ကလေးများ၏ ကြီးထွားမှုကိုစောင့်ကြည့်ခြင်း
- By Wor Mithi
ကလေးများရဲ့ ကြီးထွားမှုကို စောင့်ကြည့်တဲ့အခါ ပုံမှန်အတိုင်း ကစားနေ၊ စားနေ၊ သွားနေတာကို စောင့်ကြည့်နေရုံနဲ့ မလုံလောက်ပါဘူး။ ကလေးအသက်အလိုက် ပုံမှန်ရှိရမယ့် အရပ်အမောင်း၊ ကိုယ်အလေးချိန် စတာတွေ ရှိနေသလားဆိုတာကိုပါ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ပုံမှန်အတိုင်း ကိုယ်ခန္ဓာဖွံ့ဖြိုးနေမှု ရှိ/မရှိကို ကိုယ်အလေးချိန်၊ အရပ်အမြင့် စတာတွေပုံမှန်တိုင်းတာပေးပြီး အသက်အလိုက်၊ လိင်အမျိုးအစားအလိုက် ရှိသင့်ရှိထိုက်တဲ့ အတိုင်းအတာ ရှိ/မရှိ စောင့်ကြည့်နိုင်ပါတယ်။ ဒီလိုဆောင်ရွက်ချက်တွေကို ပုံမှန်အားဖြင့်တော့ ကလေးကျန်းမာရေးစောင့်ရှောက်ပေးတဲ့ ကျန်းမာရေးဌာနတွေမှာ ဆောင်ရွက်နိုင်ပြီး ချိန်းဆိုတဲ့အတိုင်း သွားရောက်ပြသပြီး စောင့်ကြည့်သင့်ပါတယ်။ ဒါပေမယ့်လည်း ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမှီတဲ့ အခါမျိုးမှာတော့ မိမိအိမ်မှာ အောက်မှာ ဖော်ပြထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ပြီး တိုင်းတာနိုင်ပါတယ်။

ကိုယ်အလေးချိန်တိုင်းတာခြင်း
ကလေးဟာ အသက်အလိုက် ရှိသင့်တဲ့ ကိုယ်အလေးချိန်ရှိမနေဘူးဆိုရင် ကလေးမှာ ရေတိုအာဟာရချို့တဲ့ခြင်း ရှိနေတယ်ဆိုတာကို ညွှန်ပြနေပါတယ်။ ကိုယ်အလေးချိန်တိုင်းတာနိုင်ဖို့ ကိုယ်အလေးချိန်တိုင်းစက် လိုအပ်ပါတယ်။ ကိုယ်အလေးချိန်ကို တစ်ချို့စက်တွေက မီတာခွက်နဲ့ ပြလေ့ရှိပြီး တစ်ချို့စက်တွေကတော့ နံပါတ်တွေနဲ့ ပြလေ့ရှိပါတယ်။ ဘယ်တိုင်းတာစက်မဆို အနီးဆုံး ဒသမ ၁ နေရာအထိ အနည်းဆုံး ယူပေးရပါမယ်။ ဥပမာ – ၅.၆ ကီလိုဂရမ်။
အသက် ၂ နှစ်အထက်ကလေးများ ကိုတိုင်းတာတဲ့အခါ ကိုယ်အလေးချိန်တိုင်းစက်ကို ရေပြင်ညီမျက်နှာပြင်မှာ ထားပြီး တိုင်းတာစက်ရဲ့ မီတာက သုည မှာ ရှိနေရပါမယ်။ အပေါ်ဝတ်အားလုံးကို ချွတ်ပြီး အဝတ်ကို အနည်းဆုံး၊ အပေါ့ဆုံးထားပေးပါ။ (သို့) အဝတ်ဗလာနဲ့ တိုင်းပါ။ ကလေးကို တိုင်းစက်ရဲ့ အလယ်မှာရပ်ခိုင်းပြီး လက်နှစ်ဖက်ကို ဘေးမှာကပ်ခိုင်းထားပါ။ ကလေးကို တည့်တည့်ရပ်ပြီး ရှေ့တည့်တည့်ကြည့်ခိုင်းပါ။ ကိုယ်အလေးချိန်တိုင်းစက်မီတာခွက်တွင် ကိုယ်အလေးချိန်ဖတ်ပါ။
အသက် ၂ နှစ်အောက်ကလေးများဆိုရင်တော့ အထက်ပါနည်းလမ်းများအတိုင်း မိခင်ကိုယ်အလေးချိန်ကို အရင်တိုင်းတာပြီး မှတ်သားပါ။ ပြီးမှ ကလေးကိုပွေ့စေပြီး မိခင်နှင့်ကလေး ၂ ဦးပေါင်းအလေးချိန်ကို တိုင်းတာပြီး မိခင်ကိုယ်အလေးချိန်ကို နှုတ်ပစ်ပါ။
အရပ်အမြင့်တိုင်းတာခြင်း
အရပ်ပုညှက်ခြင်းက ကလေးမှာ နာတာရှည် အာဟာရချို့တဲ့နေတဲ့ လက္ခဏာဖြစ်ပါတယ်။ ကလေးများကို အရပ်အမြင့်တိုင်းတာနိုင်ဖို့ ပေကြိုးလိုအပ်ပါတယ်။ အသက် ၂နှစ်အထက်ကလေးဆိုရင်တော့ မတ်တပ်ရပ်ခိုင်းပြီး တိုင်းတာနိုင်ပြီးတော့ အသက် ၂ နှစ်အောက်ဆိုရင်တော့ လဲလျောင်းတဲ့ အနေအထားအတိုင်း ကိုယ်ရဲ့အလျားကို တိုင်းတာရမှာ ဖြစ်ပါတယ်။ အိမ်မှာ ဆောင်ရွက်နိုင်တာကတော့ နံရံမှာ ပေကြိုးကို တိပ်နဲ့ကပ်ထားတာဖြစ်ဖြစ်၊ ပေကြိုးအတိုင်းအတာအတိုင်း နံရံမှာ ရေးဆွဲထားတာဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ အသက်၂နှစ်အောက်ကလေးများအတွက် ဆိုရင်တော့ တိုင်းတာတဲ့ ဘုတ်ပြားပုံစံဖြစ်အောင် စီမံရမှာပဲ ဖြစ်ပါတယ်။
တိုင်းတာတဲ့အခါ တိကျနိုင်သမျှတိကျနိုင်အောင် ကလေးကို ဖိနပ်၊ ဦးထုတ်စတာတွေ ချွတ်ထားရပါမယ်။ မတ်တပ်ရပ်တိုင်းတဲ့အခါ ခြေထောက်ကိုအနည်းငယ်ခွဲရပ်ခိုင်းပြီး ဦးခေါင်းနောက်ဖက်၊ ပခုံးနောက်ဖက်၊ တင်ပါး၊ ခြေသလုံး၊ ခြေဖနှောင့် စတာတွေကို နံရံနဲ့ထိထားခိုင်းရပါမယ်။ အရပ်အမြင့်ကို တိတိကျကျ တိုင်းတာနိုင်ဖို့ ပေတံစတာတွေနဲ့ ခေါင်းကို အသာထိကပ်ပြီး ရေပြင်ညီအတိုင်း အရပ်တိုင်းတဲ့ ပေကြိုးပေါ်က အမှတ်အသားများကို ဖတ်ရပါမယ်။
အသက် ၂နှစ်အောက်ကလေးများဆိုရင်တော့ ကလေးကို တိုင်းတာမယ့်ဘုတ်ပြားပေါ် ဖြောင့်ဖြောင့်တန်းတန်းဖြစ်အောင် အနေအထားပြင်ဆင် လှဲလျောင်းခိုင်းထားပြီး ခေါင်းကနေ ခြေဖဝါးအထိ တိုင်းတာရပါမယ်။
ပုံမှန်ကိုယ်အလေးချိန်နှင့် အရပ်အမြင့်ရှိ/မရှိကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားတဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့် စောင့်ကြည့်ရေးကဒ်ပြားပေါ်မှာ နေရာချပြီး စောင့်ကြည့်လို့ရပါတယ်။
ဆိုင်ရာကဒ်ပြားများကို ဒီနေရာမှာ https://www.who.int/tools/child-growth-standards/standards (percentile chart _Weight for age/ height for age chart/girls/boys) ရှာဖွေနိုင်ပါတယ်။ မိဘတွေအနေနဲ့ အကြမ်းဖျင်းခန့်မှန်းနိုင်ဖို့အတွက် ကလေးအသက်အလိုက်အနည်းဆုံးရှိသင့်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်များကို အောက်မှာ ဖော်ပြပေးလိုက်ရပါတယ်။ (အနီးစပ်ဆုံးခန့်မှန်းထားခြင်း ဖြစ်ပါသည်)
အသက် |
ကိုယ်အလေးချိန် (ကီလိုဂရမ်) |
အရပ်အမြင့် (စင်တီမီတာ) |
||
ကျား |
မ |
ကျား |
မ |
|
မွေးစ |
၂.၅ |
၂.၅ |
၄၆.၂ |
၄၅.၈ |
၆လ |
၆.၅ |
၅.၇ |
၆၃.၃ |
၆၁.၂ |
၁နှစ် |
၇.၈ |
၇.၁ |
၇၀.၂ |
၆၉.၁ |
၁နှစ်ခွဲ |
၈.၈ |
၈.၃ |
၇၇.၂ |
၇၅.၂ |
၂နှစ် |
၉.၇ |
၉.၅ |
၈၂.၀ |
၈၀.၄ |
၃နှစ် |
၁၁.၄ |
၁၁.၀ |
၈၉.၀ |
၈၈.၀ |
၄နှစ် |
၁၂.၈ |
၁၂.၅ |
၉၅.၅ |
၉၄.၆ |
၅နှစ် |
၁၄.၂ |
၁၄.၀ |
၁၀၁.၂ |
၁၀၀.၃ |
References
World Health Organization