ကိုယ်ဝန်ဆောင်ကာလတွင် အရေပြားယားယံခြင်း

Published On: August 25th, 2024|Views: 207|

ကိုယ်ဝန်ဆောင်ကာလဆိုတာ ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲခြင်းနဲ့ ဟော်မုန်းအပြောင်းအလဲကို အခံစားရဆုံး ကာလတွေပဲ ဖြစ်ပါတယ်။ တွေ့ရှိချက်တွေအရ ကိုယ်ဝန်ဆောင်အမျိုးသမီး ၅ ယောက်မှာ တစ်ယောက်က အရေပြားယားယံခြင်းဝေဒနာကို ခံစားနေရပါတယ်။ 

 

ကိုယ်ဝန်ဆောင်ကာလ အရေပြားယားယံခြင်းဟာ ကိုယ်ဝန် တတိယ ၃ လပတ်ဖြစ်တဲ့ ကိုယ်ဝန်သက် ၇ လလောက်မှာစတင်ခံစားရလေ့ရှိပြီး ကလေးမွေးပြီးမှသာ အလုံးစုံဥဿုံ ပျောက်ကင်းသွားလေ့ရှိပါတယ်။ မေမေတွေအတွက်တော့ ကုတ်ပြီးရင်းကုတ်၊ ကုတ်ပြီးရင်းကုတ်နေရတဲ့ မပြီးဆုံးနိုင်တဲ့ အိပ်မက်ဆိုးလိုပါပဲ။ ညညမှာ ယားယံတာပိုဆိုးတဲ့အတွက် ကိုယ်ဝန် ၇လလောက်ကစပြီး အိပ်ရေးမဝဖြစ်စေတတ်တဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာ ကျန်းမာရေး ပြဿနာတစ်ခုပါပဲ။ အချို့သောအမျိုးသမီးတွေမှာ ကလေးမွေးပြီးတဲ့ နောက်ပိုင်းမှာ ကိုယ်ဝန်ဆောင်ကာလယားယံတာကိုပဲ မှတ်မိနေလောက်တဲ့အထိ အရေပြားယားယံတာက ဆိုးဝါးနိုင်ပါတယ်။ ဒါပေမယ့်လည်း များသောအားဖြင့် ဒီယားယံခြင်းဝေဒနာတွေက ကလေးမွေးပြီးတာနဲ့ ယူပစ်သလို ပျောက်ကင်းသွားတတ်ပါတယ်။ ဒါ့အပြင် မိခင်နဲ့ ကလေးမှာလည်း နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရလေ့မရှိပါဘူး။

ကိုယ်ဝန်ဆောင်ကာလမှာ အောက်ပါအကြောင်းအရာတွေကြောင့် အရေပြားယားယံတဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။

အရေပြားတင်းလာခြင်း – ကိုယ်ဝန်ဆောင်လရင့်လာတာနဲ့အမျှ အရေပြားတွေကို တင်းတင်းဆွဲသလို ဖြစ်လာတဲ့အတွက် အရေပြားတွေ ပျက်စီးလာပါတယ်။ ပျက်စီးသွားတဲ့အရေပြားတွေကနေ ရေဓါတ်ဆုံးရှုံးတဲ့အခါ ယားယံစေတဲ့အာရုံကြောတွေကို လှုံ့ဆော်ခြင်းအားဖြင့် အရေပြားယားယံမှု ခံစားရစေပါတယ်။ အရေပြား ယားယံတဲ့ ဝေဒနာသက်သာစေဖို့ မေမေတို့က ကုတ်ခြစ်တာတွေ ပြုလုပ်တဲ့အခါ အရေပြားတွေ ပိုမိုပျက်စီးပြီးတော့ အရေပြားယားယံတာကို ပိုဆိုးလာစေတတ်ပါတယ်။

ဟော်မုန်းအပြောင်းအလဲ – ဒါ့အပြင် ကိုယ်ဝန်ဆောင်စဉ် မြှင့်တက်လာတဲ့ ဟော်မုန်းတွေကလည်း ယားယံစေတဲ့ ဓါတ်တွေကို တိုးပွားလာစေတတ်ပါတယ်။

အရေပြားခြောက်သွေ့ခြင်း – ရေဓါတ်မလုံလောက်တဲ့အခါ၊ ပတ်ဝန်းကျင်က အလွန်အမင်းခြောက်သွေ့နေတဲ့အခါ အရေပြားခြောက်သွေ့ခြင်းကြောင့် ယားယံတတ်ပါတယ်။

ဓါတ်မတည့်ခြင်း – တစ်ခါတစ်ရံမှာတော့ ရေမွှေး၊ အဝတ်အထည် စတာတွေနဲ့ ဓါတ်မတည့်တာကြောင့်လဲ ယားယံတတ်ပါတယ်။

အသည်းကြောင့် ယားယံခြင်း (intrahepatic cholestasis of pregnancy) – ကိုယ်ဝန်ဆောင်ကာလမှာ အရေပြားယားယံစေတဲ့ အခြားအကြောင်းအရာတွေထဲက အဖြစ်အများဆုံးပဲဖြစ်ပါတယ်။ ကိုယ်ဝန်လရင့်လာတာနဲ့ အမျှ အသည်းအပေါ်ဖိအားသက်ရောက်ပြီး အသည်းဟော်မုန်းနဲ့ သည်းခြေရေ (bile salt) တွေ များလာတဲ့အတွက် ဖြစ်တတ်ပါတယ်။ ယားယံခြင်းက ဝမ်းဗိုက်တစ်ဝိုက်မှာ စပြီးတော့ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားပါတယ်။ နောက်ဆုံးမှာတော့ လက်ဖဝါးနဲ့ ခြေဖဝါးတွေမှာ သိသိသာသာနီရဲပြီးတော့ ယားယံနေတတ်ပါတယ်။ တနေကုန်ယားတတ်ပြီး ညအချိန်မှာ ဆိုးဆိုးဝါးဝါးယားယံစေတတ်ပါတယ်။

Pruritic urticarial papules and plaques of pregnancy (PUPPP) – မြန်မာလိုတော့ အဖုအပိမ့်ထပြီး ယားယံခြင်းလို့ ပြန်ဆိုနိုင်ပါတယ်။ အကြောပြတ်ရာတစ်လျှောက် မှာစတင်ယားယံပြီးတော့ မျက်နှာ၊ လက်၊ ခြေတွေပါ ယားယံလေ့ရှိပါတယ်။ အဖုအပိမ့်တွေပါ ထတဲ့အထိ ယားယံနိုင်ပါတယ်။  

တစ်ခါတစ်ရံမှာတော့ ရှားရှားပါးပါး Pemphigoid gestationis လို့ခေါ်တဲ့ ခန္ဓာကိုယ်ခုခံအားစနစ်က အလိုအလျှောက်တုံ့ပြန်ခြင်း (autoimmune) စနစ်ကြောင့် ယားယံတတ်ပါတယ်။ အလွန်ရှားပါးတဲ့ ဖြစ်စဉ်ပဲဖြစ်ပါတယ်။ ကလေးကိုထိခိုက်စေတာမျိုးတော့ မရှိပေမယ့် ယားယံမှုက အခြားအကြောင်းအရာတွေလို ကလေးမွေးပြီးတာနဲ့တစ်ပြိုင်နက် မသက်သာသွားတတ်ပဲ ပျောက်ကင်းဖို့ အချိန်အတော်ကြာနိုင်ပါတယ်။

ယားယံတာကို သက်သာစေဖို့ အိမ်မှာ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။

ရေကြက်သီးနွေး (သို့) ရေအေးနဲ့ရေချိုးပါ – ရေပူနဲ့ ရေချိုးတဲ့အခါ အရေပြားပိုခြောက်စေနိုင်တဲ့အတွက် ရေကို ကြက်သီးနွေးအနေအထားနဲ့ ချိုးပေးပါ။

အဝတ်အစားပွပွချောင်ချောင်ဝတ်ပါ – အဝတ်အစားချောင်ချောင်တွေက သက်တောင့်သက်သာ ဖြစ်စေရုံသာမက အရေပြားနဲ့ ပွတ်တိုက်မှုကိုပါသက်သာစေတဲ့အတွက် မလိုလားအပ်တဲ့ အရေပြားလှုံ့ဆော်မှုတွေ နည်းစေနိုင်ပါတယ်။

အရေပြားအစိုဓါတ်ထိန်းပါ – ရေများများသောက်ပါ။ ဓါတုဆေးဝါးပါဝင်မှုနည်းတဲ့ အရေပြား အစိုဓါတ်ဖြည့်တဲ့ လိုးရှင်း၊ ခရင်မ် စတာတွေ အသုံးပြုနိုင်ပါတယ်။ ရာသီဥတု အရမ်းခြောက်သွေ့ရင် အခန်းထဲ အစိုဓါတ်လွှတ်ပေးနိုင်တဲ့ Humidifier အသုံးပြုနိုင်ပါတယ်။

အကယ်၍ ယားယံတဲ့ ဝေဒနာက အရမ်းဆိုးဝါးတယ်ဆိုရင် ကျန်းမာရေးပညာရှင်တွေနဲ့ တိုင်ပင်ပြီး လိမ်းဆေး၊‌ သောက်ဆေး စတာတွေနဲ့ သက်သာအောင် ဆောင်ရွက်နိုင်ပါတယ်။

References

https://www.healthline.com/health/pregnancy/itching-during-pregnancy

https://www.babycenter.com/pregnancy/your-body/itching-during-pregnancy_9450

https://www.pregnancybirthbaby.org.au/itching-during-pregnancy

 

မျှဝေရင်းကူ

ဒီအကြောင်းအရာကို မျှဝေပါ