မှက်ခရုနဲ့ ဆေးမြီးတိုကမ္ဘာကမိခင်တွေ
ခိုင်ရီ ရေးသည်
(ဆောင်းပါးရေးသူသည် ဝါရင့်သတင်းသမားတစ်ဦးဖြစ်သလို မိခင်တစ်ဦး လည်းဖြစ်သည်။ ယခုဆောင်းပါးရေးသားခြင်းအတွက် ဒို့အိမ်မက် မှ ပံ့ပိုးကူညီပေးထားသည်။)
မမိုးကြည်(အမည်လွဲ)တစ်ယောက် ကလေးမီးဖွားထားတာ ၁၀လရှိပါပြီ။ ပထမဆုံး မိခင်ဘဝ အတွေ့အကြုံဖြစ်လို့ သူ့အတွက်ကတော့ ကလေးနဲ့ ပတ်သက်သမျှဟာ စိုးရိမ်စရာ၊ စိတ်ပူစရာ အသစ်အဆန်းတွေချည်းပါပဲ။
အခုလည်း အဲဒီအသစ်အဆန်းတွေထဲက တစ်ခုကို မမိုးကြည် ကြုံတွေ့နေရပြန်ပါပြီ။ ကလေးကို ကိုယ်တစ်ယောက်တည်း တာဝန်ယူထိန်းနေရတဲ့မိခင်ဖြစ်တဲ့အတွက် ကလေးရဲ့ အခြေအနေကို အစောပိုင်းမှာ သတိမထားမိခဲ့ဘူး။
ဒီလိုနဲ့ ထမင်းစားတာ နည်းလာတဲ့ အချိန်မှာတော့ သမီးလေးရဲ့ ပါးစပ်ကို သတိထားကြည့်မိလိုက်တယ်။ နှုတ်ခမ်းမှာ အပူဖုလေး ပေါက်နေတာတွေ့တော့ သာမန်ပါပဲဆိုပြီး စိတ်အေးသွားမိတယ်။
နောက်ရက်မှာတော့ လျှာတစ်ခုလုံးမှာ ဖြူဖြူအကွက်တွေ ပေါ်လာပါတော့တယ်။ သမီးလေးဟာ ထမင်းလုံးဝ ကျွေးလို့မရတော့ပါဘူး။ သူ့ကိုကြည့်ရတာ ပါးစပ်က နာကျင်နေပုံပေါ်ပေမယ့် မအေနို့ကိုတော့ အစို့မပျက် ဘူး။ နာတဲ့ကြားက ကြိုးစားပြီး စို့ရှာပါတယ်။
အရပ်အခေါ် မှက်ခရုလို့ ခေါ်တဲ့ ဒီဖြူဖြူဖတ်တွေ စဖြစ်လာတာနဲ့ ပတ်ဝန်းကျင်က ကိုယ့်ထက် အတွေ့အကြုံရှိတဲ့ အမျိုးသမီးကြီးတွေ ဝိုင်းဝန်းအကြံပေးကြတဲ့ ဆေးမြီးတိုနည်းလမ်းတွေက တော်တော်များပါတယ်။
တချို့က ဂါထာမန္တာန်တွေနဲ့ မန်းမှုတ်တတ်တဲ့ မန်းတတ်သူဆီကို လမ်းညွှန်ပါတယ်။ မန်းပေးတဲ့လူကို ယုံကြည်စိတ်ထားမှ ပျောက်တယ်လို့လည်း ပြောကြတယ်။
နို့တိုက်မိခင် မမိုးကြည်ကို အစားရှောင်ခိုင်းတယ်။ အထူးသဖြင့် ဝက်သား၊ ပုစွန်၊ ခရမ်းသီး၊ ရုံးပတီသီး စတာတွေက ယားတတ်လို့ မစားဖို့ တားကြပါတယ်။ နောက်ပြီး ညှီတဲ့ အသားငါးတွေကိုပါ ရှောင်ရမယ်လို့ ဆိုပါတယ်။
နောက်တစ်ခုက မြေကြီးထဲက တီကောင်ပါ။ တီကောင်ကို ကိုင်ပြီး လက်ညှိုးမှာ ရစ်၊ ကလေးပါးစပ်က မှက်ခရုတွေကိုထိပြီး ဆွဲချခိုင်းပါတယ်။ လမ်းညွှန်တဲ့မိခင်ကတော့ သူကိုယ်တိုင်မလုပ်ရဲလို့ သူ့အဖေ (ကလေးရဲ့ အဘိုးဖြစ်သူ)က လုပ်ပေးတာ မှက်ခရုတွေဟာ အလွှားလိုက် ကွာကျခဲ့ဖူးတယ်လို့ သူ့ရဲ့ ကိုယ်တွေ့ ဖြစ်စဉ်ကို ပြောပြတယ်။
ပြီးတော့ တချို့က ကလေးရှူးပေါက်တာနဲ့ ချက်ချင်းပဲ ပူပူနွေးနွေးဆီးကိုယူ၊ ကလေးပါးစပ်ထဲက မှက်ခရုရှိတဲ့ လျှာ၊ ပါးစောင်တွေကို လိမ်းခိုင်းပါတယ်။ ဒါမှမဟုတ် ကလေးရှူးစိုဝတ်နဲ့ ပွတ်ခိုင်းပါတယ်။
ဒါတင်ပဲလားဆိုတော့ မပြီးသေးဘူး။ အမေရဲ့ဆံပင်နဲ့ ကလေးရဲ့ပါးစပ်ထဲက မှက်ခရုတွေကို သုတ်ခိုင်းပါတယ်။ ကွမ်းသီးသွေးပြီး လိမ်းခိုင်းကြပါတယ်။
မှက်ခရုပျောက်အောင် ချပေးတတ်တဲ့လူဆီကို အမြန်ဆုံးသွားဖို့နဲ့ ကြာလာရင် အဲဒီမှက်ခရုတွေက ဝမ်းသွားသလို ထွက်လာတတ်ပြီး ကလေးအသက်ဆုံးရှုံးနိုင်တယ်ဆိုတဲ့ စကားကတော့ မမိုးကြည်ရဲ့ ရင်ထဲက အပူကို အဆပေါင်းများစွာ တိုးစေခဲ့ပါတယ်။
မမိုးကြည်တစ်ယောက် မကြုံဖူး၊ မကြားဖူးတဲ့ ဆေးနည်းပေါင်းများစွာကို ကြားသိလိုက်ရတယ်။ လွယ်လင့်တကူ ပြေးပြလို့ရမယ့် ဆေးခန်းမရှိတဲ့ အရပ်မှာဖြစ်လို့ မျိုးစုံသောနည်းလမ်းတွေထဲက မမိုးကြည်တစ်ယောက် လိုက်လုပ်မိတာတွေကတော့ ကလေးရဲ့ လျှာကို နှမ်းဆီနဲ့ ပွတ်တာပါ။ ဒါပေမယ့် အဲ့ဒီနည်းကလည်း မသက်သာဘူး။ ဒုတိယနည်းဖြစ်တဲ့ ကလေးသေးစိုနေတဲ့ အနှီးစလေးနဲ့ ကလေးပါးစပ်ကို ပွတ်တဲ့နည်းကို သုံးလိုက်ပါတယ်။
သူများကလေးတွေမှာ ရက်ပိုင်းလောက်နဲ့ ပျောက်ပျောက်သွားတယ်ဆိုတဲ့ မှက်ခရုဟာ မမိုးကြည်ရဲ့ သမီးလေးမှာတော့ လဝက်လောက် ဆိုးဆိုးရွားရွား ခံစားခဲ့ရတယ်။ မသက်သာတဲ့အဆုံးမှာ ဆေးရုံကို ပြေးရပါတော့တယ်။
ဆရာဝန်က သမီးလေးအတွက် အစက်ချဆေးတမျိုးနဲ့ ဂျယ်လီလို အနှစ်ကြည်ကြည်လေးတွေပါတဲ့ အင်္ဂလိပ်ဆေးထုပ်လေးပေးပါတယ်။ ဆေးရုံက ပေးလိုက်တဲ့ ဒီဆေးတွေကြောင့် ရက်ပိုင်းအတွင်းမှာ ကလေးရဲ့ ပါးစပ်အတွင်းမှာရော၊ နှုတ်ခမ်းပေါ်မှာပါ ပေါက်နေတဲ့ မှက်ခရုတွေဟာ ပျောက်ချင်းမလှ ပျောက်သွား ပါတော့တယ်။
မလုပ်သင့်ဘူးဆိုတဲ့ အသိကို မသိစိတ်မှာ ခံစားရပေမယ့် လက်တွေ့မှာတော့ ကိုယ့်ထက် အတွေ့အကြုံရှိတဲ့ လူကြီးသူမတွေ ပြောတဲ့အတိုင်း လိုက်လုပ်မိခဲ့တာ မမိုးကြည်တစ်ယောက် ပြန်တွေးတိုင်း နောင်တရလို့ မဆုံးပါဘူး။
ကလေးနဲ့ပတ်သက်လာရင် ဆေးရုံဆေးခန်းကိုမသွားဘဲ အရပ်ထဲက ဆေးမြီးတိုတွေနဲ့ လက်တည့်စမ်းခဲ့မိတဲ့ မမိုးကြည်တစ်ယောက် ကိုယ့်ကိုယ်ကိုလည်း ပြစ်တင်မိသလို၊ ဘယ်သောအခါမှ အရပ်သုံးဆေးမြီးတိုတွေကို မသုံးတော့ဖို့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချလိုက်ပါတယ်။