ဝမ်းညှစ်တဲ့အခါနဲ့ မတ်တပ်ရပ်တဲ့အခါတွေမှာ ဝမ်းဗိုက်ဖိအားများလာတဲ့အတွက် အလုံးက ပိုကြီးလာတာ၊ ပိုသိသာလာတာကို တွေ့ရတတ်ပါတယ်။

ဒါပေမယ့် ကလေးက အိပ်ပျော်သွားတာ၊ ငြိမ်နေတာ၊ ဒါမှမဟုတ် အဖုလေးကို လက်နဲ့ ညင်ညင်သာသာ ပြန်ဖိသွင်းလိုက်တဲ့အခါမျိုးမှာတော့ အဖုက ပြန်ဝင်သွားလေ့ ရှိပါတယ်။ ဒါကိုတော့ ပြန်သွင်းလို့ရတဲ့ အူကျခြင်း (Reducible Hernia) လို့ ခေါ်ပြီး ပုံမှန်အားဖြင့်တော့ ကလေးမှာ နာကျင်မှု သိပ်မရှိတတ်ပါဘူး။ ဒါပေမယ့် သတိထားရမှာကတော့ အူကျခြင်းဟာ သူ့အလိုလို ပြန်ပိတ်သွားမယ့် ရောဂါမျိုး မဟုတ်ပါဘူး။

အကြီးမားဆုံး အန္တရာယ်ကတော့ “ပြန်သွင်းလို့မရဘဲပိတ်မိသွားခြင်း” (Incarceration) ပါပဲ။ ဒီအခြေအနေမှာ ကျလာတဲ့အူက ပြန်မဝင်တော့ဘဲ အပေါက်ဝမှာ ညပ်နေတဲ့အခါ သွေးလှည့်ပတ်မှု ပြတ်တောက်ပြီး အူပုပ်သွားတဲ့အထိ (Strangulation) ဖြစ်နိုင်ပါတယ်။ ဒါဟာ အသက်အန္တရာယ်ရှိတဲ့ အရေးပေါ် အခြေအနေပါ။

ဒါကြောင့် ကလေးမှာ ပေါင်ခြံကအလုံးက မာကျောပြီး ပြန်သွင်းလို့ မရတော့တာ၊ ကလေးက ရုတ်တရက် အော်ဟစ်ငိုယိုပြီး နာကျင်နေတာ၊ အန်တာ (အထူးသဖြင့် အစိမ်းရောင်အရည်တွေ အန်တာ)၊ အလုံးနေရာက နီရဲတာ၊ မည်းတာတွေ ဖြစ်လာပြီဆိုရင်တော့ အိမ်မှာ စောင့်မနေဘဲ နီးစပ်ရာ ဆေးရုံကို ချက်ချင်းသွားရောက်ဖို့ လိုအပ်ပါတယ်။

ကုသမှုအပိုင်းမှာတော့ သောက်ဆေးနဲ့ ပျောက်ကင်းအောင် ကုသလို့ မရပါဘူး။ ခွဲစိတ်ကုသခြင်း (Surgery) တစ်ခုတည်းကသာ အထိရောက်ဆုံး ကုသမှု ဖြစ်ပါတယ်။

ခွဲစိတ်တယ်ဆိုပေမယ့်လည်း ဒါဟာ ကလေးတွေမှာ အလွန်အဖြစ်များပြီး ဘေးကင်းလုံခြုံတဲ့ ခွဲစိတ်မှုတစ်ခု ဖြစ်တာကြောင့် အရမ်းကြီး စိုးရိမ်စရာ မလိုပါဘူး။ ဆရာဝန်က ပေါင်ခြံမှာ ခွဲစိတ်မှုအသေးစားပြုလုပ်ပြီး ပွင့်နေတဲ့လမ်းကြောင်းကို ပြန်ပိတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ကလေးကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ခွဲစိတ်တဲ့နေ့မှာပဲ အိမ်ပြန်ဆင်းခွင့် ရတတ်ပါတယ်။

ခွဲစိတ်ပြီးတဲ့အခါမှာတော့ ကလေးကို အနာသက်သာအောင် ဆရာဝန်ညွှန်ကြားတဲ့ အကိုက်အခဲပျောက်ဆေး တိုက်တာ၊ အနာကို သန့်ရှင်းခြောက်သွေ့အောင် ထားတာမျိုး ဂရုစိုက်ပေးရပါမယ်။ ပထမ ၂ ပတ်လောက်မှာတော့ ကလေးကို အရမ်းဆော့ကစားတာ၊ ပြေးလွှားခုန်ပေါက်တာမျိုး မလုပ်ခိုင်းဘဲ နားနားနေနေ နေခိုင်းသင့်ပါတယ်။

အချုပ်အားဖြင့် ပြောရရင် ကလေးဘဝ ပေါင်ခြံအူကျခြင်းနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆတွေ ရှိတတ်ပါတယ်။ ကလေးငိုလို့ အူကျတာမဟုတ်သလို၊ အဖုက ပြန်ဝင်သွားရုံနဲ့ ရောဂါပျောက်သွားတာ မဟုတ်ပါဘူး။

အချိန်ဆွဲလေလေ အန္တရာယ်များလေလေ ဖြစ်တဲ့အတွက် ပေါင်ခြံမှာ အလုံးတစ်ခုခုတွေ့တာနဲ့ ဆရာဝန်နဲ့ ပြသပြီး စောစီးစွာ ကုသမှုခံယူဖို့ တိုက်တွန်းချင်ပါတယ်။ စောစောသိပြီး စနစ်တကျ ကုသမယ်ဆိုရင် သင့်ကလေးဟာ ကျန်းမာပျော်ရွှင်စွာနဲ့ ပုံမှန်အတိုင်း ပြန်လည် ကြီးပြင်းလာမှာ ဖြစ်ပါတယ်။

References:

  1. American Academy of Pediatrics (Healthy Children)
  2. Hopkins Medicine
  3. Cleveland Clinic
  4. Seattle Children’s Hospital

 

ဒီအကြောင်းအရာကို မျှဝေပါ