မိန်းမကိုယ်မှ အဖြူဆင်းခြင်း
- By Wor Mithi
မိန်းမကိုယ်မှ အဖြူဆင်းခြင်းဆိုတာ အမျိုးသမီးတိုင်းနဲ့ မစိမ်းတဲ့ ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေတော့ သာမန်ကာလျှံကာ ကျော်သွားလို့ ရပေမယ့် တစ်ခါတစ်လေမှာတော့ အချိန်အကြာကြီးထိ မသက်သာပဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အဖြူဆင်းခြင်း နဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာလေးတွေကို ဒီဆောင်းပါးမှာ မျှဝေပေးထားပါတယ်။

အဖြူဆင်းတယ်ဆိုတိုင်း ရောဂါဖြစ်နေတာတော့ မဟုတ်ပါဘူး။ ပုံမှန်အားဖြင့်တော့ အဖြူဆင်းခြင်းဆိုတာ သဘာဝတရားကြီးက အမျိုးသမီးများရဲ့ မိန်းမကိုယ်ထဲကို ရောဂါပိုးမွှားတွေ မဝင်ရောက်စေနိုင်ဖို့ ကာကွယ်ပေးထားတာပါ။ အမျိုးသမီးတိုင်း အဖြူဆင်းနိုင်ပြီးတော့ ရာသီမလာခင်နဲ့လာပြီးအချိန်၊ ကိုယ်ဝန်ဆောင်ချိန်တွေမှာ အဖြူဆင်းတာ ပိုများနိုင်ပါတယ်။ သာမန်အဖြူဆင်းတဲ့အခါ ဆင်းတဲ့အဖြူဟာ အနံ့မရှိသလို၊ အရောင်ကအကြည်(သို့)အဖြူဖြစ်ပြီး ပျစ်ချွဲချွဲ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ဆင်းတဲ့အဖြူတွေက အရောင်၊ အနံ့ပြောင်းနေတယ် ဒါမှမဟုတ် မိန်းမကိုယ်မှာ ယားယံနေမယ်၊ ပူစပ်နေမယ်ဆိုရင်တော့ ရောဂါပိုးတစ်ခုခု ဝင်တဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ အဖြစ်များတဲ့ ရောဂါတွေနဲ့ သူတို့ရဲ့ လက္ခဏာတွေကို အောက်မှာ ဖော်ပြထားပေးပါတယ်။
မှိုဝင်ခြင်း – Candida Albican ဆိုတဲ့ ရီးစ်မှိုရောဂါပိုးတစ်မျိုး ဝင်ရောက်ကူးစက်ခံရတာပါ။ အဖြူဆင်းတဲ့အခါ နို့ဖတ်တွေလို အဖတ်အဖတ်ဆင်းတတ်ပါတယ်။ မိန်းမကိုယ်တစ်ဝိုက်မှာ ယားယံပြီးတော့ ပူစပ်ပူလောင် ဖြစ်နိုင်ပါတယ်။ လိင်ဆက်ဆံတဲ့အခါ နာကျင်တာမျိုးဖြစ်တတ်ပါတယ်။ လိင်မှတစ်ဆင့်လဲကူးစက်တတ်ပြီး ကိုယ်ဝန်ဆောင်ချိန်လိုမျိုး ကိုယ်ခံစွမ်းအားနည်းနေတဲ့အချိန်မျိုးမှာ သူ့အလိုလိုလဲ ဖြစ်လာတတ်ပါတယ်။
ကာလသားရောဂါ – လိင်မှတစ်ဆင့်ကူးစက်တတ်ပြီး ခပ်နောက်နောက် (သို့) အစိမ်းရောင် (သို့) အဝါရောင်သမ်းတဲ့ အဖြူအပြင် သွေးစသွေးနပါတာ၊ ဆီးခုံအတွင်းဖက်အောင့်တာတွေ ဖြစ်တတ်ပါတယ်။ မကုသပဲထားရင် မြုံသွားတာအထိ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာဆိုရင်လည်း ကလေးပျက်တာ၊ လမစေ့ပဲမွေးတာ၊ ကလေးမှာ မွေးရာပါ ကာလသားရောဂါပါတာမျိုးဖြစ်တတ်ပါတယ်။
Trichomonas ကပ်ပါးရောဂါပိုးဝင်ခြင်း – လိင်မှတစ်ဆင့် ကူးစက်တတ်ပြီး အနံ့ဆိုးပြီး အမြှုပ်ပါတဲ့အဖြူဆင်းတာ၊ မိန်းမကိုယ်ယားတာ၊ ဆီးကျဉ်တာ စတာတွေဖြစ်နိုင်ပါတယ်။ ဒီရောဂါပိုးကြောင့် ကိုယ်ဝန်ဆောင်တွေမှာ လမစေ့ဘဲမွေးတာ၊ ပေါင်မပြည့်တဲ့ကလေးမွေးတာမျိုး ဖြစ်နိုင်ပါတယ်။
ဘက်တီးရီးယားပိုးဝင်ခြင်း – ငါးညှီနံ့လို အနံ့မျိုးထွက်နေတဲ့ အဖြူဆင်းတတ်ပါတယ်။ လိင်မှတစ်ဆင့်လည်း ကူးစက်တတ်ပြီး အမြဲတမ်းတော့ မဟုတ်ပါဘူး။ ကိုယ်ခံစွမ်းအားနည်းနေတဲ့အချိန်မျိုးမှာ အလိုလိုလည်း ဖြစ်တတ်ပါတယ်။
တခြားအကြောင်းအရာတွေကြောင့်လဲ ဖြစ်တတ်ပေမယ့် အထက်ပါအကြောင်းအရာတွေကတော့ အဖြစ်အများဆုံးပါဘဲ။ ဖြစ်စေတဲ့ အကြောင်းအရာပေါ်လိုက်ပြီး ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေ လိုနိုင်တဲ့အတွက် ဆင်းတဲ့ အဖြူက အရောင်၊ အနံ့၊ အနေအထား ပြောင်းလာတယ်ဆိုရင်၊ မိန်းမကိုယ်ယားယံတာ၊ လိင်ဆက်ဆံရင် နာကျဉ်တာ ဖြစ်မယ်ဆိုရင်တော့ ကျန်းမာရေးပညာရှင်နဲ့ မဖြစ်မနေ တိုင်ပင်သင့်ပါတယ်။
မိန်းမကိုယ်ကို ရောဂါပိုးတွေကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ဖို့ အောက်ပါအချက်လေးတွေကို လိုက်နာပေးနိုင်ပါတယ္။
– တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ။
– မိန်းမကိုယ်ကို ခြောက်သွေ့သန့်ရှင်းနေအောင်ထားပါ။
– မိန်းမကိုယ်ကို သန့်ရှင်းတဲ့အခါ ဆပ်ပြာမသုံးရပါဘူး။ မိန်းမကိုယ်အတွင်းက အက်ဆစ်ဓါတ်ဖြစ်ပြီး ဆပ်ပြာက အယ်ကာလီဖြစ်တဲ့အတွက် ဓါတ်ပြယ်ပြီး မိန်းမကိုယ်အတွင်း ခုခံစွမ်းအားကျစေပါတယ်။ ဒါကြောင့် မိန်းမကိုယ်သန့်ရှင်းဖို့ ရေအသုံးပြုရင် လုံလောက်ပါတယ်။ မိန်းမကိုယ်သန့်စင်ဆေးရည် ဝယ်ရလွယ်ကူရင် အသုံးပြုနိုင်ပါတယ်။
– မိန်းမကိုယ်အတွင်းကို ရေနဲ့ဆေးတာမျိုးမလုပ်ရပါဘူး။
– အတွင်းခံတွေကို နေပူမှာသေချာလှန်းပြီး သို့ မီးပူတိုက်ပြီး ခြောက်သွေ့သန့်ရှင်းတဲ့ အတွင်းခံကိုသာ ဝတ်ဆင်ပါ။ နေရောင်နဲ့ အပူက ပိုးတွေကို သေစေနိုင်ပါတယ်။
– လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးခြင်းက လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။
– အိမ်ထောင်ဖက်/လိင်ဆက်ဆံဖော်မှာ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါရှိနေရင် နှစ်ယောက်လုံး ဆွေးနွေးကုသမှုခံယူပါ။
https://my.clevelandclinic.org/health/symptoms/4719-vaginal-discharge
https://www.mayoclinic.org/symptoms/vaginal-discharge/basics/causes/sym-20050825