(၆)နှစ်အရွယ်ကလေးတယောက်ရဲ့ ပထမဦးဆုံးသော လူကြီးအံသွား
Dr. အောင်ကိုထက်
ဆေးခန်းလာပြကြတဲ့ ကလေးမိဘတော်တော်များများက ကလေးသွားနာပြီး၊ အိမ်ရေးပျက်ပြီဆိုရင် ဆေးခန်းအပေါက်ဝမှာကတည်းက “နှုတ်လိုက်လို့မရဘူးလားဆရာ” ဆိုပြီးတောင်းဆိုကြတာပါပဲ။ သူတို့စိတ်ထဲမှာ “ကလေးသွားပဲ ဘာအရေးကြီးလဲ၊ နှုတ်လိုက်လည်း အသစ်ပြန်ပေါက်လာမှာပဲ” လို့ နားလည်ကြပုံပေါက်ပါတယ်။ ဒါ့ကြောင့်လည်း ညအိပ်ရင် သွားသေချာတိုက်ပြီးမှ အိပ်ပါတယ်ဆိုတဲ့ ကလေးမျိုးက ကျွန်တော်တို့ဆီမှာ တွေ့ရနည်းလေ့ရှိတာ ထင်ပါတယ်။ တခါတလေ ကလေးဆိုတာ သွားတွေပိုးစားနေရမယ်လို့ ထင်ကြတာလားတောင် တွေးမိပါရဲ့ဗျာ။

ကလေးသွားတွေကလည်း သူ့အသက်၊ သူ့သက်တမ်းအလိုက် ကောင်းမွန်နေဖို့ အရေးကြီးပါ တယ်။ ကလေးအသက်(၆)နှစ်မှ လဲမယ့်သွားကို (၆)နှစ်အထိ၊ (၁၀)နှစ်ကျော်မှ လဲမယ့်သွားကို (၁၀)နှစ် ကျော်တဲ့အထိ ထိန်းထားနိုင်မှ ကလေးဘဝတလျှောက် အာဟာရကောင်းမွန်စွာ စားသောက်နိုင်ပြီး ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့ အထောက်အကူဖြစ်တဲ့အပြင် ကြီးသွားများပေါက်လာချိန်မှာလည်း သူ့နေရာ သူ စီစီရီရီပေါက်လာဖို့ရာ လွယ်ကူပါလိမ့်မယ်။ ကလေးသွားတွေကို အရွယ်မတိုင်ခင် စောစောစီးစီး ဆုံးရှုံးရရင် လူကြီးသွားတွေနေရာမှန် မပေါက်ခြင်း၊ ပုံစံမှားပေါက်ခြင်း၊ သွားထပ်ခြင်း၊ သွားမပေါက် တော့ပဲ သွားဖုံးရိုးထဲမှာ မြှုပ်ပြီးကျန်နေခြင်းများ ဖြစ်နိုင်ပါတယ်။ အရွယ်ရောက်ခါမှ သွားတွေမညီမညာဖြစ်တာ၊ ကျဲတာတွေလည်းဖြစ်နိုင်ပါတယ်။ ကလေးသွားတွေပဲ လူကြီးသွားပြန်ပေါက်လာမှာပြီး ပေါ့ဆကြရင် သွားနာ၊ သွားကိုက်၊ သွားတွေဆုံးရှုံးရလို့ ကလေးဘ၀ဖြတ်သန်းမှုမှာ အစာကောင်း ကောင်းမဝါးနိုင်၊ အစာရွေးစားပြီး ကလေးခန္ဓာကိုယ်ဖွံ့ဖြိုးရေးအတွက် လုံလောက်တဲ့ အစာအာဟာရ နည်းပါးမှာကိုပါ သတိထားကြရပါမယ်။
ဒါတွေထက်ပိုပြီး အရေးကြီးတာက (၆)နှစ်ကျော်အရွယ် ကလေးတွေရဲ့ သွားနှင့်ခံတွင်းအခြေ အနေဖြစ်ပါတယ်။ ဒီအရွယ်ကလေးတွေရဲ့ ပါးစပ်ထဲမှာ တန်ဖိုးအကြီးဆုံးသွား၊ ထုထည်အကြီးဆုံးနဲ့ သက်တမ်းအရှည်ဆုံးလူကြီးသွား ပထမအံသွား(First Molar) ပေါက်နေပြီဆိုတာကို သတိပြုမိတဲ့မိဘတွေ နည်းပါတယ်။ မြင်လွယ်တဲ့နေရာက ရှေ့သွားလေးတွေလဲတာ၊ အသစ်ပေါက်လာတာကိုသာ သတိပြုမိတတ်ကြပြီး ကလေးသွားတွေရဲ့ နောက်ဆုံးမှာထွက်ပေါ်နေထဲ့ ထုထည်ကြီးကြီး လူကြီးအံသွား ပေါက်နေတာကို သတိမထားမိဘဲ ရှိနေတတ်ကြပါတယ်။ ဒီအရွယ်ကလေးတွေ ဆေးခန်းလာပြကြရင် ကျွန်တော်တို့ သွားဆရာဝန်တွေအနေနဲ့ ဒီသွားရဲ့တန်ဖိုးကြီးပုံ ပြောပြရသလို၊ ဂရုစိုက်ထိန်းသိမ်းဖို့ အရေးကြီးကြောင်း မိဘကိုခေါ်ပြီး ပြသကာ အရေးတယူ သတိပေးကြလေ့ရှိပါတယ်။
ဘာလို့ ဒီအံသွားကို တန်ဖိုးကြီးတယ်၊ အရေးပါလှပါတယ်ဆိုပြီး ပြောနေရသလဲဆိုရင် အသက် (၆)နှစ်ကနေ လူ့ဘဝသက်တမ်းတလျှောက် အသုံးပြုရမယ့်သွားဖြစ်နေလို့ပါပဲ။ အောက်မေးရိုးရဲ့ ဝါးနိုင်စွမ်း အားကောင်းတဲ့နေရာမှာရှိပြီး ထုထည်ကြီးမားတဲ့အံသွား ဖြစ်ပါတယ်။ (၈)နှစ်၊(၉)နှစ်အရွယ် ကလေး တွေ သွားကိုက်လို့၊ နှုတ်ချင်လို့ဆိုပြီး ဆေးခန်းလာပြကြရင် ဒီအံသွား (ပထမလူကြီးအံသွား) ဖြစ်နေတာ များပါတယ်။ မိဘတွေကိုယ်တိုင်က ဒီအံသွားကို ပြန်ပေါက်မယ့်ကလေးသွားလို့ အထင်မှားနေတတ်ကြတာကို တွေ့ကြုံရပါတယ်။ ပထမလူကြီးအံသွား(First Molar)ဆိုတာ ကလေးသွားကျိုးပြီးမှ ပြန်ပေါက် လာတဲ့သွားမဟုတ်ဘဲ (၆)နှစ်အရွယ်မှာ ကလေးအံသွားရဲ့ အနောက်ကနေ သူ့ဖာသာ သီးသန့်ပေါက် လာတာကြောင့် မသိလိုက်ကြတာ ဖြစ်နိုင်ပါတယ်။
ပြန်ပေါက်လာမယ့်ကလေးသွားထင်ပြီး တန်ဖိုးမထားဘဲ ကလေးအရွယ်ကတည်းက ဒီအံသွား ဆုံးရှုံးရရင် တသက်တာ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်သွားနိုင်ပါတယ်။ ဖွံ့ဖြိုးမှုမပြီးသေးဘဲ ကလေးမေးရိုးပေါ်မှာမှ အကြီးဆုံးသောလူကြီးသွား (တစ်သက်လုံးသုံးရမဲ့သွား)ကို စောစီးစွာ ဆုံးရှုံးလိုက်ရရင် ဘယ်လောက်နစ်နာမှုရှိသွားမလဲ စဉ်းစားကြည့်လို့ရမယ် ထင်ပါတယ်။
ဒါ့ကြောင့် မိဘတွေအနေနဲ့ ကလေးပါးစပ်ထဲမှာ သွားတွေပေါက်ကတည်းက အစာစားပြီးတိုင်း ပလုပ်ကျင်း၊ သွားသန့်ရှင်းရေး ဂရုစိုက်ပြီး ညအိပ်ရာမဝင်မီ ညတိုင်းဂရုစိုက်သွားတိုက်တဲ့အလေ့အကျင့် ရှိစေရန် တွန်းအားပေးဖို့ အရေးကြီသလို (၆)နှစ်အရွယ် ကလေးသွားအနောက်ဆုံးမှာ ပေါက်လာမဲ့ First Molar (ခေါ်) ပထမဆုံး လူကြီးအံသွားကြီးကိုလည်း သတိထားဂရုစိုက်ဖို့ အရေးကြီးကြောင်း တင်ပြပါရစေခင်ဗျား။
