လက္ခဏာသိမှဆေးညှိလို့ရမယ် – ၁

Published On: December 13th, 2025|Views: 284|

မယ်ကြော့

ဒီဇင်ဘာ ၁၀

မြန်မာပြည်မှာ လူတွေ အဖြစ်အများဆုံး ရောဂါနဲ့ အကြောင်းင်းအရာတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က “Leading causes of death” – “သေဆုံးရခြင်း၏ အဓိက အကြောင်းအရင်းများ” ဆိုပြီး စာရင်းပြုစု ထုတ်ပြန်ထားတာ ရှိပါတယ်။ သေဆုံးမှုဖြစ်စေတတ်တဲ့ အကြောင်းအရာပေါင်း ၁၃၄ ခုအပေါ် အခြေခံပြီး လူတစ်သိန်းမှာ ဘယ်နှယောက်ဟာ ဘယ်အကြောင်းအရာကြောင့် သေဆုံးသူ အမြင့်ဆုံးလည်း ဆိုတာကို တွက် ချက်ထားတာ ဖြစ်ပါတယ်။ WHO ဟာ နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝန်း နိုင်ငံတွေနဲ့ ပတ်သက်လို့ ဒီလို အချက် အလက်တွေကို ထုတ်ပြန်လေ့ရှိပေမယ့် မြန်မာပြည်အတွက် အချက်အလက်ကိုတော့ ၂၀၂၁ ခုနှစ်မှာပဲ အခြေခံ တွက်ချက်ပြထားပါတယ်။

ဘာတွေက အဓိက ရောဂါ/အကြောင်းအရင်းတွေလဲ

မြန်မာပြည်မှာ ဖြစ်ပွားလေ့ ရှိတဲ့ သေဆုံးရခြင်း အဓိကအကြောင်းအရင်း ၁၀ ချက်ကို သေဆုံးမှုနှုန်း အနိမ့်အမြင့်အလိုက် စဉ် ကြည့်လိုက်ပါတယ်။ Stroke လို့ ခေါ်တဲ့ လေဖြတ်ခြင်းဟာ လူတစ်သိန်းမှာ ၁၁၂ ဦးနှင့် အထက် သေဆုံးနိုင်သော အကြောင်းအရာ ဖြစ်လို့နေပါတယ်။ ပုံမှန်အားဖြင့် မြန်မာလူထုကြားမှာ လေဖြတ်ရင် သေနိုင်တယ်ဆိုတာထက် ကိုယ်တပိုင်း မလှုပ်ရှားနိုင်တော့တာလောက်ပဲ ပြေးမြင်မိကြမှာပါ။ တကယ်တော့ သေဆုံးတဲ့အထိကို ဖြစ်စေတာပါ။

သာမန်သူ နားလည်အောင် ပြောရရင် လေဖြတ်တယ်ဆိုတာ ဦးနှောက်သွေးကြောပိတ်တာ၊ ဒါမှမဟုတ် ဦးနှောက်သွေးကြောပေါက်တာကြောင့် ဦးနှောက်ထဲ သွေးစီးဆင်းမှု ရပ်တန့်သွားတာပါ။ ဒီလို ဖြစ်လာပြီဆိုရင် လူဟာ ဟန်ချက်ပျက်ပြီး ခေါင်းမူးတာ၊ ယိုင်ထိုးလာတာတွေ ဖြစ်တတ်ပါတယ်။ မျက်လုံးတွေမှာ တစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး ရုတ်တရက် ဝါးတာ၊ မမြင်ရတာ၊ ပုံရိပ်ယောင် နှစ်ထပ် ဖြစ်ကုန်တဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ ဒါ့အပြင် မျက်နှာတစ်ခြမ်း ရွဲ့ကုန်တာ၊ ထုံသွားတာတွေ ဖြစ်တတ်ပြီး လူနာကို ပြုံးခိုင်းကြည့်ရင် နှုတ်ခမ်းတစ်ဖက်က မလိုက်ဘဲ တွဲကျနေပြီဆိုရင် ဒါဟာ လေဖြတ်တဲ့ လက္ခဏာလို့ သတ်မှတ်နိုင်ပါတယ်။ နောက်ပြီး လက်မောင်း သို့မဟုတ် ခြေတစ်ဖက်ဖက်ရဲ့ ကြွက်သားတွေ အားနည်း၊ ထုံကျဉ်ကုန်တာ၊ စကားပြောရခက်တာတွေလည်း လေဖြတ်ခြင်းလက္ခဏာအဖြစ် ပြတတ်ပါတယ်။ ဒါမျိုးလက္ခဏာတွေကို မြင်ပြီဆိုရင် အချိန်မဆိုင်းဘဲ ကုသမှုခံယူနိုင်တဲ့ ဆေးရုံ၊ ဆေးခန်း စတာတွေကို အမြန်ဆုံး ပြသဖို့ လိုအပ်ပြီး ဦးနှောက်ပျက်စီးမှုကို ကာကွယ်နိုင်လေ၊ အသက်ရှင်နိုင်ခြေ များလေပဲ ဖြစ်ပါတယ်။ ဒီလို လက္ခဏာတွေနဲ့ ပတ်သက်လို့ “BEFAST” ကို သိထားကြဖို့ လိုတယ်လို့ ဆေးပညာလောကမှာ အမြဲတမ်း ပြောလေ့ ရှိပါတယ်။

B – Balance (ဟန်ချက်ပျက်ခြင်း)

E – Eyes (မျက်လုံးဝါးခြင်း)

F – Face (မျက်နှာရွဲ့ခြင်း)

A – Arms (လက်မောင်းအားနည်းခြင်း)

S – Speech (စကားပြောရခက်ခြင်း)

T – Time (အချိန်)

ပြီးခဲ့တဲ့ ရက်ပိုင်းက မယ်ကြော့ရဲ့ မိတ်ဆွေတစ်ယောက်ရဲ့ အဖေနဲ့ မယ်ကြော့တို့ စကားပြောနေရင်းက အဲဒီဦးလေးဟာ ဖြုတ်ခနဲဆိုသလို Stroke မိ၊ လေဖြတ်သွားခဲ့ပါတယ်။ သတိမလည်တော့တာကနေ နောက်နေ့ မနက် ၅ နာရီမှာပဲ ဆုံးပါးသွားပါတယ်။ လေဖြတ်ခြင်းဟာ အသက်ပါသည်အထိ ဖြစ်စေတဲ့ အချက်ကို မယ်ကြော့ လက်ခံလိုက်ပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါ (Ischaemic Heart Disease) ဟာ ဒုတိယမြောက် လူသေဆုံးမှု အများဆုံး ဖြစ်စေတဲ့ အကြောင်းအရင်းလို့ WHO အချက်အလက်တွေက ပြနေပါတယ်။ လူ တစ်သိန်းမှာ ၈၁ ဦးကျော်ဟာ ဒီအကြောင်းအရင်းကြောင့် သေဆုံးရတာပါ။ နှလုံးကြွက်သားတွေဆီကို သွေးနဲ့ အောက်ဆီဂျင် လုံလုံ လောက်လောက် မရတော့ဘူးဆိုရင် ရင်ဘက်အောင့်တာ၊ နာကျင်မှုတွေက နှလုံးကနေ တခြားကိုယ်ခန္ဓာ အ စိတ်အပိုင်းအထိ ပျံ့နှံ့လာတာ၊ အသက်ရှူဖို့ ခက်ခဲတာတွေအထိ ဖြစ်တတ်ပါတယ်။ ဆီးချိုရောဂါရှိသူတွေ၊ သက်ကြီးရွယ်အိုတွေမှာကျရင်တော့ Silent Ischaemic လို့ ဆိုတဲ့ ရင်ဘက်အောင့်ခြင်း လက္ခဏာတွေ မပြတတ်ဘဲ အမောဖောက်တာ၊ မူးလဲတာတွေလောက်သာ ဖြစ်ပြီး ရုတ်တရက် နှလုံးရပ်သွားတာအထိ မြင့်တက် ပြီး သေဆုံးရခြင်း ဖြစ်ပါတယ်။

နောက်ထပ် မြန်မာပြည်မှာ လူသေဆုံးမှု ဖြစ်စေတဲ့ အကြောင်းအရာတစ်ခုကတော့ လူအများက တီဘီရောဂါလို့ သိထားတဲ့ “Tuberculosis” – “တီဘီရောဂါ / အဆုတ်နာရောဂါ” ကြောင့် ဖြစ်ပါတယ်။ လူတစ်သိန်းမှာ ၆၉ ဦးဟာ ဒီရောဂါကြောင့် သေဆုံးရတာပါ။ တီဘီလို့ ဆိုလိုက်ရင် အများစု သိထားကြတာက အဆုတ်မှာ ဖြစ်ပွားတဲ့ ရောဂါလက္ခဏာလို့ပါ။ ဒါပေမဲ့ ကိုယ်ခန္ဓာရဲ့ အခြားအစိတ်အပိုင်းတွေ ဖြစ်တဲ့ အရိုး၊ ဦးနှောက်၊ အကျိတ် စတာတွေမှာလည်း ဖြစ်ပွားတတ်ပါတယ်။

ညနေဘက်တွေ အဖျားရှိတတ်တာ၊ ညဘက်တွေမှာ ချွေးထွက်လွန်တာ၊ ကိုယ်အလေးချိန် ကျဆင်းလာပြီး အစားအသောက် ပျက်တာ၊ နွမ်းနယ်နေတတ်တာတွေဟာ လူ့ခန္ဓာကိုယ်မှာ အဆုတ်မှာ ရောဂါပိုး ဝင်လာပြီလို့ ယေဘုယျ သတ်မှတ်နိုင်တဲ့ လက္ခဏာတွေပါ။ ဒီလို ဖြစ်တာဟာ နှစ်ပတ်ကျော်လာပြီ ဝင်လာတဲ့ ချောင်း ဆိုးမှုကလည်း မပျောက်သလို ညနေဘက် ဖျားပြီး ကိုယ်အလေးချိန်ကျပြီဆိုရင်တော့ သလိပ်ကို စစ်ဆေးတာ၊ အဆုတ်ကို ဓာတ်မှန်ရိုက်ကြည့်တာတွေ လုပ်သင့်ပါပြီ။ အဆုတ်မှာ မဟုတ်ဘဲ တီဘီရောဂါပိုးဟာ အကျိတ်တွေမှာ ဖြစ်တာဆို လည်ပင်း၊ ချိုင်းကြားတွေမှာ နာကျင်မှု မရှိဘဲ အကျိတ်တွေ ကြီးလာတာ၊ အရိုးမှာ စွဲကပ်ရင် ကျောရိုး ဒါမှမဟုတ် အဆစ်တွေ နာကျင်ကိုက်ခဲတာ၊ ဦးနှောက်မှာ ပိုးဝင်ပြီဆိုရင် ခေါင်းကိုက်တာ၊ ဇာတ် ကြောတတ်တာ၊ ရုတ်တရက် သတိလစ်တာတွေ ဖြစ်တတ်ပါတယ်။

တကယ်တော့ တီဘီရောဂါဟာ ပျောက်ကင်းအောင် ကုသနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ သို့သော် စောစီးစွာ ခံယူဖို့အတွက်ဆိုရင် ဖြစ်တတ်တဲ့ ရောဂါရဲ့ လက္ခဏာ (General Symptoms) တွေကို သိရှိ၊ နားလည်ထားမယ်ဆိုရင် ကောင်းမွန်စွာ ကာကွယ်နိုင်တဲ့ ရောဂါအမျိုးအစားပါ။

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ခန့်မှန်းခြေအားဖြင့် တီဘီရောဂါဝေဒနာရှင် ၁၉၀,၀၀၀ ကျော် ရှိပြီး ဒီထဲက ၆၀,၀၀၀ လောက်ဟာ သလိပ်ပိုးတွေ့ တီဘီလူနာတွေ ဖြစ်ပါတယ်။

၂၀၁၇-၂၀၁၈ က ကောက်ယူတဲ့ မြန်မာနိုင်ငံတဝှမ်း စတုတ္ထအကြိမ် တီဘီရောဂါစစ်တမ်းအရ မြန်မာပြည်ရဲ့ တီဘီရောဂါအသစ်ဖြစ်ပွားနှုန်းဟာ တစ်နိုင်ငံလုံး အရ လူတစ်သိန်းမှာ ၃၃၈ ဦး၊ ပြည်နယ်အရ ၂၈၂ ဦးနဲ့ တိုင်းအရ ၃၃၀ ဦးအထိ ရှိပြီး ရန်ကုန်တိုင်းမှာဆိုရင် လူတစ်သိန်းမှာ ၅၀၆ ဦးအထိ ရှိတယ်လို့ သိရပါတယ်။

ဆေးဘက်ဆိုင်ရာ ကုသမှုနည်းပညာတွေ တိုးတက်လာတဲ့ ဒီဘက်ခေတ်ကြီးမှာ လေဖြတ်တာ (Stroke) ၊ နှလုံးသွးကြောကျဉ်းရောဂါ (Ischaemic Heart Disease) ၊ တီဘီရောဂါ (Turberculosis) တွေက ကောင်းမွန်စွာ ကုသမယ်ဆိုရင် ကုသနိုင်တဲ့ အခြေအနေတွေပါ။ သို့သော် ဒီကနေ့အချိန်အထိ ဒီရောဂါ/အ ကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ သေဆုံးမှုနှုန်းတွေ ခပ်မြင့်မြင့် ရှိ နေတာဟာ ကြိုတင်ပြတတ်တဲ့ ရောဂါလက္ခဏာတွေအပေါ် အမှတ်မှား ဆုံးဖြတ်မှုတွေ၊ ဆေးကုသမှုနှောင့်နှေးမှုတွေ၊ ဆေးကုသမှုကို စနစ်တကျမခံယူမှုတွေကြောင့်လို့ပဲ အကြော့ ထင်မိပါတယ်။ ရောဂါသိ ဆေးရှိ မဟုတ်ပါဘူးနော်။ လက္ခဏာ သိမှ ရောဂါနဲ့ အကြောင်းအရာကို ခွဲခြားနိုင်ပြီး မှန်ကန်တဲ့ ကုသမှုတွေ၊ လိုအပ်တဲ့ ဆေးဝါးတွေကို ရယူသုံးစွဲနိုင်မှာပါနော်။

#Stoke

# Ischaemic Heart Disease

#Tuberculosis

#ပြည်သူ့ကျန်းမာရေး

#WHO

ကိုးကား

1) World Health Organization – WHO (https://data.who.int/)

2) ကျန်းမာရေးဝန်ကြီးဌာန – ပြည်သူ့ကျန်းမာရေးဦးစီးဌာန (https://ntpmyanmar.org/)

မျှဝေရင်းကူ

ဒီအကြောင်းအရာကို မျှဝေပါ