မီးတွင်းဖျား

Published On: October 19th, 2024|Views: 167|
  • By Wor Mithi

မြန်မာနိုင်ငံမှာ နေထိုင်ရာဒေသနဲ့ လူမျိုးအပေါ်လိုက်ပြီး ကလေးမွေးဖွားတဲ့ဖြစ်စဉ်အပေါ် သဘောထားနဲ့ မီးဖွားပြီးအမျိုးသမီး (ဒေသအခေါ်မီးနေသည်) ကို ပြုစုစောင့်ရှောက်တဲ့ပုံစံကွဲပြားခြားနားလေ့ ရှိပါတယ်။ အထူးသဖြင့် အသိပညာဗဟုသုနည်းပါးမှု၊ တိုးတက်လာတဲ့နည်းပညာများအပေါ်မယုံကြည်မှု၊ အရိုးစွဲလာတဲ့ ထုံးတမ်းစဉ်လာများ နဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမမှီခြင်း စတာတွေကြောင့် ကလေးမွေးဖွားတဲ့အခါ မိခင်များမှာ မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရပြီး အသက်သေဆုံးသည်အထိ ဖြစ်နေကြရပါတယ်။ အဲ့ဒီအထဲ မီးတွင်းဖျားဟာလည်း တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ မီးတွင်းဖျားဆိုတာ အကြောင်းအမျိုးမျိုးကြောင့် မွေးဖွားပြီး သို့ ကလေးပျက်ကျပြီးနောက် ၄၂ ရက်အတွင်း မိခင်ရဲ့ မျိုးပွားအင်္ဂါလမ်းကြောင်း တစ်လျှောက် ပိုးဝင်ခြင်း ဖြစ်ပါတယ်။

 

အမျိုးသမီးတစ်ယောက်ရဲ့ မွေးလမ်းကြောင်းဟာ ပုံမှန်အားဖြင့်တော့ ရောဂါပိုးကင်းစင်ပါတယ်။ ဒါပေမယ့် ရေမွှာပေါက်ချိန် ၁၈နာရီကျော်ပြီးမှ ကလေးမွေးခြင်း၊ စနစ်တကျလေ့ကျင့်ထားတဲ့ ကျွမ်းကျင်သူနဲ့ မမွေးဖွားခြင်း၊ မွေးဖွားချိန်သုံးသည့်ပစ္စည်းကိရိယာများသေချာစွာ ပိုးသတ်ထားမှုမရှိခြင်း ၊ မီးဖွားချိန်မိန်းမကိုယ်ကို မကြာခဏစမ်းသပ်ခြင်း၊ အချင်းကပ်ခြင်း၊ အချင်းကျန်ခြင်း၊ မီးတွင်းသွေးသွန်ခြင်း၊ မွေးဖွားချိန်ကြာခြင်း စတာတွေကြောင့် မွေးလမ်းကြောင်းကနေတစ်ဆင့် သားအိမ်ထဲ ရောဂါပိုးဝင်ရောက်နိုင်တဲ့အတွက် မီးတွင်းပိုးဝင်ခြင်း (ဝါ) မီးတွင်းဖျား ဖြစ်ပွားလာရပါတယ်။ နောက်ပြီးတော့ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းစေတဲ့ မသင့်လျော်တဲ့ မီးတွင်း အလေ့အကျင့်တွေကြောင့်လဲ မိန်းမကိုယ်မှာ ပိုးဝင်ပြီး ထိုမှတစ်ဆင့် သားအိမ်ထဲထိ ရောဂါပိုးရောက်နိုင်ပါတယ် (ဥပမာ။ မီးနေသည်ရေမကိုင်ခိုင်းခြင်း၊ မိန်းမကိုယ်သန့်ရှင်းရေး မပြုလုပ်ခြင်း၊ မီးတွင်းသုံးအဝတ်များမသန့်ရှင်းခြင်း၊ ၄၂ရက်မပြည့်မီ အမျိုးသားနဲ့အတူနေခြင်းကြောင့် မွေးလမ်းကြောင်းဒဏ်ရာရခြင်း)။  ကလေးမွေးဖွားတဲ့ အမျိုးသမီးတိုင်း မီးတွင်းဖျားဖြစ်နိုင်ပေမယ့် အဝလွန်တဲ့သူ၊ ဆီးချိုရှိတဲ့သူ၊ သွေးတိုးရှိတဲ့သူ၊ ကိုယ်ခံစွမ်းအား မကောင်းတဲ့သူ၊ မီးဖွားခါနီး မွေးလမ်းကြောင်း ပိုးဝင်ထားတဲ့သူနဲ့ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါ ရှိသူတွေက ပိုဖြစ်နိုင်တဲ့အတွက် ဒီအုပ်စုဝင်အမျိုးသမီးတွေက ပိုသတိထားရမှာပဲဖြစ်ပါတယ်။

မီးတွင်းဖျားရင် အသိသာဆုံး လက္ခဏာကတော့ ကိုယ်ပူဖျားခြင်းပဲ ဖြစ်ပါတယ်။ ပြီးရင်တော့ ဝမ်းဗိုက်နာခြင်း၊ သွေးဆင်းများခြင်း၊ မိန်းမကိုယ်မှအနံ့ဆိုးတဲ့ သွေး၊ အဖြူဆင်းခြင်း စတာတွေဖြစ်နိုင်ပါတယ်။ အချိန်မီ သတိထားပြီး မကုသရင်တော့ သွေးဆိပ်တက်ခြင်း၊ သွေးလန့်ခြင်း နဲ့ အသက်သေဆုံးခြင်းအထိ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် အချိန်မီသိပြီး စနစ်တကျကုသနိုင်ရင်တော့ ရောဂါဟာ အရှင်းပျောက်ကင်းနိုင်ပါတယ်။ မီးတွင်းဖျားတဲ့အခါ ပိုးဝင်တာဖြစ်တဲ့အတွက် ပိုးသတ်ဆေး လိုကိုလိုအပ်ပါတယ်။ ဆေးသောက်ရတာကနေပြီးတော့ ဆေးရုံတက်ပြီး ဆေးသွင်းရတဲ့အထိ လိုအပ်နိုင်ပါတယ်။ ဒါကြောင့် မီးတွင်းဖျားတယ်ဆိုရင် လက်လှမ်းမီတဲ့ ကျန်းမာရေးပညာရှင် နီးစပ်ရာ ကျန်းမာရေးဌာနမှာ မဖြစ်မနေ ပြသကုသရမှာပဲဖြစ်ပါတယ်။

အဲ့တာကြောင့် ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲတွေ မခံစားရစေဖို့ အမျိုးသမီးတိုင်းဟာ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုကို သေချာခံယူသင့်ပြီးနဲ့ ခေတ်မီသားဖွားနည်းလမ်းကို စနစ်တကျလေ့ကျင့် သင်ယူထားတဲ့ ကျန်းမာရေးစောင့်ရှောက်သူနဲ့ မွေးဖွားသင့်ပါတယ်။

References

https://www.healthline.com/health/puerperal-infection#prevention

https://www.ncbi.nlm.nih.gov/books/NBK560804/

https://link.springer.com/referenceworkentry/10.1007/978-3-642-00418-6_164

https://bmcpregnancychildbirth.biomedcentral.com/articles/10.1186/s12884-019-2230-x

မျှဝေရင်းကူ

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ