စိန်ခေါ်မှု တစ်ရပ် ဖြစ်နေတဲ့ ကလေးငယ်တွေ ကျန်းမာရေး

Published On: February 10th, 2026|Views: 140|

ဖြိုးဖြိုး

လက်ရှိ အကျပ်အတည်းတွေကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ကလေးငယ်မျိုးဆက်တစ်ခုလုံးရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာ ခြိမ်းခြောက်ခံနေရတယ်လို့ UNICEF (United Nations Children’s Fund)/ ယူနီဆက်ဖ် (ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့) က ဆိုထားပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြိုလဲလုနီးပါး ဖြစ်ခဲ့တဲ့ ကျန်းမာရေးစနစ်နဲ့ ကျယ်ပြန့်လာတဲ့ ပဋိပက္ခတွေကြောင့် ကလေးတွေဟာ သန့်ရှင်းတဲ့ရေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုလို မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို လက်လှမ်းမီရရှိဖို့ ခက်ခဲနေခဲ့ပါတယ်။ လက်ရှိမှာ အရည်အသွေးကောင်းမွန်တဲ့ အစားအစာ၊ သန့်ရှင်းတဲ့ရေ၊ ဘေးကင်းလုံခြုံမှု၊ ပညာရေးနဲ့ တစ်သမတ်တည်းကျတဲ့ စောင့်ရှောက်မှုနဲ့ အကာအကွယ်ပေးခြင်းတို့ဟာ ကလေးသူငယ်အများအပြားရဲ့ လက်လှမ်းမီနိုင်မှုထက် ကျော်လွန်နေတယ်လို့လည်း ယူနီဆက်ဖ်က ဆိုပါတယ်။ မူကြိုကလေးတွေရဲ့ ၃၀ ရာခိုင်နှုန်းနီးပါးမှာ အသက်အရွယ်အလိုက် ရှိရမယ့် အရပ်အမောင်းမရှိဘဲ အရပ်ပုနေတဲ့(ပုညှက်ခြင်း) လက္ခဏာတွေရှိနေကြပါတယ်။ ကလေးငယ် ၈၀၀,၀၀၀ ဟာ သူတို့ရဲ့ အရပ်နဲ့စာရင် ကိုယ်အလေးချိန် အလွန်အမင်းနည်းနေကြပါတယ်။ လက်ရှိမှာ ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားနေရတဲ့ ကလေးသူငယ်နဲ့ အမျိုးသမီး နှစ်သန်းကျော်လောက်ဟာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဆိုင်ရာဝန်ဆောင်မှုတွေကို အရေးတကြီး လိုအပ်နေခဲ့တာပါ။ အသက်ငါးနှစ်အောက် ကလေးငယ်တွေအကြား သေဆုံးနှုန်းဟာလည်း မြင့်မားနေဆဲဖြစ်ပြီး မွေးဖွားသူ ၁,၀၀၀ မှာ ၃၇ ယောက်ကျော် သေဆုံးနေတယ်လို့ ယူနီဆက်ဖ်က သတိပေးထားပါတယ်။ လက်ရှိ ဖြစ်ပျက်နေတဲ့ လူမှုရေးနဲ့ စီးပွားရေး ကသောင်းကနင်းဖြစ်မှုတွေကလည်း ကလေးငယ်တွေရဲ့ အနာဂတ်တွေကို သိသိသာသာ ခြိမ်းခြောက်နေပါတယ်။

ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်း ၂၀၂၄ ခုနှစ်ဟာ မြန်မာနိုင်ငံတစ်ဝန်းက ကလေးငယ်တွေအတွက် စိန်ခေါ်မှုများစွာရှိခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ ကျယ်ပြန့်လာတဲ့ ပဋိပက္ခတွေကြောင့် မြန်မာ့ကလေးငယ် ခြောက်သန်းလောက်ဟာ ပိုမိုဆိုးရွားလာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်မှု အခြေအနေတွေကို ရင်ဆိုင်ခဲ့ရပြီး ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ၃.၅ သန်းနီးပါးရဲ့ ၃၃ ရာခိုင်နှုန်းကျော်ဟာ ကလေးငယ်တွေ ဖြစ်နေခဲ့ပါတယ်။ ဒီအကျိုးဆက်ကြောင့်ပဲ မြန်မာနိုင်ငံက ကလေးငယ် တစ်သန်းကျော်ဟာ အရေးကြီးတဲ့ ကာကွယ်ဆေးထိုးနှံမှုကို လက်လွတ်ဆုံးရှုံးခဲ့ရပြီး မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံးမှာ “ကာကွယ်ဆေးလုံးဝမရရှိတဲ့” ကလေးတွေရဲ့ ဗဟိုချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ကလေးငယ်တွေအတွက် ကာကွယ်ဆေးထိုးပေးတဲ့လုပ်ငန်းကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အရေးပါတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားပြီးသားပါ။ ကာကွယ်ဆေးဆိုတာ ရောဂါပိုးတွေ ကူးစက်ခံစားရနိုင်တဲ့ အန္တရာယ်ကို လျှော့ချလိုက်တာဖြစ်သလို ရောဂါတွေကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ ကာကွယ်ဆေးကြောင့် နှစ်စဉ် တုပ်ကွေး၊ ဝက်သက်၊ မေးခိုင် ရောဂါပိုး၊ ဆုံဆို့နာနဲ့ ကြက်ညှာချောင်းဆိုးလိုရောဂါမျိုးတွေကြောင့် ထိခိုက်ရမယ့် ကလေးငယ် အသက်ပေါင်း နှစ်သန်းကနေ သုံးသန်းအထိကို ကာကွယ်ပေးထားနိုင်တယ်လို့ ယူနီဆက်ဖ်က ဆိုထားပါတယ်။

ကလေးတစ်ယောက်အတွက် မွေးရာပါကျန်းမာရေးပြဿနာကို ကာကွယ်ပေးဖို့ မဖြစ်နိုင်ပေမယ့် ပိုလီယို၊ ဝက်သက်၊ ကြက်ညှာချောင်းဆိုး၊ ဂျာမန်ဝက်သက်၊ ရိုတာဗိုင်းရပ်စ်၊ မေးခိုင်ပိုး၊ ရေကျောက်နဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါတို့လို အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ရောဂါမျိုးတွေကိုတော့ ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရနေပြီ ဖြစ်ပါတယ်။ မွေးစကနေ အသက် ၁၀ နှစ်အတွင်း ဘီစီဂျီ (BCG) ပြင်းထန်တီဘီနဲ့ ဦးနှောက်အမြှေးရောင်တီဘီ ကာကွယ်ဆေး၊ အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေး၊ ပိုလီယိုအစက်ချ၊ ရိုတာဗိုင်းရပ်စ်အစက်ချ၊ ပီစီဗီ (PCV)ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး၊ ခြောက်မျိုးစပ်ကာကွယ် ဆေး (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ပိုလီယိုနဲ့ ဦးနှောက်အမြှေးရောင်ကာကွယ် ဆေး)၊ ပိုလီယိုထိုးဆေး၊ ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စတဲ့ ကာကွယ်ဆေးတွေကို စုံလင်အောင်ထိုးပေးဖို့ လိုအပ်တယ်လို့ ကလေးဆရာဝန်တွေက အကြုံပြု တိုက်တွန်းထားပါတယ်။ ကာကွယ်ဆေးဆိုတာ ရောဂါပိုးတွေအန္တရာယ်ကနေ ကာကွယ်ပေးသလို ရောဂါဒဏ်ကို ဆိုးဆိုးရွားရွားမခံရစေဖို့ အားဖြည့်ပေးတာကြောင့် ကလေးငယ်တွေအတွက် မဖြစ်မနေ လိုအပ်တဲ့အရာလို့ ဆိုရပါမယ်။ ကာကွယ်ဆေးမထိုးနှံမိတာကြောင့် သေဆုံးရတဲ့ ကလေးငယ်တွေ၊ မသန်စွမ်းဖြစ်ရတဲ့ ကလေးငယ်တွေ အများကြီးပါ။ ပိုလီယိုနဲ့ ဦးနှောက်ရောင်ရောဂါလို ရောဂါတွေ ဖြစ်လာတဲ့အခါ အကြောသေတာ၊ ဦးနှောက်ရောင်ရာကတဆင့် အသက်ဆုံးရှုံးတာ၊ အမြင်အာရုံ၊ အကြားအာရုံထိခိုက်တာလိုမျိုး ဆိုးရွားတဲ့ အကျိုးဆက်တွေကို ခံစားရနိုင်ပါတယ်။ ကာကွယ်ဆေးရဲ့ ကျေးဇူးတွေကြောင့်ပဲ အခုဆိုရင် ကလေးတွေ ပိုလီယိုရောဂါ ကင်းစင်သလောက်နီးပါးဖြစ်နေပါပြီ။ တချို့ကာကွယ်ဆေးတွေက တစ်ကြိမ်ထိုးရုံနဲ့ လုံလောက်ပေမယ့် တချို့ကာကွယ်ဆေးတွေကတော့ နှစ်အလိုက် ကာလအလိုက် ထပ်ဆောင်းကာကွယ်ဆေးတွေ ထိုးနှံဖို့ လိုအပ်ပါတယ်။

“ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ ပြောသလောက် မလွယ်ပါဘူး။ ကိုယ့်ကလေးကို ဘယ်လိုပုံစံနဲ့ အရွယ်ရောက်လာစေချင်သလဲဆိုတဲ့အပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ ဘဝပေးအခြေအနေအရ စနစ်တကျ ပြုစုပျိုးထောင်တာမခံရဘဲ ကြီးပြင်းလာရတဲ့ ကလေးတွေ ရှိပါတယ်။ တခါတလေ ဘုရားပေးတဲ့ကံကြောင့် အဲဒီကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာတာရှိပေမယ့် ဒီလိုအခွင့်အရေးရတဲ့ကလေးက နည်းပါတယ်။ အများစုကတော့ မကျန်းမာတာရှိသလို ဉာဏ်ရည်ပိုင်းအားနည်းတာနဲ့ မဖွံ့ဖြိုးတာတွေ တွေ့ရတာ များပါတယ်။ မိခင်တစ်ယောက်အနေနဲ့ ကျွန်မကတော့ ကလေးနှစ်စလုံးကို အသက်အရွယ်အလိုက် ထိုးနှံပေးရမယ့် ကာကွယ်ဆေးတွေအားလုံး ထိုးပေးခဲ့တယ်။ ဒီကျေးဇူးကြောင့်ပဲ ထင်ပါတယ်။ ကလေးတွေအရွယ်ရောက်လာတဲ့အချိန်မှာ သာမန် အအေးမိ၊ ဖျားနာတာကလွဲလို့ ဘာမှမဖြစ်ဘူး။ အကောင်းဆုံးကတော့ ဆရာဝန်တွေ ညွှန်ကြားချက်အတိုင်း ကလေးတွေကို အသက်အရွယ်အလိုက် ထိုးပေးသင့်တဲ့ ကာကွယ်ဆေးတွေ ထိုးပေးတာ အကောင်းဆုံးပါပဲ။ တခြား ကလေးကျန်းမာရေးနဲ့ဆိုင်တဲ့ အစားအသောက်တို့၊ ထိခိုက်ဒဏ်ရာရတာတို့ဆိုတာ မိခင်ရဲ့စောင့်ရှောက်မှုအောက်မှာ ကိုယ်တိုင်ကိုယ်ကျ အမြင်နဲ့ စောင့်ရှောက်ပေးလို့ရတဲ့အရာဖြစ်ပေမယ့် တခြားရောဂါနဲ့ဆိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်နိုင်ဖို့ကတော့ ကာကွယ် ဆေးထိုးနှံပေးတာက အကောင်းဆုံးပါပဲ” လို့ မိခင်တစ်ယောက်က MyanHealth ကို ပြောပါတယ်။

ကလေးတစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ပြောမယ်ဆိုရင် ကာကွယ်ဆေးထိုးခြင်းဟာ အရေးပါသလို စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာတွေအပြင် စိတ်ခံစားမှုပိုင်းနဲ့ အပြုအမူပိုင်းဆိုင်ရာတွေကိုလည်း သေချာဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ကလေးတစ်ယောက်ရဲ့ စိတ်ခံစားမှုပိုင်း၊ အပြုအမူပိုင်းဆိုင်ရာတွေနဲ့ပတ်သက်ရင် မိဘတွေကိုယ်တိုင် ကလေးရဲ့ နမူနာကောင်းဖြစ်အောင် နေထိုင်ဖို့လည်း လိုအပ်တာပါ။ ဥပမာ- ကလေးငယ်အတွက် ငယ်စဉ်ကတည်းက အပြုအမူပိုင်းအပေါ် သက်ရောက်နိုင်မယ့် အပြုအမူတွေ၊ ရုပ်ရှင်တွေကို မကြည့်မိစေဖို့ ဂရုစိုက်ပေးဖို့ လိုပါတယ်။ ကလေးကို ငယ်စဉ်ကတည်းက အကြောက်တရား ဖြစ်စေမယ့်အရာတွေကို ပြောပြီး ကြောက်အောင် ခြောက်တာမျိုး မလုပ်ဖို့ လိုသလို မိဘတွေကိုယ် တိုင်က ကလေးရှေ့မှာ အော်ငေါက်တာ၊ ရန်ဖြစ်တာ၊ ကြမ်းတမ်းတဲ့ အပြုအမူတွေကို မလုပ်မိဖို့လည်း လိုပါမယ်။ ကလေးကျန်းမာရေးလို့ ဆိုရာမှာ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေကတော့ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု၊ ကလေးတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာ၊ ကလေးတွေမှာဖြစ်နိုင်တဲ့ ထိခိုက်ဒဏ်ရာတွေ၊ အာဟာရပိုင်းနဲ့ အပြုအမူဆိုင်ရာဖွံ့ဖြိုးမှုအပိုင်းတွေ ပါဝင်ပါတယ်။ ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ပတ်သက်လာရင် မိခင်အပေါ်မှာ အများကြီး မူတည်နေပါတယ်။ သန္ဓေတည်ချိန်ကစပြီး မမွေးဖွားခင်အထိ မိခင်တစ်ယောက်အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အပြည့်အဝခံယူရမှာဖြစ်သလို အာဟာရ ပြည့်ဝအောင် စားသောာက်မှုနဲ့အတူ နေထိုင်သွားလာမှုကအစ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ အဲဒါတွေအပြင် မိခင်အနေနဲ့ ကျန်းမာတဲ့ ရင်သွေးလေး မွေးဖွားလာစေဖို့ လိုအပ်မယ့် ကာကွယ်ဆေးတွေကိုလည်း ကိုယ်ဝန် ဆောင်ချိန်မှာ ထိုးနှံပေးဖို့ လိုအပ်တာ ဖြစ်ပါတယ်။ မွေးဖွားပြီးနောက်ပိုင်းမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆက်လက်လုပ်ဆောင်ပေးဖို့လိုအပ်သလို ကာကွယ်ဆေးထိုးနှံတာတွေကိုလည်း အသက်အရွယ်အလိုက် ဂရုတစိုက် ထိုးပေးဖို့ လိုအပ်တာ ဖြစ်ပါတယ်။

ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု (Childhood Trauma) နဲ့ စိတ်ကျန်းမာ ရေးဆိုင်ရာ ပြဿနာတွေဟာ အကြမ်းဖက်မှုနဲ့ ကြုံရတာ၊ လျစ်လျူရှုခံရတာ (Neglect)၊ ကိုယ်ချစ်ခင်ရတဲ့သူတစ်ဦးဦး ဆုံးရှုံးရတာ၊ ကျောင်း ဒါမှမဟုတ် ပတ်ဝန်းကျင်မှာ အနိုင်ကျင့်ခံရတာ (Bullying) တွေကြောင့် ဖြစ်တတ်ပါတယ်။ နောက်ပြီး အဖြစ်များတတ်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေဆိုရင် မိဘနဲ့ ခွဲရမှာ ကြောက်တာမျိုး၊ လူစိမ်းကို ကြောက်တာမျိုးဖြစ်တဲ့ စိုးရိမ်ပူပန်မှု လွန်ကဲတာ (Anxiety Disorders)၊ ADHD ဖြစ်ပြီး တစ်ခုခုဆို အာရုံစိုက်ဖို့ ခက်ခဲတာ၊ ဝမ်းနည်းတာ / စိတ်တိုလွယ်တာ / အိပ်မက်ဆိုးမက်တာ / တစ်ခုခု ကို တွေးပြီး ကြောက်နေတတ်ကို ဖြစ်စေတဲ့ စိတ်ဓာတ်ကျတာ (Depression) တွေပါ။ ဒီလိုထိခိုက်မှုတွေ၊ မကျန်း မာမှုတွေ ဖြစ်လာရင် ကလေးတွေရဲ့ အပြုအမူက ရုတ်တရက် ပြောင်းလဲသွားတတ်ပါတယ်။ ဥပမာ – ရန်လိုတာမျိုး၊ ငြိမ်ကုပ်သွားတာမျိုးပါ။ နောက်ပြီး အသက်ကြီးလာပြီးမှ အိပ်ရာထဲ ဆီးပြန်ပါတာ (သေးပေါက်တာ)၊ လက်သည်းကိုက်တာ၊ လက်ကိုစုပ်နေတာ၊ အကြောင်းအရင်းမရှိဘဲ ဗိုက်နာလိုက်၊ ခေါင်းကိုက်လိုက် ဖြစ်နေ တတ်တာ၊ နောက်ပြီး ကျောင်းနဲ့ ပတ်သက်တဲ့ သင်ကြားမှုအပိုင်းတွေမှာ ရုတ်တရက် ညံ့သွားတာ၊ အဆင့်တွေ ကျသွားတာ။ ဒီလက္ခဏာတွေကို မြင်ရင် မိဘတွေဟာ ကလေးအပေါ် ပိုပြီးတော့ ဂရုစိုက်ဖို့ လိုပါတယ်။ ကလေးပြောတာကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးပြီး သူ့ခံစားချက်ကို အသိအမှတ်ပြုပေးတာ၊ အဖေတို့ အမေတို့ ရှိတယ်ဆိုတာကို လက်တွေ့ပြပြီး လုံခြုံမှုပေးတာတွေ လုပ်ပေးဖို့ လိုသလို အဲဒီလက္ခဏာတွေ ဆိုးသထက် ဆိုးလာရင်တော့ ကလေးစိတ်ကျန်းမာရေးပညာရှင်နဲ့ ဆွေးနွေးတိုင်ပင် ကုသသင့်ပါတယ်။

“ကျွန်တော့် တူမလေးတစ်ယောက်ဆိုရင် ရေနွေးအိုးတည်ခိုင်းတာနဲ့ ပတ်သက်ပြီး စိတ်ဒဏ်ရာရနေတာကို သူ ၁၂ နှစ်သမီးလောက်မှ သိရတယ်။ နယ်ဘက်ဆိုတော့ လူကြီးတွေက “ဟဲ့…သမီး ရေနွေးအိုးသွားတည်လိုက်ဆို တည်ပေးတာပဲ”။ ဒါပေမဲ့ တကယ်က သူက ရေနွေးအိုး ဆူလာရင် ထွက်တဲ့ အငွေ့နဲ့ အသံကို ကြားတိုင်း ကြောက်ကြောက်နေတာ။ တစ်ရက် ကလေးနဲ့ ဆုံတုန်း “သမီး မလုပ်ချင်တဲ့ အလုပ်က ဘာဖြစ်မလဲ”လို့ မေးလိုက်တော့မှ “သမီး ရေနွေးအိုး မတည်ချင်ဘူး”တဲ့။ တကယ်ကို Shock ရသွားတာဗျ။ အဲဒီကျမှ သူ့အမေ၊ သူ့အဖိုး အဖွားတွေကို ကလေးကို ရေနွေးအိုးမတည်ခိုင်းပါနဲ့ဆိုပြီး တားယူရတယ်” လို့ ပဲခူးတိုင်း၊ ရွှေတောင် မြို့မှာ နေတဲ့ ဦးလွန်း (အမည်လွှဲ)က ဆိုပါတယ်။

ကုလသမဂ္ဂကထုတ်ပြန်ခဲ့တဲ့ ၂၀၂၆ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေး အစီ အစဉ် (HNRP) အရ မြန်မာနိုင်ငံမှာ ကလေးသူငယ် ငါးသန်းအပါအဝင် လူဦးရေ ၁၆ သန်းကျော်ဟာ လူမှု ဘဝကယ်ဆယ်ရေး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီနဲ့ ကာကွယ်စောင့်ရှောက်မှုကို လိုအပ်နေပါသေးတယ်။ လက်ရှိကြုံတွေ့နေရတဲ့ တိုင်းပြည်အခြေအနေနဲ့ ပြန်လည်အားကောင်းလာဖို့ လိုအပ်နေသေးတဲ့ ကျန်းမာရေးစနစ်တွေကြောင့် မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ ကျန်းမာရေးကဏ္ဍကတော့ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်နဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

#ကလေးသူငယ်

#ကာကွယ်ဆေး

#စိတ်ကျန်းမာရေး

#ပိုလီယို

ကိုးကား

unicef.org/myanmar

myanmar.un.org

ဒီအကြောင်းအရာကို မျှဝေပါ

Leave A Comment

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ