အာရှကို ခြိမ်းခြောက်နေတဲ့ ဆီးချိုရောဂါ – မြန်မာမှာကော !

Published On: February 24th, 2026|Views: 142|

ကိုဘသက်

မြန်မာတွေရဲ့ နေထိုင်စားသောက်မှုပုံစံက ဆီးချိုရောဂါဖြစ်ဖို့ အတော့်ကိုအားပေးတဲ့ပုံစံဖြစ်တယ်။ အဆီ၊ အဆိမ့်၊ အချိုတွေကိုအစားများတယ်။ အထူးသဖြင့် အရသာပြင်းတဲ့ အစားအသောက်တွေကို ပိုကြိုက်ကြတယ်။ အဲ့ဒါက ဆယ်စုနှစ်ကျော် ဆီးချိုရောဂါနဲ့ ယှဉ်တွဲနေထိုင်လာခဲ့သူ ကိုသိန်း (အမည်လွှဲ) ရဲ့ အတွေ့အကြုံနဲ့ ယှဉ်တဲ့မှတ်ချက် ဖြစ်ပါတယ်။

“နောက်ပြီး အားကစား လုပ်တတ်တဲ့ အလေ့အကျင့်ကလည်း တကယ်တမ်းက အားကောင်းလှတာ မဟုတ်ဘူး။ ဝိတ်ချတယ်၊ အဆီချတယ်ဆိုရင်တောင် ကျန်းမာရေးအရ လုပ်တတ် တာမျိုး မဟုတ်ဘူး။ လှချင် ပချင်လို့က ဦးစားပေး ဖြစ်နေတယ်။ ဆီးချိုဖြစ်ပြီးတော့မှ ကျွန်တော် ဖြတ်လိုက်ရတဲ့ အစားအစာတွေ အများကြီးပဲ။ တချို့ အချိုကဲတဲ့ အသီးတွေကို ကြိုက်ပေမယ့် မစားရတော့ဘူး။ နောက် ပြီး နေ့စဉ် မနက်ဖြစ်ဖြစ်၊ ညနေဖြစ်ဖြစ် အနည်းဆုံးတော့ နာရီဝက်လောက်ကို ချွေးထွက်တဲ့အထိ လမ်း ခပ်ပြင်းပြင်း လျှောက်တဲ့ လေ့ကျင့်ခန်းမျိုးကိုပါ လုပ်ရတယ်။ အဲဒီကျတော့မှ ဆီးချိုကို ထိန်းနိုင်တာ။ အစားအ သောက် ဖြတ်ရုံ၊ ဆေးသောက်ရုံနဲ့တော့ ဆီးချို ထိန်းဖို့က ခက်တယ်” လို့ ကိုသိန်းက ဆိုပါတယ်။

ထိုင်းနိုင်ငံတွင် ပြည်သူ့ကျန်းမာရေးဘာသာရပ် အထူးပြုဖြင့် မဟာဘွဲ့ တက်နေသူ မသွဲ့ (အမည်လွှဲ) ကလည်း “ဒီအချက်အလက်တွေကို အခြေခံပြီး ကြည့်ရင် နိုင်ငံ ဖွံ့ဖြိုးတာ၊ မဖွံ့ဖြိုးတာထက် အာရှဒေသရဲ့ စားသောက်နေထိုင်မှု အမူအကျင့် lifestyle behavior တွေကြောင့်လို့တောင် သတ်မှတ်ရမယ်။ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ အင်ဒို၊ မလေးတို့ကို ကြည့်ရင် သူ့ဟာနဲ့သူ ဖွံ့ဖြိုးတိုးတက်နေသလို Public Service ဖြစ်တဲ့ ကျန်းမာရေးဝန်ဆောင်မှု ပိုင်းကလည်း အတော့်ကို အားကောင်းနေပြီးသား။ နောက်ပြီး ပုဂ္ဂလိကကဏ္ဍနဲ့ ဆိုင်တဲ့ ကျန်းမာရေးဝန်ဆောင် မှုတွေကလည်း အားကောင်းမောင်းသန်နဲ့ကို ရှိနေပြီ။ ဒါပေမဲ့ နေ့စဉ်စားသုံးတဲ့ စားသောက်မှုပုံစံကို ကြည့်ရင် ထင်သာမြင်သာရှိတာက အချိုကို လိုတာထက် ပိုပြီး စားသုံးတတ်တဲ့ အလေ့အကျင့်၊ စားရင်လည်း ခန္ဓာကိုယ် အတွက် လိုအပ်တာထက် ပိုပြီး စားတတ်တဲ့ အကျင့်တွေက တူတာကို တွေ့ရတယ်။ ဆီးချိုဆိုတာက ဖြစ်ပြီဆို ရင် တခြားရောဂါတွေကို ကုသရေးပုံစံနဲ့ ကုရတာ မဟုတ်ဘူး။ ကိုယ်ရဲ့ နေ့စဉ်လူမှုဘဝပုံစံတွေကို ပြောင်းရတာ။ ဒီတော့ အာရှမှာက ဒီလိုမျိုး ဖြစ်တာ များတယ်လို့ ပြောနိုင်တယ်” လို့ ဆိုပါတယ်။

ဆီးချိုရောဂါဆိုင်ရာ လေ့လာဆန်းစစ်ကြတဲ့ အဖွဲ့အစည်းတွေရဲ့ ကိန်းဂဏန်းတွေအရ ကမ္ဘာမှာ အာရှဟာ ဆီးချိုရောဂါရဲ့ တိုက်ခိုက်မှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရပါပြီ။ ၂၀၂၄ ခုနှစ်က ရရှိတဲ့ ကမ္ဘာတစ်ခုလုံးက နိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားမှုနှုန်း အချက်အလက်တွေကို အခြေခံ ဆန်းစစ်ထားတဲ့ World Population Review ရဲ့ စစ်တမ်းအရ အာရှတိုက်ဟာ ကမ္ဘာပေါ်မှာ ဆီးချိုရောဂါ ဝန်ထုပ်ဝန်ပိုးကို အခံစားရဆုံး ဒေသအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဆီးချိုဆိုတဲ့နေရာမှာ အမျိုးအစား (၁) ကိုကော အမျိုးအစား (၂) ကိုကော ထည့်သွင်းတွက်ချက်ထားတာ ဖြစ်ပြီး နှစ်မျိုးစလုံးဟာ နာတာရှည်ရောဂါ အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ အမျိုးအစား (၁) ဆီးချို (Type 1 Diabetes) ကတော့ ခန္ဓာကိုယ်ထဲက အင်ဆူလင် (Insulin) ပုံမှန်အတိုင်း သုံးနိုင်ပေမယ့် ပန်ကရိယလို့ ခေါ်တဲ့ မုန့်ချိုအိတ်က အဲဒါကို လုံလုံလောက်လောက် မထုတ်လုပ်ပေးနိုင်တာကို ခေါ်တာပါ။ အမျိုးအစား (၂) (Type 2 Diabetes) ကတော့ မုန့်ချိုအိတ်က အင်ဆူလင်ကို ပုံမှန်ထုတ်ပေးနေပေမယ့် ခန္ဓာကိုယ်က ဒါကို ကောင်းကောင်း အသုံးမပြုနိုင်တဲ့ Insulin Resistance အခြအနေကို ဆိုလိုတာပါ။ ဒီနှစ်မျိုးစုလုံးဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ အင်ဆူလင်ရဲ့ အခန်းကဏ္ဍကို ထိခိုက်ပျက်စီးစေတာ ချည်းပါပဲ။ ဆန်းစစ်မှုတွေအရ အမျိုးအစား (၁) ဆီးချိုကို ကလေးတွေမှာ အတွေ့များပြီး ဆီးချိုဖြစ်ပွားမှုအားလုံးပမာဏရဲ့ ငါးရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ အမျိုးအစား (၂) ဆီးချိုဖြစ်မှုဟာ ဆီးချိုဖြစ်ပွားမှုရဲ့ ၉၅ ရာခိုင်နှုန်းလောက် ရှိသလို လူကြီးတွေမှာ ပိုပြီး အဖြစ်များတယ်။ အထူးသဖြင့် အဝလွန်သူတွေမှာ အမျိုးအစား (၂) ဆီးချိုက ပိုပြီးဖြစ်လေ့ရှိပါတယ်။ နောက်ထပ် ဆီးချိုရောဂါ ပုံစံတစ်မျိုးကတော့ ကိုယ်ဝန်ဆောင်ဆီး ချိုဆိုတဲ့ Gestational Diabetes ပါ။ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တဲ့အခါမှာ ယာယီအားဖြင့် ဖြစ်တတ်သလို ရောဂါလက္ခဏာကလည်း မပြင်းထန်ပါဘူး။ ကိုယ်ဝန်ဆောင်ဆီးချိုဟာ ကလေးမွေးဖွားပြီးရင် ပျောက်ကွယ်သွားတတ်ပေမယ့် နောင်တစ်ချိန်မှာ မိခင်ကော၊ ကလေးမှာပါ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေတွေ ပိုပြီးတော့ ကျန်ရစ်တတ်ပါတယ်။ နောက်ပြီး အဖြစ်အများဆုံး ဆီးချိုရောဂါပုံစံကတော့ Prediabetes ဆိုတဲ့ ဆီးချိုရှေ့ပြေးအဆင့်ပါ။ ဒါက သွေးတွင်းသကြားဓာတ် မြင့်တက်လာနေတဲ့ အခြေအနေဖြစ်ပြီး ရောဂါ လက္ခဏာပြတာ မသိလို့ ကုသမှုမခံယူရင်တော့ အမျိုးအစား (၂) ဆီးချိုရောဂါအဖြစ် ပြောင်းသွားလေ့ ရှိပါတယ်။ ဆီးချိုရောဂါ ရှေ့ပြေးအဆင့်ဟာ အစားအသောက် ဆင်ခြင်ပြီး စနစ်တကျ စားပေးမယ်၊ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးမယ် စတဲ့ နည်းစနစ်တွေနဲ့ ပြန်လည်ကောင်းမွန်အောင် ကုသနိုင်ပြီး ဆီးချိုရောဂါအဖြစ် ကူးပြောင်းမှုကို ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့်် ဆီးချိုရောဂါသည် ၈၀ ရာခိုင်နှုန်းကျော်ဟာ ကိုယ်က ရှေ့ပြေးအဆင့်မှာ ရှိနေတာကို မသိရှိကြတာကြောင့် နောက်တစ်ဆင့်တက်ပြီး ဆီးချိုရောဂါသည်အဖြစ် ရောက်ကုန်တာပါ။  အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) အချက်အလက်အရ အမေရိကန်က လူကြီး ၃၀ ရာခိုင်နှုန်းကျော်ဟာ ဆီးချိုရှေ့ပြေးအဆင့်ကို ခံစားနေကြရပြီလို့ သတိပေးထားပါတယ်။

BMI နဲ့ ရောဂါဖြစ်ပွားမှု

ဆီးချို၊ နှလုံးရောဂါနဲ့ တခြားသော ကိုယ်အလေးချိန်နဲ့ ဆက်စပ်တဲ့ ကျန်းမာရေးပြဿနာ ဖြစ်နိုင်ခြေတွေကို ဆန်းစစ်တဲ့အခါ ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း ဆိုတဲ့ (Body Mass Index – BMI) ကို ထည့်သွင်းလေ့ ရှိပါတယ်။ BMI တက်လာရင် ခုနက ပြောတဲ့ ကိုယ်အလေးချိန်နဲ့ ဆက်စပ်တဲ့ ကျန်းမာရေးပြဿနာ ဖြစ်ပွားနိုင် ခြေဟာ ပိုပြီး မြင့်လာလို့ ဖြစ်ပါတယ်။ တချို့သော လူမျိုးစုတွေအတွက် BMI က ပုံမှန် ရှိသင့်တဲ့ အတိုင်းအတာထဲ ရှိနေရင်တောင် ကိုယ်အလေးချိန် တက်လာတာနဲ့ အဆီထုထည် များလာတာဟာ ကျန်းမာရေးအန္တရာယ်ကို မြင့်တက်စေတယ်လို့ ကမ္ဘာကျော် ဟားဗက်စ်တက္ကသိုလ်က ရေးသားထုတ်ဝေတဲ့ အဝလွန်ခြင်း (Obesity) ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်တဲ့အချက်အလက်တွေကိုပါ ကိုးကားပြီး ဖော်ပြထားတဲ့ အဲဒီဆောင်းပါးမှာ Nurse’s Healt Study ဟာ ကိုယ်အလေးချိန် တက်ခြင်းနဲ့ အမျိုးအစား (၂) ဆီးချိုရောဂါ (T2D) ဖြစ်ပွားမှုပုံစံကို အမေရိကန်အမျိုးသမီး ၇၈,၀၀၀ ကို သုတေသနပြု ဆန်းစစ်ခဲ့ပါတယ်။ လေ့လာမှု အစမှာ အမျိုးသမီးအားလုံးဟာ ကျန်းမာရေးကောင်းမွန်ကြပြီး အနှစ် ၂၀ အထိ စစ်တမ်းကာလသတ်မှတ်ပြီး ကာလကြာရှည် စောင့်ကြည့်ခဲ့တာပါ။ အနှစ် ၂၀ ကြာပြီးနောက် ထွက်လာတဲ့ ရလဒ်ကတော့ BMI ချင်းတူရင်တောင် အာရှသားတွေဟာ လူဖြူလို့ ခေါ်တဲ့ အနောက်တိုင်းသားတွေထက် T2D ဖြစ်နိုင်ခြေ နှစ်ဆကျော်အထိ ပိုနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် စပိန်နွယ်ဖွား (Hispanic) နဲ့ လူမည်းမျိုးနွယ်စုတွေဟာ လူဖြူတွေ ထက် ဆီးချိုဖြစ်နိုင်ခြေ ပိုမြင့်နေပေမယ့်လည်း အာရှသားတွေလောက်ကို မများနေဘူးဆိုတာ တွေ့ရပြီး ကိုယ်အလေးချိန်တက်တာဟာ တခြားလူမျိုးစုတွေထက် အာရှသားတွေအတွက်တော့ ပိုပြီး အန္တရာယ် ရှိစေပါတယ်တဲ့။  အာရှသားတွေဟာ အရွယ်ရောက်ပြီးချိန် ကိုယ်အလေးချိန် ၁၁ ပေါင် တက်လာတိုင်း T2D ဖြစ်နိုင်ခြေဟာ ၈၄ ရာခိုင်နှုန်းအထိ မြင့်တက်နေတယ်လို့ သုတေသနစစ်တမ်းက ဖော်ပြနေပြီး စိပန်နွယ်ဖွား၊ လူမည်းနဲ့ လူဖြူတွေမှာလည်း ကိုယ်အလေးချိန်တက်တိုင်း ဖြစ်လာတဲ့ ရောဂါဖြစ်နိုင်ခြေဟာ အာရှသားတွေလောက်ကို မရှိပါဘူးတဲ့။ နောက်ပြီး သီးခြားလေ့လာဆန်းစစ်မှုတွေအရ လူဖြူတွေထက်လည်း BMI နည်းပေမယ့်လည်း BMI ၂၅ ဒါမှမဟုတ် ၂၅ အထက် ရှိတဲ့ အာရှသားတွေမှာ ကိုယ်အလေးချိန်တိုးလာတာဟာ သွေးတိုး၊ အမျိုးအစား (၂) ဆီးချိုရောဂါအပြင် တခြားအကြောင်းအရင်းမျိုးစုံနဲ့ အရွယ်မတိုင်မီ သေဆုံးနိုင်ခြေကို မြင့်တက်စေတယ် လို့ ဟားဗက်စ်ဆေးတက္ကသိုလ်ရဲ့ ဆောင်းပါးက ဆိုထားပါတယ်။

အာရှသားတွေနဲ့ အနောက်နိုင်ငံသားတွေကြားမှာ BMI ပမာဏ တူပေမယ့် ရောဂါဖြစ်နှုန်း များတာ ဟာ ခန္ဓာကိုယ်တွင်း အဆီပမာဏနဲ့ အဆီစုတဲ့ နေရာတွေကြောင့် ဖြစ်နိုင်တယ်လို့ ဟားဗက်တက္ကသိုလ် စစ်တမ်းက ဖော်ပြထားပါတယ်။ ဥပမာ – တရုတ်နဲ့ တောင်အာရှသားတွေဟာ အခြားလူမျိုးတွေထက် BMI ပမာဏ နည်း ပေမယ့် လူဖြူတွေနဲ့ ယှဉ်ရင် Abdominal Fat လို့ ဆိုတဲ့ ဝမ်းဗိုက်အဆီ ပိုများတတ်လေ့ ရှိပါတယ်။ ဒါဟာ ဒုတိယအမျိုးအစား ဆီးချိုရောဂါ T2D ၊ နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ ရောဂါ၊ အခြားသော ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ရောဂါတွေ ဖြစ်ဖို့ ပိုပြီး အခွင့်အလမ်းရစေပါတယ်။ လူမည်းတွေကျပြန်တော့ လူဖြူတွေနဲ့ BMI တူရင်တောင် ခန္ဓာကိုယ်အဆီ ပိုနည်းပြီး ကြွက်သားထုထည် ပိုများတာကြောင့် BMI တူတာတောင် အဝလွန်ခြင်း နဲ့ ဆက်စပ်တဲ့ ရောဂါဖြစ်နိုင်ခြေတွေ နည်းသွားစေပြန်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ တခြား ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေက အာရှသားတွေရဲ့ အဝလွန်မှုကို သတ်မှတ်ရာမှာ BMI သတ်မှတ်ချက်ကို တခြားကမ္ဘာ့ဒေသက နိုင်ငံသားတွေထက် လျှော့ချ သတ်မှတ်ဖို့၊ ကိုယ်တွင်းကလီစာ အဆီ (Visceral Fat) ကို တိုင်းတာရာမှာ သုံးတဲ့ ခါးအတိုင်းအတာပမာဏကို လျှော့ချသတ်မှတ်ဖို့ အကြုံပြုထားတာတွေ ရှိပါတယ်။

“BMI လိုဟာမျိုးတွေ ဘာတွေကိုတော့ မသိဘူး။ ဒါပေမဲ့ ကျွန်တော့် အသိတွေထဲက ဆီးချိုဖြစ်တဲ့ သူတွေကို ကြည့်လိုက်ရင် အတော်များများက ဝကြတယ်။ နောက်ပြီး အထိုင်များတဲ့သူတွေချည်းပဲ။ ကျွန်တော် ဆီးချိုဖြစ်တုန်းကဆို သိသာတာက အတော်လေး ဝလာတာပဲ။ ဒါတောင် နိုင်ငံခြားသားတွေလို အလုံးအဖန်ကြီးကြီး ဝတာမျိုး မဟုတ်ဘူး။ မြန်မာလို ဆိုရင် ကြည့်ကောင်းရုံ ဝတဲ့ပုံစံမျိုး။ ဒါပေမဲ့ လူက လေးကန်လာပြီး အလုပ်လုပ်တာလည်း အာရုံစိုက်လို့ မရတာတွေ ရှိလာလို့ ဆေးခန်းသွားပြတော့မှ ဆီးချိုဆိုတာ သိရတာ။ သိသိချင်း အရင် ဆုံး ဆရာဝန်လုပ်ခိုင်းတာက အဆီချခိုင်းတော့တာ။ နောက်ပြီး ဆီးချိုဆေး မက်ဖော်မင် On တော့တာ။ အဆီလည်း ချ၊ ဆီးချိုဆေးလည်း စသောက်ရကော လူက အတော့်ကို ပိန်ကျသွားတာ။ အဲဒီကျတော့မှ ခန္ဓာကိုယ်ထဲ အဆီတွေ အတော်များနေတာပါလားဆိုတာ ကိုယ့်ဘာသာကိုယ် သဘောပေါက်တော့တယ်။ နောက်ပိုင်း ဆေးပညာနဲ့ ဆိုင်တဲ့ စာတွေ လိုက်ဖတ်ကြည့်တော့မှ ကိုယ့်အရပ်အမောင်း၊ အသက်နဲ့ ရှိသင့်တဲ့ BMI က အံကိုက်ဖြစ်နေရင်တောင် ဆီးချိုက ရှိချင် ရှိပါလားဆိုတာ သဘောပေါက်မိတယ်” လို့ ကိုသိန်း (အမည်လွှဲ) က ပြောပြပါတယ်။

World Population Review အချက်အအလက်အရ မြန်မာနိုင်ငံရဲ့ ဆီးချိုဖြစ်ပွားသူ ခန့်မှန်းနှုန်းဟာ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံ (၁၀ ဒသမ ၂ ရာခိုင်နှုန်း) ထက် နည်းနေသေးပေမယ့် ဗီယက်နမ်နိုင်ငံ ဖြစ်ပွားနှုန်း ၃ ဒသမ ၄ ထက် မြင့်နေတာ တွေ့ရပါတယ်။ အဲ့ဒီ့အချက်အလက်တွေအရ အာရှဒေသတွင်းနိုင်ငံတွေရဲ့ လူဦးရေ သန်း ၃၅၀ကျော်ဟာ ဆီးချိုရောဂါနဲ့ ယှဉ်တွဲနေထိုင်ရမယ်လို့ သိရပါတယ်။ ၂၀၂၄ခုနှစ်ကကောက်ယူထားတဲ့ အဲ့ဒီ့နိုင်ငံတွေရဲ့ လူဦးရေ၊ နိုင်ငံအလိုက် ဖြစ်ပွားနေတဲ့ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်း တို့ကို အချက်အလက်ကောက်ယူပြီး တွက်ချက်ထားတာပါ။ ကိန်းဂဏန်းအချက်အလက်အသေးစိတ်ကိုတော့ ပုံလေးပုံနဲ့ အသေးစိတ်လေ့လာနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

 

#ဆီးချို

#အင်ဆူလင်

#BMI

#ဟားဗက်စ်

#ကိုယ်တွင်းကလီစာအဆီ

ကိုးကား

https://nutritionsource.hsph.harvard.edu/

https://worldpopulationreview.com/

People with diabetes, in 1,000s – IDF Diabetes Atlas

ဒီအကြောင်းအရာကို မျှဝေပါ

Leave A Comment