နေခြည်ဖြာမှ နွေးသော‌ကြောင့်

Published On: December 12th, 2025|Views: 269|

“ကျန်းမာရေးသည်အခြေခံလူ့အခွင့်အရေး‌ ဖြစ်သည်” ဆိုသည့်ဆောင်ပုဒ်သည် ယနေ့ကျရောက်သော လူ့အခွင့်အရေးနေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ နှိုးဆော်ချက်ဖြစ်ပါသည်။

မှန်ပါသည်။ ယနေ့ကမ္ဘာ၌ ကျန်းမာရေးသည် မျှဝေခံစားရမည့် ရပိုင်ခွင့် (Shared Responsibility) သာမက၊ အခြေခံလူ့အခွင့်အရေး (Fundamental Human Right) တစ်ရပ်အဖြစ် အသိအမှတ်ပြုခြင်းခံရပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအနှံ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မတည်ငြိမ်မှုများကြား ရှင်သန်ရသူများအတွက် ဤအချက်သည် ပိုမို၍ အရေးကြီးလာပါသည်။ စစ်ရေး၊နိုင်ငံရေး ပဋိပက္ခများကြောင့် မလုံမခြုံဟုခံစားရချိန်တွင် ကျန်းမာရေးဆိုင်ရာ လူ့အခွင့်အရေးသည် ခိုင်မာသော အားထားရာအဖြစ် ဆက်တည်ရှိနေရမည်ဖြစ်ပါသည်။ MyanHealth တည်ထောင်သူများအနေဖြင့်လည်း ကျန်းမာရေးသတင်းအချက်အလက်ဝန်ဆောင်မှုပေးနိုင် ရေးအတွက် မြန်မာနိုင်ငံသားများ ကျန်းမာရေးရပိုင်ခွင့်ဆိုင်ရာရပိုင်ခွင့်ကို အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆို မူဝါဒချမှတ်ထားခဲ့ပါသည်။

က။ ကျန်းမာရေးဝန်ဆောင်မှုဆိုသည်မှာ သီးခြားအထူးအခွင့်အရေးမဟုတ်။  လူတိုင်း၊ နေရာတိုင်း၊ ဘာသာတိုင်း၊ လူမျိုးတိုင်း၊ ကျား-မ မခွဲခြားဘဲ လက်လှမ်းမီ ခံစားခွင့်ရှိရမည့် အခြေခံအခွင့်အရေးဖြစ်သည်။

ခ။ အရည်အသွေးနှင့် ဘေးကင်းမှု (Quality & Safety) သည် မရှိမဖြစ်၍ ဆေးရုံ၊ ဆေးခန်းများသည် ခွဲခြား ဆက်ဆံမှုကင်းစင်ပြီး လူနာ၏ဂုဏ်သိက္ခာကို အလေးထားသော နေရာများ ဖြစ်ရမည်။ ဝန်ဆောင်မှုအရည်အသွေး ညံ့ဖျင်းခြင်း၊ ဘေးကင်းရေးအန္တရာယ်ရှိခြင်းများကို အမှန်အတိုင်း သတင်းဖော်ပြရန် MyanHealth တွင်တာဝန်ရှိသည်။

ဂ။ ဆင်းရဲချမ်းသာ မခွဲခြား မရှိမဖြစ်လိုအပ်သော ဆေးဝါးများ၊ ကုသမှုများသည် စီးပွားရေးအခြေအနေကြောင့် လက်လှမ်းမမီသည့် ကိစ္စမျိုး မရှိစေရန်နှင့် ကျန်းမာရေးအာမခံအပြင် လူမှုဖူလုံရေးစနစ်(Social Safety Network) များ အားကောင်းလာရေးကို ကူညီဆောင်ရွက်ပါမည်။

ဃ။ ပတ်ဝန်းကျင်နှင့် လုံခြုံရေးဆိုင်ရာ အခွင့်အရေးအတွက် သန့်ရှင်းသောရေ၊ သန့်ရှင်းသောလေ၊ ဘေးကင်း သော အလုပ်ခွင်နှင့် အကြမ်းဖက်မှုအန္တရာယ်မှ ကင်းဝေးသော နေထိုင်မှုပတ်ဝန်းကျင်စသည့် ကောင်းမွန်သော ကျန်းမာရေး၏ အစိတ်အပိုင်းများ အားကောင်းရေးအတွက်စောင့်ကြည့်မည်။

 

င။ လူနာများနှင့် ပြည်သူများသည်  ကျန်းမာရေးဆိုင်ရာ ဆုံးဖြတ်ချက်များတွင် ပါဝင်ပိုင်ခွင့်ရှိပြီး ၎င်းတို့၏ အသံသည် လေးစားစွာ နားထောင်ခြင်းခံရမည်။ MyanHealth သည် ဤအသံများကို ကျယ်လောင်စွာလွှင့်ပေး ရန် တာဝန်ရှိသည်။

 ဤရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ကျန်းမာရေးဝန်ထမ်းအားလုံး၊ ဆက်စပ်အဖွဲ့အစည်းများ၊ မီဒီယာများနှင့် ပြည်သူလူထုအားလုံး အတူလက်တွဲ ဆောင်ရွက်သွားမည်လည်း ဖြစ်သည်။

လူ့အခွင့်အရေးနေ့သည် ကတိကဝတ်များ ပြန်လည်သတိရသည့်နေ့သာမက၊ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးအတွက် အကာအကွယ်ပေးရန် လိုအပ်ချက်များကို ထပ်မံသုံးသပ်ရမည့်နေ့လည်း ဖြစ်ပါသည်။

လူ့အခွင့်အရေးနေ့နှင့် ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများကို မီးမောင်းထိုးပြရာတွင်  မည်သည့်အချိန်တွင်မဆို ထပ်မံကူညီပေးနိုင်ရန် MyanHealth ရှိနေပါမည်။

သတင်းအချက်အလက်သည် ကြီးမားသောအင်အားတစ်ရပ်ဖြစ်သည်ဟု အစဉ်ယုံကြည်ပြီး၊ နွေးထွေးမှုအပြင် အားအင်ကိုပါဖြည့်တင်းပေးသော နေရောင်ခြည်သည် အခမဲ့ပေးဆပ်သကဲ့သို့  MyanHealth ဝင်ရောက်ကြည့်ရှု သူ၊ ဖတ်ရှုသူများကိုလည်း အခမဲ့ သတင်းဝန်ဆောင်မှု အများအပြားကို အထောက်အပံ့ပြုသွားမည်ဟု မကြာမီကျ ရောက်မည့် နှစ်သစ်ကိုကြိုဆို သတင်းကောင်းပါးအပ်ပါသည်။

မျှဝေရင်းကူ

ဒီအကြောင်းအရာကို မျှဝေပါ