သားဦးမေမေ ရတက်ပွေ

Published On: August 1st, 2024|Views: 414|

ယုပမ် ရေးသည်

(ဆောင်းပါးရေးသူသည် ဝါရင့်သတင်းသမားတစ်ဦးဖြစ်သလို မိခင်တစ်ဦး လည်းဖြစ်သည်။ ယခုဆောင်းပါးရေးသားခြင်းအတွက် ဒို့အိမ်မက် မှ ပံ့ပိုးကူညီပေးထားသည်။)

သားသား ဒီနေ့ ဝမ်းသွားနေတာ လေးကြိမ်လောက်ရှိပါပြီ။ ခုမှ သားဉီးလေးမွေးထားတဲ့ မစုစုအေးတစ်ယောက် သူ၏ ရှစ်ရက်သား ရင်သွေးလေးကိုကြည့်ပြီး ဝမ်းလျှောနေသည်ထင်ကာ စိုးရိမ်သထက်စိုးရိမ်လာသည်မို့ ခင်ပွန်းသည်ကို ခေါ်ကာ အနီးဆုံး ကလေးဆေးခန်းသို့ ပြေးတော့သည်။

သရုပ်ဖေါ်ပုံ - အေးသီတာကျော်

ဆေးခန်းသို့မရောက်ခင် လမ်းမှာတင်လည်း ကလေးက ဝမ်းတစ်ခါထပ်သွားပြန်တော့ မစုစုအေးတစ်ယောက် စိုးရိမ်တကြီး ငိုရပါပြီ။ ခင်ပွန်းဖြစ်သူက သူ့လက်မောင်းကို ဖွဖွလေးဆုပ်ကိုင်ပြီး အားတင်းထားဖို့ ပြောနေပေမယ့် သူကိုယ်တိုင်လည်း မျက်နှာအတော်လေးပျက်နေသည်။

ဆေးခန်းရောက်တော့ လူရှင်းနေတာနှင့် ကလေးဆရာဝန်နှင့် တန်းပြခွင့်ရလို့ အနည်းငယ်စိတ်သက်သာရာရသည်။ “ဆရာမရယ် ကျွန်မသားလေး ဝမ်းလျှောနေပြီထင်ပါတယ်။ ကျွန်မလေ မွေးကတည်းက ကြည့်နေတာ၊ သားကတစ်နေ့ကို လေးငါးခါ ဝမ်းသွားတာဘဲ။ တစ်ခါမှ သေသေချာချာ ရပ်တယ်လို့ကို မရှိဘူး” လို့လည်းပြော၊ ငိုလည်းငိုရင်း စိတ်ပူသထက် ပူနေမိတော့သည်။

ဆရာမက အရင်ဆုံး သားလေးကို သန့်ရှင်းရေးလုပ်ပေးဖို့ပြောပြီး ကလေးဝမ်းသွားသည့်အကြိမ်ရေကို မေးသည်။ ကလေးက မိခင်နို့သောက်သုံးပြီးချိန် ဝမ်းသွားမသွား မေးသည်။ ကလေးရဲ့ဝမ်းအရောင်ကို အသေးစိတ်မေးသည်။

“ဘေဘီလေးမေမေ သိပ်ပြီးလည်း မစိုးရိမ်ပါနဲ့နော်။ မွေးစကလေးတွေက လူကြီးတွေကို တစ်ရက်ကို တစ်ကြိမ် နှစ်ကြိမ်လောက်ဘဲ ဝမ်းသွားတာမျိုးမဟုတ်ဘူး။ သားသားက အခုမှ ဝမ်းသွားတာ လေးကြိမ်ဘဲရှိပါသေးတယ်။ မွေးကင်းစကလေးတွေဟာ ရက်သတ္တပတ် ခြောက်ပတ်လောက်အထိ တစ်နေ့ကို ဝမ်းသွားတဲ့အကြိမ်ရေ ပျှမ်းမျှ ခြောက်ကြိမ်လောက်သွားတတ်ကြပါတယ်။ အထူးသဖြင့် မိခင်နို့ သောက်သုံးပြီးတဲ့ အချိန်တွေမှာ ဝမ်းသွားလေ့ရှိတယ်။” လို့ သေချာရှင်းပြတော့မှဘဲ မစုစုအေးတို့ လင်မယားနှစ်ယောက်စလုံး စိတ်အေးသက်သာရာရတော့သည်။

မွေးကင်းစကလေးတွေဟာ မွေးဖွားပြီး ၂၄ နာရီကနေ ၄၈ နာရီအတွင်း ပထမဆုံး ဝမ်းသွားကြပြီး မိခင်ဝမ်းဗိုက်ထဲရှိ သားအိမ်ထဲတွင် ရှိနေစဉ်အတွင်း စုပ်ယူအစာခြေထားသည့်အရာများကြောင့် Meconium လို့ခေါ်သည့် အစိမ်းပုပ်ရောင် (သို့မဟုတ်) အညိုရောင် မစင်များကို စွန့်တတ်သည်။ မွေးစကလေးငယ်၏ မစင်သည် အစိမ်းပုပ်ရောင် ခပ်ပျစ်ပျစ်အနေအထားရှိပြီး ပထမရက်များအတွင်း အစိမ်းရောင်သို့ပြောင်းသွားတတ်သည်။ မွေးစမှ ပထမတစ်ပတ်ကျော်လျှင်တော့ ဝမ်းအရောင်သည် အဝါ သို့မဟုတ် ဝါညိုရောင်အဖြစ်ပြောင်းသွားမည်။ မွေးစကလေးအတွက် နောက်ရက်များတွင်တော့ ဝမ်းသွားခြင်းနှင့် ဆီးသွားခြင်းတို့သည် ပုံမှန်ဖြစ်လာပြီး တစ်ရက်လျှင် ပျှမ်းမျှ  နှစ်ကြိမ်မှ ငါးကြိမ်အထိဝမ်းသွားတတ်ကြောင်း၊ တချို့သော ကလေးငယ်များသည် တစ်ရက်ထဲကိုပင် ၁၂ ကြိမ်လောက်အထိ ဝမ်းသွားတတ်ပါကြောင်း ဆရာမက ထပ်ရှင်းပြပါသည်။ 

မွေးကင်းစတွင် မိခင်နို့မထွက်ခြင်းကြောင့် နို့မှုန့်သောက်သုံးရသည့် ကလေးများကတော့ မိခင်နို့တိုက်ကျွေးသည့် ကလေးငယ်တွေထက် ဝမ်းသွားသည့်အကြိမ်ရေနည်းလေ့ရှိပြီး ဝမ်းအရောင်သည်လည်း မိခင်နို့တိုက်ကျွေးသည့်ကလေးငယ်များက ပိုပြီး ဝါတတ်သည်။ 

“မေမေက ကလေးကို မိခင်နို့တိုက်နေတာဆိုရင် ကလေးရဲ့ဝမ်းက အရည်ဖြစ်တာ၊ အရောင်ဖျော့တာတွေကလည်း ပုံမှန်ပါဘဲ။ စိုးရိမ်ဖို့မလိုပါဘူးနော်။ ဒါပေမယ့် ဘယ်လိုအခြေအနေတွေမှာ စိုးရိမ်ရမလဲဆိုတော့ ကလေးမှာ ပုံမှန်မဟုတ်တဲ့ ဒီလိုရောဂါလက္ခဏာတွေ ရှိနေမယ်ဆိုရင်တော့ စိုးရိမ်ရတယ်နော်။ ကလေးက နို့တွေ ပုံမှန်မဟုတ်ဘဲ အော့အန်နေမယ်၊ ကလေးရဲ့ဝမ်းအရောင်က ကြက်သွေးရောင် ဒါမှမဟုတ် မွေးစရက် ကျော်လွန်ပြီးတာတောင် အနက်ရောင်ဖြစ်နေတာ၊ အဖြူရောင်၊ မီးခိုးရောင် မစင်တွေသွားတာဆိုရင်တော့ ကလေးက ချက်ချင်း ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်” တဲ့။ 

 

အိမ်အပြန်တွင် ကလေးဆရာဝန်မကြီး မှာလိုက်သည်များကို မမေ့အောင် စိတ်ထဲကနေ ထပ်ကာထပ်ကာ ပြန်တွေးပြီး မှတ်မိအောင် မစုစုအေးကြိုးစားသည်။ ကလေးက ပုံမှန် သွားနေကြထက် အကြိမ်ရေများစွာ ဝမ်းသွားနေမယ်၊ ကလေးရဲ့ မစင်က မာကျောနေတာ၊ ကလေးက မစင်စွန့်ဖို့ကို အတင်း ညှစ်ထုတ်ကြိုးပမ်းနေရတာ၊ ကလေးရဲ့ မစင်ထဲမှာ အကျိအချွဲတွေ၊ ရေတွေ အရမ်းပါလွန်းနေတာမျိုးဆိုရင်လည်း စိုးရိမ်ရတာပဲတဲ့။

ကလေးတစ်ယောက်ကို ကြီးပြင်းလာအောင် မွေးဖွားဖို့ရာ နေ့စဉ်သွားတဲ့ ဝမ်းကအစ အရေးကြီးလှပါလားလို့ တွေးမိရင်း မွေးကင်းစကလေးငယ်ကို ပြုစုစောင့်ရှောက်တာနဲ့ပတ်သက်ပြီး သူမသိသေးတာတွေ များနေသေးပါလား၊ ခုလိုမျိုး ကျန်းမာရေးဗဟုသုတမရှိဘဲ ရတက်ပွေတာမဖြစ်ရအောင် သိသင့်သိထိုက် သိရမှာတွေကို သိအောင်လုပ်ရဦးမည်ဟု မစုစုအေး တွေးမိသည်။

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ