နိုင်ငံတည်ဆောက်ရေးစိတ်နဲ့ ဂရုပြုကြရမယ့် မိခင်လောင်းတို့ ကျန်းမာရေး
ဝေဝေစိုး
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုဟာ အနာဂတ်လူငယ်မျိုးဆက်သစ်တွေအပေါ်မှာ အများကြီးမူတည်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ လူငယ်မျိုးဆက်သစ်တွေရှိမှ နိုင်ငံအနာဂတ်ဟာ လှပမှာဖြစ်ပါတယ်။ဒီလိုကျန်းမာသန်စွမ်းတဲ့ မျိုးဆက်သစ်တွေရှိလာဖို့ဆိုတာ မိခင်လောင်းတွေပေါ်မှာ အဓိကကျနေပြန်ပါတယ်။ မိခင်လောင်း ကျန်းမာနေမှသာ ကျန်းမာသန်စွမ်းတဲ့ မျိုးဆက်တစ်ခုကို မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလို မိခင်လောင်း ကျန်းမာနေဖို့ဆိုတာ စိတ်အခြေအနေတွေအပြင် ပတ်ဝန်းကျင်နဲ့ပါတိုက်ရိုက်အချိုးကျဆက်စပ်ပါတယ်။မိခင်လောင်းတစ်ယောက်အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာနေဖို့ အရေးကြီးသလို မွေးဖွားချိန်နဲ့ မွေးဖွားပြီးချိန်တွေဟာလည်း အရေးကြီးပါတယ်။ ဒီကာလအားလုံးမှာ သူမရဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်း မာရေးအပေါ် တစုံတရာ သက်ရောက်မှုမရှိစေဖို့စောင့်ရှောက်မှုတွေလိုအပ်ပါတယ်။ ဒါမှသာ ကျန်းမာသန်စွမ်းတဲ့ အနာဂတ်ရင်သွေးငယ်ကို မွေးဖွား၊ ပျိုးထောင်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကမိခင်တွေဟာကိုယ်ဝန်ဆောင်ထားချိန်ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်အောင်မရတာ၊ မွေးဖွားချိန်မှာ ပြည့်စုံကောင်းမွန်တဲ့ စောင့်ရှောက်မှု မရရှိတာ၊ မီးဖွားပြီးချိန်မှာ သင့်တော်တဲ့ ကျန်းမာ ရေး စောင့်ရှောက်စစ်ဆေးမှု မရတာကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုအရေအတွက်ဟာ သုံးသိန်း နီးပါးရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization – WHO) က ထုတ်ပြန်ထားသလို ဒီအရေအတွက်ဟာ ဆက်လက်မြင့်တက်ဖို့ ရှိနေတယ်လို့လည်း သတိပေးထားပါတယ်။ လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ပဋိပက္ခတွေဟာ ကျန်းမာသန်စွမ်းတဲ့ လူငယ်မျိုးဆက်သစ်တွေ မွေးဖွားနိုင်ရေးအတွက် အဓိကစိန်ခေါ်မှုဖြစ်နေခဲ့ပါတယ်။ အထူးသဖြင့် နိုင်ငံတွင်းက ပဋိပက္ခ ပိုမိုပြင်းထန်လာတာနဲ့အတူ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရမှု မြင့်တက်လာတာက မိခင်ကျန်းမာရေးနဲ့ အနာဂတ်လူငယ်မျိုးဆက်သစ် ပြတ်လပ်မှုဆီကို ဦးတည်နေပါတယ်။
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme – WFP) ရဲ့ သတိပေးချက်အရ ၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူဦးရေ ၁၂ သန်းကျော်ဟာ လတ်တလော ဆာလောင်မွတ်သိပ်မှုကိုကြုံတွေ့ခံစားရနိုင်ပြီးလူဦးရေတစ်သန်းနီးပါးဟာအသက်ကယ်ဆယ်ရေးအကူအညီတွေ လိုအပ်မယ့် ဆာလောင် မွတ်သိပ်မှု အရေးပေါ်အဆင့်ကို ရောက်ရှိသွားနိုင်တယ်လို့ ဆိုထားပါတယ်။ မြန်မာပြည်သူတွေဟာ ဆိုးရွားလှတဲ့ ဝမ်းရေးဒုက္ခကို ရင်ဆိုင်နေကြရပြီး မိခင်တွေဟာ ကျန်းမာရေးအတွက်လုံလောက်တဲ့အစားအစာတွေကိုဝယ်ယူစားသုံးနိုင်တာမရှိသလိုကလေးငယ် ထောင်ပေါင်းများစွာဟာလည်းအာဟာရချို့တဲ့မှုကိုခံစားနေတယ်လို့WFPကဆိုပါတယ်။ ကလေးငယ်တွေနဲ့ မိခင် လေးသိန်းကျော်ဟာ လတ်တလော အာဟာရချို့တဲ့မှုကို ခံစားနေရပြီး၊ အာဟာရတန်ဖိုးနည်းတဲ့ထမင်းဖြူသက်သက်ဒါမှမဟုတ်ဆန်ပြုတ်ကျဲကျဲကိုသာ အားပြုမှီဝဲနေရတယ်လို့ ဆိုပါတယ်။
“ဒါဟာကမ္ဘာပေါ်မှာအဆိုးရွားဆုံးဆာလောင်မွတ်သိပ်မှုအကျပ်အတည်းတွေထဲက တစ်ခုဖြစ်ပြီးရန်ပုံငွေရရှိမှုအနည်းပါးဆုံးအကျပ်အတည်းတစ်ခုလည်းဖြစ်ပါတယ်။ ဒီလောက်ဆိုးရွားတဲ့ဒုက္ခဆင်းရဲကြုံတွေ့နေရတာတွေဟာကမ္ဘာ့အလယ်မှာလူမသိသူမသိ မဖြစ်သင့်ပါဘူး။လိုအပ်ချက်ပမာဏကကျွန်တော်တို့ဖြည့်ဆည်းပေးနိုင်စွမ်းထက်အများကြီး ပိုများနေပါတယ်။ပဋိပက္ခတွေနဲ့ဆင်းရဲမွဲတေမှုဒဏ်တွေပေါင်းစုံပြီးပြည်သူလူထုရဲ့ အခြေခံအသက်ရှင်ရပ်တည်နိုင်စွမ်းးကိုတိုက်စားဖျက်ဆီးနေတဲ့အခြေအနေပါ”လို့WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ထောက်ပြထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ မြန်မာ နိုင်ငံဆိုင်ရာ လူသားချင်းစာနာမှု လိုအပ်ချက်တွေနဲ့ တုံ့ပြန်ရေးအစီအစဥ်အရ လက်ရှိ ပြည်တွင်း နေရပ်စွန့်ခွာရသူ ဦးရေဟာ ၃ ဒဿမ ၆ သန်းကနေ လာမယ့်နှစ်အတွင်း ၄ သန်းအထိ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလိုမြင့်တက်လာမှုကြောင့် သန်းနဲ့ချီတဲ့ အိမ်ထောင်စုတွေကို ဆိုးရွားတဲ့ ဒုက္ခဆင်းရဲတွင်းထဲ ရောက်အောင် တွန်းပို့လိုက်သလို ဖြစ်စေနိုင်တယ်လို့လည်း ဆိုထားပါတယ်။
ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုအရေအတွက်ဆက်တိုက်မြင့်တက်လာနေမှုဟာ ဒီအခြေအနေတွေနဲ့ အများကြီးသက်ဆိုင်နေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ ပုံမှန်အားဖြင့်တစ်ကိုယ်ရေသန့်ရှင်းရေး၊ အာဟာရဖြစ်စေမယ့် အစားအစာ စားသုံးဖို့၊ လုံလောက်အောင် အိပ်စက်အနားယူဖို့၊ မျှတတဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့၊ မွေးဖွားဖို့အတွက် ကြိုတင်ပြင်ဆင်ထားဖို့၊ ခန္ဓာကိုယ်ကိုပင်ပန်းစေမယ့်အလုပ်တွေရှောင်ဖို့၊ဆေးလိပ်နဲ့အရက်ရှောင်ဖို့၊ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဆေးမသောက်ဖို့ စတဲ့အချက်တွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ နောက်ပြီးခင်ပွန်းနဲ့မိသားစုရဲ့ဖေးမကူညီမှုနဲ့စောင့်ရှောက်မှု၊အထွေထွေရောဂါစမ်းသပ်စစ်ဆေးမှုတွေအပြင် ကာလသားရောဂါနဲ့ HIV ပိုးတို့လို ရောဂါတွေ ရှိ/မရှိ စစ်ဆေးမှုခံယူတာကလည်း မဖြစ်မနေ လုပ်ရမယ့်အရာတွေ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ ကိုယ်ဝန်စောင့် ရှောက်မှုကို အနည်းဆုံး (၄) ကြိမ် ရယူသင့်တယ်လို့ သားဖွား/မီးယပ် အထူးကု ဆရာဝန်ကြီးတွေကလည်း ညွှန်ကြားထားပါတယ်။ ကိုယ်ဝန် (၃) လမတိုင်ခင်မှာ ပထမအကြိမ်၊ ကိုယ်ဝန် ၆ လ နဲ့ ၇ လ မှာ ဒုတိယအကြိမ်၊ ကိုယ်ဝန် ၈ လမှာ တတိယအကြိမ်၊ ကိုယ်ဝန် ၉ လမှာ စတုတ္ထအကြိမ် စောင့်ရှောက်မှု ခံယူသင့်တာပါ။ အကောင်းဆုံးကတော့ လုံခြုံစိတ်ချရတဲ့ မိခင်ဘဝရရှိဖို့အတွက် စနစ်တကျ စောင့်ရှောက်မှုပေးနိုင်တဲ့ သားဖွား/မီးယပ် ဆရာဝန်၊ သူနာပြု၊ သားဖွားဆရာမတွေနဲ့ ကိုယ်ဝန်အပ်ပြီး စောင့်ရှောက်မှု ခံယူသင့်ပါတယ်။ ဒီအခြေအနေတွေကို ကိုယ်ဝန်ဆောင်မိခင်တိုင်း လိုက်နာနိုင်ဖို့ဆိုတာကလည်း ပတ်ဝန်းကျင်အခြေအနေတွေနဲ့ အများကြီး သက်ဆိုင်နေပါတယ်။ မိခင်နဲ့ မွေးဖွားလာမယ့်ကလေးရဲ့ကျန်းမာရေးကောကောင်းမွန်နေဖို့အတွက်ဆို ရပ်ရွာဖွံ့ဖြိုးတိုးတက်မှုတွေကလည်းစကားပြောနေပါတယ်။ဥပမာနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူတွေထဲက မိခင်လောင်းတွေအတွက် ဒီလိုမျိုး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရယူဖို့ဆိုတာ ပြောသလောက်မလွယ်လှပါဘူး။ ဒါကြောင့် ကျန်းမာတဲ့ မိခင်တစ်ယောက်ကနေ ကျန်းမာသန်စွမ်းတဲ့ရင်သွေးငယ်ကို မွေးဖွားပေးနိုင်ဖို့ဆိုရင် ပတ်ဝန်းကျင်ကောင်းတစ်ခုဟာ မဖြစ်မနေ ရှိသင့်တဲ့အရာပါ။ ကိုယ် ဝန်ဆောင်မိခင်တစ်ယောက်အတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ပြောမယ်ဆိုရင်အများကြီးပါ။ကိုယ်ဝန်ဆောင်မိခင်တွေကိုအသက်ဆုံးရှုံးစေတဲ့အဓိကအကြောင်းအရင်းတွေကတော့ကိုယ်ဝန်ဆောင်ချိန်မှာထိခိုက်တာ၊မွေးဖွားချိန်မှာသွေးသွန်တာ၊ကူးစက်ရောဂါပိုးဝင်တာ၊ သွေးတိုးတာ၊ ဘေးကင်းမှုမရှိတဲ့ ကိုယ်ဝန်ဖျက်ချတာနဲ့ မီးမဖွားနိုင်တာတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သွေးအားနည်းရောဂါ၊ ငှက်ဖျားရောဂါနဲ့ နှလုံးရောဂါတွေကလည်း ကိုယ်ဝန်ဆောင်မိခင်တွေကို အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ကျန်းမာသန်စွမ်းတဲ့ ရင်သွေးငယ်လေးတွေကို မွေးဖွားနိုင်ဖို့ဆိုရင် မိခင်တိုင်းဟာ ကိုယ်ဝန် ဆောင်ချိန်ကစပြီး မီးမဖွားခင်အချိန်အထိ ဆီးစစ်တာ၊ သွေးစစ်တာ၊ ကာကွယ်ဆေးထိုးတာ၊ ကိုယ်ဝန်ဆောင်အားဆေးတွေ မှီဝဲတာ၊ ပုံရိပ်ဖော် စစ်ဆေးမှုတွေ ခံယူတာ၊ လအလိုက် ပုံမှန်ကျန်းမာရေး စစ်ဆေးမှုရယူတာ စတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူဖို့ လိုအပ်ပါတယ်။ သားအိမ်အနေအထား စစ်ဆေးတာ၊ သွေးပေါင်ချိန်တိုင်းတာ၊ ကိုယ်အလေးချိန် တိုင်းတာ၊ ရင်သွေးငယ် နှလုံးခုန်နှုန်းနဲ့ ကြီးထွားမှု စစ်ဆေးတာတွေကို စနစ်တကျ ခံယူသင့်ပါတယ်။ ဆေးဘက်ဆိုင်ရာ အစီရင်ခံစာတွေမှာ ဖော်ပြချက်အရဆိုရင် ကိုယ်ဝန် ဆောင်မိခင်ရဲ့ အာဟာရအခြေအနေဟာ မိခင်ကိုယ်တိုင်နဲ့ သန္ဓေသားရဲ့ ကျန်းမာရေးအပေါ် အများကြီး သက်ရောက်တာကြောင့် ကျန်းမာသန်စွမ်းတဲ့ ရင်သွေးငယ်ကို ရရှိဖို့ဆိုရင် သင့်တင့်မျှတတဲ့ အာဟာရဓာတ်တွေရဖို့ လိုအပ်ပါတယ်။ မီးဖွားချိန်မှာ တတ်ကျွမ်းနားလည်သူတွေရဲ့ စောင့်ရှောက်မှု လိုအပ်သလို မီးဖွားပြီးချိန်မှာလည်း သားဆက်ခြားတာ၊ အလေး အပင် မ, မရတာ၊ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ မလုပ်ရတာ၊ အာဟာရ ပြည့်အောင် စားသောက်တာ၊ အိပ်ရေးဝအောင် အိပ်တာ အစရှိတဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် နေနည်း၊ ထိုင်နည်းတွေကို လွယ်လင့်တကူ ရနေဖို့ လိုပါတယ်။ ကလေးမွေးပြီးစ မိခင်တစ်ဦးဟာ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်မှုအပြင် ကိုယ်ခံအား နည်းနေချိန်ဖြစ်တာကြောင့်စနစ်ကျပြီးလုံခြုံတဲ့ကျန်းမာရေးစောင့်ရှောက်မှုမရဘူးဆိုရင်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်သလို အခန့်မသင့်ရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ကလေးငယ်တစ်ဦးလူ့လောကထဲရောက်လာဖို့ဆိုရင်မိခင်လောင်းဖြစ်သူရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးက အလွန်အရေးကြီးတယ်ဆိုတာ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကနားလည်လက်ခံပြီးဖေးမကူညီဖို့လိုပါတယ်။ ဒါကြောင့် နိုင်ငံ့အနာဂတ် မျိုးဆက်သစ်လူငယ်တွေ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုတည်ဆောက်ရေးမှာပါဝင်လာဖို့၊ အထောက်အကူဖြစ်စေဖို့အတွက် မိခင်လောင်းတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သားသည်မိခင်တစ်ဦး ကျန်းမာရေးထက် ပိုတဲ့ အမြင်တွေနဲ့ တွေးခေါ်စဉ်းစားပြီး အထူးဂရုပြု လုပ်ဆောင်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
ကိုးကား
myanmar.un.org, wikipedia.org, bangkokhospital.com
#ကိုယ်ဝန်ဆောင်
#ဆင်းရဲမွဲတေမှု
#ကူးစက်ရောဂါပိုး
#သန္ဓေသား
