ခေါစာပစ်ခြင်းက ကလေးတွေရဲ့ ကျန်းမာရေးကို ကာကွယ်ပေးနိုင်သလား
ခိုင်ရီ ရေးသည်
(ဆောင်းပါးရေးသူသည် ဝါရင့်သတင်းသမားတစ်ဦးဖြစ်သလို မိခင်တစ်ဦး လည်းဖြစ်သည်။ ယခုဆောင်းပါးရေးသားခြင်းအတွက် ဒို့အိမ်မက် မှ ပံ့ပိုးကူညီပေးထားသည်။)
လသားနုနုအရွယ်သမီးလေးရဲ့ မိဘတွေဖြစ်တဲ့ ကိုကျော်နဲ့ မမာမာတို့ လင်မယားနှစ်ယောက်ဟာ နေဝင်ရီတရောအချိန် ညနေခင်းတစ်ခုမှာ နှီးဗန်းတစ်ချပ်နဲ့ အလုပ်တွေရှုပ်နေကြပါတယ်။ နှီးဇကောထဲကို ထမင်းနဲ့ ဟင်းတွေထည့်တယ်၊ ပြီးတော့ မီးဖုတ်ထားတဲ့ငပိရယ်၊ ဝါးနဲ့လုပ်ထားတဲ့ ယောက်မတစ်ချောင်းရယ် ထည့်တယ်။
ကိုကျော်ကျော်ရဲ့ အမူအယာက တစ်နေရာရာကိုသွားဖို့ အလျင်လိုနေဟန်ရှိတယ်။ တစ်နေရာရာမှာ လူတချို့က သူ့ကို စောင့်နေလို့ အမှီသွားရမယ့်ပုံမျိုးနဲ့ မမာမာလက်ထဲ ထမင်းဟင်းတွေထည့်ထားတဲ့ ဇကောကို လှမ်းယူလိုက်တယ်။
“ဟိုကောင်တွေ ပြီးလို့စောင့်နေရောမယ်” လို့ ပြောတယ်။ ပြီးတော့ အိမ်ကနေ ခပ်သွက်သွက်ထွက်သွား ပါတော့တယ်။
မမာမာက လသားအရွယ်သမီးလေးကိုချီပိုးရင်း အိမ်မှာကျန်နေရစ်ခဲ့တယ်။
ကိုကျော်ပြောသွားတဲ့ ဟိုကောင်တွေဆိုတာ ရွာထဲက သူတို့မိသားစုနဲ့ ခင်မင်တဲ့ လူပျိုကာလသား သုံး၊ လေးယောက်ကို ပြောတာ။ သူတို့က ကြက်ကင် နှစ်ကောင်နဲ့အတူ ရွာထိပ်က ကိုကျော်တို့လယ်ပြင်နဲ့ သုသာန်ကြားက မြေကွက်လပ်မှာ အသင့်စောင့်နေကြပြီ။
အိမ်ကြက် နှစ်ကောင်ကို ဖမ်းပြီး၊ လုပ်စရာရှိတာလုပ်၊ ရေနွေးဖျော၊ အမွေးနှုတ်၊ ကျက်နေအောင်ကင်၊ ကိုကျော်ယူလာတဲ့ နှီးစကောထဲမှာ ထမင်းဟင်းတွေနဲ့အတူပေါင်းထည့်ပြီး မြေစောင့်နတ်ကို ပူဇော်ပသဖို့ အတွက် အသင့်ပြင်ဆင်ထားကြပြီ။
ခုတလောမှာ ကိုကျော်နဲ့ မမာမာတို့ရဲ့ လသားသမီးငယ်လေးဟာ တစ်နေကုန်မဖျားမနာဘဲ ညဘက်ဆို ကိုယ်ပူချိန်လေးတက်တတ်ပြီး ညသန်းခေါင်ဆို ထထငိုတာ ရက်ဆက်နေပြီဖြစ်ပါတယ်။ ဘေးကပ်လျှက်ရွာမှာ ကျေးလက်ကျန်းမာရေးသူနာပြုရှိပေမယ့် ဒီလောက်ကလေးနဲ့ကတော့ ဆရာမဆီသွားစရာမလိုဘူးလို့ သူတို့က တွေးပါတယ်။ ကလေးက ညညဆို ထထငိုနေတာ ရက်ဆက်လာတော့ ရွာထဲက နည်းနည်းပါးပါး တွက်တတ်ချက်တတ်တဲ့ ဗေဒင်ဆရာဆီသွားတော့ ခေါစာပစ်ရမယ်လို့ အကြံပေးပါတယ်။
ကလေးကို ညနေစောင်းမှ နေအိမ်အပြင်ကို ထုတ်မိလို့ မကောင်းဆိုးဝါး ဖမ်းစားတာလို့ ရပ်ထဲရွာထဲက လူကြီးသူမနဲ့ ရင်းနှီးခင်မင်နေသူတွေက ပြောတဲ့အခါ ကိုကျော်နဲ့ မမာမာတို့ သမီးလေးအတွက် စိတ်ပူကြ ပါတယ်။
ကိုကျော်တို့ မိသားစုဟာ မကွေးတိုင်းထဲက ကျေးရွာလေးတစ်ခုမှာ နေထိုင်ကြတဲ့ တောသူတောင်သား မိသားစုပါ။ ကိုကျော်တို့ရွာမှာ တစ်ရွာလုံးမှာရှိတဲ့ကလေးတွေတိုင်း ညညသန်းခေါင် ထထငိုရင် အဲဒီလို လုပ်နေကြ။ တချို့က ဘာသာရေး ယုံကြည်မှုတွေအရ ပရိတ်ကြိုး လက်မှာပတ်တာ၊ ပရိတ်ရေဖြန်းတာ စတာတွေလုပ်တတ်ကြတယ်။ ဆေးရုံ၊ဆေးခန်းထိမရောက်ဘဲ ဒီတိုင်းပြီးသွားကြတာများတယ်။
ကိုကျော်တို့ ဇနီးမောင်နှံအတွက်တော့ ဒါ ပထမဆုံးအတွေ့အကြုံပါပဲ။ မွေးကင်းစကလေးတွေအနေနဲ့ ကြီးထွားဖွံ့ဖြိုးမှု မြန်ဆန်နေတဲ့အချိန်အပိုင်းအခြားကာလဖြစ်တဲ့လသားအရွယ်တွေမှာ ညဖက်ထထငိုတာ၊ မအိပ်ဘဲ ဂျီကျနေတာတွေဟာ သဘာဝဖြစ်ကြောင်း သူတို့မသိကြပါဘူး။ ကလေးကိုဖမ်းစားထားတဲ့ မြေဖုတ်ပြိတ်တာတွေကို တောင်းပန်တဲ့အနေနဲ့ ခေါစာပစ်ဖို့လိုတယ်၊ ခေါစာပစ်လိုက်ရင် ကောင်းသွားမယ်လို့ သူတို့ယုံကြည်ကြတယ်။
ညမိုးချုပ်တော့ ကိုကျော်တစ်ယောက် နှီးဆန်ကောအလွတ်တချပ်ကိုင်ပြီး အိမ်ပြန်ရောက်လာပါတယ်။ သူ့အမေရင်ခွင်ထဲမှာရှိနေတဲ့ သမီးဖြစ်သူကို ခပ်ပြုံးပြုံးလှမ်းကြည့်ပြီး အိမ်ထဲဝင်သွားတယ်။ ခေါစာပစ်တဲ့ ညက ကလေးက အရင်ရက်ကထက်စာရင် အငိုနည်းသွားပြီး ကိုယ်ကတော့ နွေးတုန်းပါပဲ။
နောက်ရက်မှာတော့ ကလေးက ကိုယ်ထပ်ပူလာလို့ ဘေးရွာက ကျေးလက်ကျန်းမာရေးဆရာမဆီကို သွားပြတယ်။ ဆရာမက ကလေးကိုယ်ပူချိန်တိုင်းတော့ အဖျားရှိနေတဲ့အတွက် လိုအပ်တဲ့ဆေးဝါးတွေ ပေးလိုက်တယ်။ နောက်ရက်မှာတော့ ကိုကျော်နဲ့ မမာမာတို့သမီးလေး နေကောင်းသွားပါတယ်။
ရှေးထုံးနည်းလမ်းတွေကို ကျန်းမာရေးအသိပညာတွေ လက်လှမ်းမီမှုနည်းပါးတဲ့ ကိုကျော်တို့နေထိုင်ရာ ကျေးလက်ဒေသတွေမှာပဲ တွေ့ရသလားဆိုတော့ မဟုတ်ပါဘူး။ ဆေးရုံဆေးခန်းရော၊ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ လက်လှမ်းမီတဲ့ ရန်ကုန်လို မြို့ကြီးပြကြီးမှာတောင်မှ ဒီလိုယုံကြည်မှုတွေက ရှိနေဆဲပဲဖြစ်ပါတယ်။
မယမင်း(အမည်လွှဲ)ဟာ ရန်ကုန်မြို့မှာနေထိုင်တဲ့ သားသည်မိခင်တစ်ဦးလည်း ဖြစ်ပါတယ်။ လသားနုနုအရွယ် ကလေးငယ်လေးတစ်ယောက်အမေဖြစ်ပြီး ကိုကျော်နဲ့ မမာမာတို့ရဲ့ သမီးလေး လိုပဲ ညညထထငိုတတ်တဲ့ ကလေးကြောင့် စိတ်သောကရောက်နေရသူလည်းဖြစ်ပါတယ်။
အိပ်ယာပေါ်ချသိပ်လို့မရဘဲ တစ်ညလုံး ကော့ထိုးပြီး ငိုတတ်တဲ့ ကလေးကြောင့် အိပ်ရေးပျက်တဲ့ဒဏ်ကို ရက်ရှည်ခံလာရတဲ့အဆုံးမှာ လူကြီးသူမတွေ အကြံပေးသလို ဗေဒင်မေးတာ၊ ခေါစာပစ်တာတွေလုပ်တယ်။ ရေမန်းတွေဖြန်းတယ်။ ကလေး လေနာပျောက်တဲ့ ဆေးတွေတိုက်တယ်။ ဒါပေမယ့် မယမင်းရဲ့ တစ်လသားလေးဟာ ညသန်းခေါင်မှာ နိုးလာတယ်၊ မိုးလင်းတဲ့အထိ လက်ကမချတမ်း ချီထားရတုန်းပါပဲ။
မိရိုးဖလာ နည်းတွေကို လုပ်ပြီးသွားလို့ သိပ်မထူးခြားတဲ့အခါ ရန်ကုန်မြို့လယ်ခေါင်က အထူးကု ဆေးရုံကြီး ကိုသွားပြီး၊ ကလေးဆရာဝန်နဲ့ ပြတယ်။ ဆရာဝန်က ကလေးက ကျန်းမာကြောင်းနဲ့ စိတ်ပူစရာ မလိုကြောင်း၊ ဒီအရွယ်မှာ ဒီလိုဖြစ်တာ သဘာဝ ဆိုတဲ့အကြောင်းတွေပြောတယ်။ ကလေးကို နို့တိုက်ပြီးတိုင်း လေထုတ် ရမယ့်အကြောင်း၊ မိခင်က အစားမရှောင်ဖို့နဲ့ အာဟာရပြည့်ဝအောင် နေထိုင်စားသောက်ဖို့ အကြောင်းတွေ ကို ပြောပြပြီး ပြန်လွှတ်လိုက်ပါတယ်။ မလိုအပ်တဲ့အတွက် ဘာဆေးမှတိုက်စရာမလိုဘူးဆိုပြီး ကလေးအတွက်လည်း ဆေးမပေးလိုက်ပါဘူး။
မယမင်းရဲ့ အဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် ဆေးရုံဆေးခန်းတွေ၊ ဆေးဝါးတွေ၊ အထူးကုဆရာဝန်တွေနဲ့ မဝေးတဲ့အရပ်ဒေသမှာ၊ ကျန်းမာရေးအသိပညာတွေကို အင်တာနက်ကနေတဆင့်လေ့လာဖို့ လက်လှမ်းမီလာနေတဲ့ ခေတ်စနစ်မှာတောင် ရှေးထုံးနည်းတွေက စိမ့်ဝင်နေတုန်းပဲဆိုတာ တွေ့ရပါတယ်။ တချို့ဆိုရင် ကလေးငယ်တွေ ညဘက် မအိပ်တာတင်မက ကလေးဝမ်းသွားတာကိုတောင်မှ ဂိုဏ်းဆရာခေါ်၊ ခေါစာပစ် ဆိုတဲ့ အကြံဥာဏ်တွေက ပေးနေကြတုန်းပဲဆိုတာ တွေ့ရပါတယ်။
ဒါနဲ့ပတ်သက်ပြီး အသက် ၄၀ ကျော်အရွယ် ကိုထင်အောင်(အမည်လွှဲ)က သူငယ်စဉ်က ကြုံရတဲ့အတွေ့ အကြုံကို ယနေ့အထိ မှတ်မိနေတုန်းပဲလို့ဆိုပါတယ်။
ကိုထင်အောင်ခပ်ငယ်ငယ်က မြစ်ဝကျွန်းပေါ်ဒေသမှာအဘွားတွေနဲ့နေစဉ် ရက်ရှည်ဖျားနာတာဖြစ်ပါတယ်။ အဘွားတွေကရွာက နတ်ဆရာကို သွားမေးတယ်။ ကိုကျော်နဲ့ မမာမာတို့ ဇနီးမောင်နှံရယ်၊ မယမင်းတို့ရယ် ကြုံတွေ့ခဲ့ရသလိုပဲ နတ်ဆရာက ကလေးကို ညနေစောင်းအပြင်ခေါ်သွားလို့ သရဲဖမ်းထားတာ၊ ခေါစာပစ်ရမယ်ဆိုပြီး ပြောပါတော့တယ်။ နတ်ဆရာပြောသလို တသွေမတိမ်းလိုက်လုပ်ပေမယ့် အဖျားက လုံးဝမပျောက်တဲ့ အဆုံးမှာ မြို့ပေါ်ဆေးရုံကို ပြေးရပါတယ်။
ဆေးရုံရောက်လို့ သွေးစစ်တော့မှ သွေးလွန်တုတ်ကွေးပိုးတွေ့ပြီး စနစ်တကျကုသဖို့ အချိန်မီလိုက် လို့သာ သေကံမရောက်ခဲ့တဲ့အကြောင်းကို ပြောပြပါတယ်။
နတ်ဆရာ၊ ဗေဒင်ဆရာနဲ့ အရပ်ဆေးကုဆရာတွေ မနိုင်မနင်းဖြစ်တဲ့အချိန်ကျမှ နောက်ကျပြီး ဆေးရုံဆေးခန်း ရောက်လာ၊ အသက်ဆုံးရှုံးရတဲ့ ကလေးတွေ မရှိသင့်တော့ဘူးလို့ ကိုထင်အောင်က ယူဆပါတယ်။
နောင်မျိုးဆက်တွေကို အကြောက်တရားတွေ၊ လွဲမှားနေတဲ့ အယူအဆတွေကို ရှေ့ဆက်လက်ဆင့် မကမ်းသင့်တော့ဘူးလို့ ကိုထင်အောင်က သူ့အတွေ့အကြုံအပေါ်အခြေခံပြီး မိဘတွေကို အကြံပြုပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အချိန်ကာလ၊ ကိုထင်အောင် ကလေးဘဝအရွယ်ကတည်းက နတ်ဆရာ၊ ဗေဒင် စတာတွေကို ယုံကြည်၊ သူတို့ ခိုင်းတာတွေကို လိုက်လုပ်တတ်တဲ့ ရှေးရိုးဓလေ့တွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံ တနိုင်ငံဖြစ်တဲ့ မြန်မာပြည်မှာ ယနေ့ထိတိုင် ရှိနေကြဆဲဆိုတာ ကိုကျော်၊ မမာမာနဲ့ မယမင်းတို့ အဖြစ်က သက်သေပြနေပါတယ်။