မွန်းကြပ်တဲ့လုပ်ငန်းခွင်နဲ့အလုပ်မှာ သင်ကိုယ်တိုင်ပျောက်ဆုံးနေပြီလား (အလုပ်ဖိစီးခြင်းရဲ့နောက်ကွယ်)

Published On: February 14th, 2026|Views: 135|

(Dr. Kris)

ယနေ့ခေတ်ဝန်ထမ်းတော်တော်များများရဲ့ ခေတ်သစ်လုပ်ငန်းခွင်မှာ မကြာခဏ ကြားကြားနေရတာ ရှိပါတယ်။ အဲ့တာကတော့ “ငါတော့ “Burnout” ဖြစ်နေပြီ” ဆိုတဲ့  အင်္ဂလိပ်စကားလုံးဖြစ်ပြီး လူတော်တော်များများအတွက် လူပြောသူပြောများနေတဲ့ စကားလုံးပဲဖြစ်ပါတယ်။ Burnout ဆိုတဲ့ စကားလုံးကို ကျွန်တော်တို့ မြန်မာလိုဘာသာပြန်ရရင်တော့ “စိတ်ပင်ပန်းခြေကုန်လက်ပမ်းကျခြင်း”လို့ ဆိုရမှာဖြစ်ပါတယ်။ “ငါ Burnout ဖြစ်နေပြီ” လို့ပြောကြရင် လူတော်တော်များများကတော့ ဒီလူတော်တော်ပင်ပန်းနေပြီလို့ အလွယ်နားလည်လိုက်ကြတယ်။ ကောင်းကောင်းအိပ်စက်လိုက်ရင် ပြန်ကောင်းသွားမယ့် ခဏတာ စိတ်အခြေအနေတစ်ခုလို သဘောထားတတ်ကြပါတယ် ။ ဒါပေမယ့် စိတ်ပင်ပန်းခြေကုန်လက်ပမ်းကျတာ (Burnout) ဟာ သာမန်ပင်ပန်းနွမ်းနယ်မှုမျိုး မဟုတ်ပါဘူး။ ခံစားချက်ပေါ်မူတည်ပြီး တဖြည်းဖြည်းချင်း စိတ်ပိုင်းဆိုင်ရာ ပြိုလဲပျက်စီးယိုယွင်းလာခြင်းမျိုးလို့ ပြောရမှာဖြစ်ပြီး အထူးသဖြင့် မိမိအလုပ်ကို အကောင်းဆုံးဖြစ်အောင် အလေးအနက်ထား လုပ်ကိုင်သူတွေ အလုပ်နဲ့ပတ်သက်ပြီး အလေးအနက်ထား တာဝန်ယူတတ်သူ တွေမှာ အတွေ့များ အဖြစ်များတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ရပ်ပဲဖြစ်ပါတယ်။  

ခြေကုန်လက်ပန်းကျပြီး လုပ်ချင်ကိုင်ချင်စိတ်မရှိတာ၊ စိတ်ခံစားချက်ကင်းမဲ့လာပြီး မိသားစုနဲ့ ဝေးကွာလာသလို မိမိကိုယ်မိမိယုံကြည်မှုပါကျဆင်းလာတာခဏခဏမေ့တတ်လာတာနဲ့ အသိ၊ သတိကင်းမဲ့လာပြီး တွေးခေါ်ဆင်ခြင်နိုင်စွမ်း ဆုံးဖြတ်နိုင်စွမ်းကျဆင်းလာတာဟာ Burnout ဖြစ်လာတဲ့လူတွေမှာ အဖြစ်များတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေပဲဖြစ်ပါတယ်။ ဒီပြဿနာကနေ ပိုကြီးထွားလာတဲ့အခါမှာတော့ စိတ်ကျရောဂါ(depression)နဲ့ အခြားသော စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါရပ်တွေအထိ ဖြစ်ပွားနိုင်ပြီး ဆိုးရွားလာတဲ့အခါမိမိကိုယ်မိမိအဆုံးစီရင်ကာ ဘဝကိုအရှုံးပေး သွားတာမျိုးအထိ  ကြုံရနိုင်ပါတယ်။

စိတ်ပင်ပန်းခြေကုန်လက်ပမ်းကျမှု(Burnout) ဖြစ်လာတဲ့အခါမှာ ကျွန်တော်တို့လူသားတွေဟာ သတိပြု ဆင်ခြင်ရမယ့် ပြဿနာတစ်ရပ်ထက် ဘဝစိန်ခေါ်မှုတစ်ခုလို မြင်ကြတာ စိတ်မကောင်းစရာပါပဲ။ လုပ်ငန်းခွင်မှာ မိမိလုပ်နိုင်တဲ့ စွမ်းဆောင်ရည်ထက် မနိုင်ဝန်ထမ်းနေရတဲ့အခါ စိတ်ပင်ပန်းမှု တွေကြုံလာလို့ အမှားများလာတဲ့အခါ လူအများစုအကြံပေးကြတာက  “အချိန်စီမံခန့်ခွဲမှု ပိုကောင်းဖို့ လိုတယ်”၊ “ဒီထက်ပိုပြီး ခံနိုင်ရည်ရှိရမယ်”၊ “တရားထိုင်ကြည့်ပါလား”၊ “အားလပ်ရက်ခရီး ထွက်လိုက်ရင်ပြီးသွားမှာပါ” စသည်ဖြင့် အကြံပေးတတ်ကြပါတယ်။ ဒီအကြံပြုချက်တွေ ရေတိုအနေနဲ့ အကူအညီဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ရေရှည်အတွက်တော့ ဒါဟာ ကောင်းမွန်တဲ့ ဖြေရှင်းနည်း တစ်ရပ်တော့ မဟုတ်ပါဘူး။

Burnout ဆိုတာ အများအားဖြင့် အလုပ်နဲ့ လုပ်ငန်းခွင်ကြောင့်ဖြစ်လာတဲ့ ရလဒ်သာဖြစ်ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ပြဿနာကြောင့်မဟုတ်ပါဘူး။ ဥပမာပေးရရင် လူ၃ယောက် လုပ်ရမယ့်အလုပ်ကို လူတစ်ယောက်ထဲက တာဝန်ယူရတာမျိုးပေါ့။ ဒီကြားထဲ အလုပ်တွေက အမြဲတမ်း အရေးတကြီးဖြစ်နေတာ၊ စည်းကမ်းသတ်မှတ်ချက်တွေများတာနဲ့ အနားယူရမယ့်နားရက်တွေဟာ ဆုလာဘ်တစ်ခုလို ရှားပါးနေတာ အဖိုးတန်နေတာမျိုး ဆိုရင်တော့ ဒီလုပ်ငန်းခွင်တွေကနေ Burnout ရနေတဲ့ ဝန်ထမ်းတွေရှိလာခဲ့မယ်ဆိုရင် အံ့သြစရာတော့ မဟုတ်ဘူးပေါ့ဗျာ။ အလုပ်က သင့်စိတ်ထဲမှာ နေရာအပြည့်ယူထားတဲ့အခါ မိသားစု၊ သူငယ်ချင်းတွေအပြင် ကိုယ်တိုင်အတွက်ပါ လူမှုရေးဆက်ဆံရေး အားနည်းလာပြီး အချိန်မပေးနိုင်တာနဲ့ ပျော်ရွှင်မှုမရှိတော့တာမျိုး ကြုံရပါတော့တယ်။ 

ကောင်းမွန်စွာအိပ်စက်ခြင်း၊ တရားထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစား အပြင် သင့်တင့်မျှတသော နေထိုင်စားသောက်မှုနဲ့ နွေးထွေးတဲ့လူမှုဆက်ဆံရေးက စိတ်ကျန်းမာရေးဆိုင်ရာပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ ကောင်းမွန်တဲ့ အကျိုးရလာဒ်တွေကို ဖြစ်စေပါတယ်။ ဒါပေမယ့်လည်း လုပ်ငန်းခွင်နဲ့အလုပ်ဝန်တွေကြောင့် ဖြစ်တဲ့အခုလို စိတ်ပင်ပန်းခြေကုန်လက်ပမ်းကျခြင်း (Burnout) လိုမျိုး ကြုံရတဲ့ အခါမျိုးမှာတော့ ဒီလိုနည်းလမ်းတွေနဲ့အမြဲဖြေရှင်းလို့ မလွယ်ကူနိုင်ပါ။ တစ်ချို့လူတွေအတွက်တော့ ဒီလိုစိန်ခေါ်မှုမျိုးတွေကြောင့် ပိုပြီး သန်မာလာတာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အမြဲတမ်း ဖိအားပေးခံရပြီး ပံ့ပိုးမှုမရှိတဲ့အခါ သန်မာသူတွေတောင် ပြိုလဲတတ်ကြပါတယ်။

ကောင်းမွန်တဲ့အလုပ်နဲ့ လုပ်ငန်းခွင်ဆိုတာ လစာလေး ကောင်းကောင်းပေးထားရုံနဲ့ လူတွေက အရာရာတိုင်းကို သည်းခံနေဖို့လိုတာမျိုး မဟုတ်ပါဘူး။ ဝန်ထမ်းတိုင်းရဲ့ ကြိုးစားမှုတိုင်းနဲ့ ရပိုင်ခွင့်အခွင့်အလမ်းတိုင်းကို တန်ဖိုးထားပေးပြီး သင့်တင့် မျှတတဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မျှမျှတတ အုပ်ချုပ်စီမံမှသာ ကောင်းမွန်တဲ့အလုပ်နဲ့ လုပ်ငန်းခွင်လို့ ဆိုလိုနိုင်မှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်တွေအနေနဲ့ တာဝန်ပေးမယ့်အလုပ်ပမာဏ၊ ဝန်ထမ်းအင်အား၊ အလုပ်ချိန်သတ်မှတ်ချက်နဲ့  အခွင့်အလမ်းတွေဟာ တရားမျှတမှုရှိဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ဝန်ထမ်းတွေ အလုပ်လုပ်ရာမှာ နေပျော်ပြီး လုပ်ငန်းခွင်အနေနဲ့လည်း ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကြောင့် ရရှိမှာ ဖြစ်ပါတယ်။

လူပုဂ္ဂိုလ်တစ်ဦးချင်းစီအနေနဲ့ကတော့ အစောပိုင်း သတိပေးလက္ခဏာတွေဖြစ်တဲ့ စိတ်တိုလွယ်တာ၊ မိမိကိုယ်ကိုယ်ယုံကြည်မှုနည်းလာတာ၊ အမြဲစိုးရိမ်နေတာ၊ အိပ်မပျော်တာ၊ ပျော်ရွှင်မှု ပျောက်ဆုံးလာတာ  မျိုးတွေ ရှိလာရင်တော့ မိမိရဲ့အနားယူချိန်နဲ့ အလုပ်အားလပ်ရက်မျိုးကို စနစ်တကျ သတ်မှတ်ပြီး အနားယူဖို့လိုအပ်ပါတယ်။ “ဒီအလုပ်မှာ ငါရှိမှဖြစ်မယ်”ဆိုတဲ့ အတွေးမျိုးထက် စိတ်ထဲမှာ လွှတ်ချသင့်တာကို လွှတ်ချလိုက်ပြီး စားချိန်၊ နားချိန်နဲ့ အားလပ်ချိန်တွေမှာ အလုပ်အကြောင်း မတွေးတောဘဲ အပြည့်အဝအနားယူတာမျိုးလုပ်သင့်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်သူ၊ Freelance လုပ်သူ၊ အိမ်ကနေအလုပ်လုပ်သူတွေ ဖြစ်နေရင်တောင် အလုပ်လုပ်ဖို့နေရာ၊ အလုပ်လုပ်ဖို့အချိန် စသဖြင့် စနစ်တကျ သတ်မှတ်ပြီး သူ့နေရာ၊ သူ့အချိန်အတွင်းမှာပဲ အလုပ်လုပ်တာက သင့်ကိုရေရှည်အတွက် ခြေကုန်လက်ပမ်းမကျလာအောင် ကူညီပေးနိုင်ပါတယ်။ 

အလုပ်ဆိုတာကျွန်တော်တို့ဘဝမှာ ရှင်သန်နိုင်ရေးနဲ့ စားဝတ်နေရေးအတွက် လိုအပ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် “အလုပ်သည်သာဘဝ၊ ဘဝသည်အလုပ်”ဆိုပြီး အလုပ်ထဲ စိတ်ရော ကိုယ်ပါနှစ်ပြီး အချိန်တွေ ခွန်အားတွေ စွမ်းဆောင်ရည်တွေ ပေးဆပ်နေမယ်ဆိုရင်တော့ မှန်ကန်တဲ့‌ ဘဝနေထိုင်နည်း မဟုတ်တော့ပါဘူး။ ကျွန်တော့်ရဲ့ စာဖတ်သူများအနေနဲ့ ဒီစာကိုဖတ်လို့ အလုပ်နဲ့လုပ်ငန်းခွင်ကြောင့် စိတ်ပင်ပန်းပြီး လူကခြေကုန်လက်ပမ်းကျနေတာမျိုး ဖြစ်နေတာကို သတိပြုမိခဲ့ရင် အလုပ်နဲ့ဘဝဟန်ချက်ညီတဲ့ မှန်ကန်ကောင်းမွန်တဲ့ ဘဝနေထိုင်နည်းမျိုး ပြောင်းလဲနိုင်ပါစေကြောင်း ဆုတောင်းပေးရင်းဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။   

#Burnout

#စိတ်ပင်ပန်းခြေကုန်လက်ပမ်းကျခြင်း

#Depression

References

World Health Organization (WHO). Burn-out an “occupational phenomenon”: International Classification of Diseases (ICD-11). (2019).

Edú-Valsania, S., et al. (2022). Burnout: A review of theory and measurement. (Open-access review useful for summarizing models + measurement issues.)

Kristensen, T. S., Borritz, M., Villadsen, E., & Christensen, K. B. (2005). The Copenhagen Burnout Inventory: A new tool for the assessment of burnout. Work & Stress, 19(3), 192–207

ဒီအကြောင်းအရာကို မျှဝေပါ

Leave A Comment