စစ်တွေ၊ ကျောက်ဖြူဒေသခံတွေ ကျန်းမာရေးပြဿနာနဲ့ စားနပ်ရိက္ခာအကျပ်အတည်း

Published On: February 18th, 2026|Views: 170|

Selena

ရခိုင်ပြည်နယ်ထဲက စစ်တွေမြို့ဟာ ပြည်နယ်မြို့တော်ဖြစ်သလို ကျောက်ဖြူဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုတွေအတွက် အရေးပါတဲ့ မြို့တစ်ခုပါ။ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (ထွေ/အုပ်) ရဲ့ ၂၀၁၉ ခုနှစ် စာရင်းတွေအရ နှစ်မြို့ပေါင်း လူဦးရေဟာ လေးသိန်းဝန်းကျင် ရှိပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်ထဲ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး ပဋိပက္ခတွေ ရှိလာတာကြောင့် နေရပ်စွန့်ခွာသူတွေ ရှိလာပြီး စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်မှာဆိုရင် ၂၀၂၅ ခုနှစ်ထဲမှာ ဒီပဋိပက္ခတွေကြောင့်ပဲ မြို့နေ လူဦးရေရဲ့ ထက်ဝက်နီးပါးဟာ နေရပ်ကို စွန့်ခွာသွား ကြပါပြီ။ ကာလရှည် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်တွေမြို့ခံ တစ်သိန်းခွဲလောက်နဲ့ ကျောက်ဖြူမြို့ခံ ၅၀,၀၀၀ လောက်ဟာ အခုဆိုရင် အကူအညီတွေ လိုအပ်နေပြီလို့ အရပ်ဘက် ကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ဒေ သတွင်းမလုံခြုံမှု နောက်ဆက်တွဲ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုဟာ ဒီသူတွေအတွက် ဆေးကုသပေးဖို့နဲ့ ဆေးဝါး လက်လှမ်းမှီ ရရှိရေးကို အကြီးအကျယ် အခက်အခဲ ဖြစ်နေပါတယ်။ 

“HIV ဝေဒနာရှင်တွေလည်း ဘယ်ရောက်ကုန်မှန်း မသိသလို ဆေးလည်း မပေးနိုင်တော့ပါဘူး။ ကင် ဆာရောဂါ ဝေဒနာရှင်တွေ၊ နာတာရှည်ရောဂါသည်တွေဟာလည်း လက်ရှိမှာ ဆေးကုသခွင့်မရကြဘူး ဖြစ်နေတယ်” လို့ စစ်တွေမြို့မှာ စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ဆိုပါတယ်။ 

ဦးရေအများအပြား ခိုလှုံနိုင်တဲ့ ယာယီစစ်ရှောင်စခန်းတွေရှိရာ စစ်တွေမြို့နယ်မှာ ပြီးခဲ့တဲ ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်တုန်းက ဝမ်းရောဂါကူးစက်မှုတွေကြေငာ့် လူသေဆုံးတဲ့အထိ ဖြစ်နေပြီး လက်ရှိမှာတော့ ထိန်းချုပ် ထားနိုင်ပေမယ့် လာမယ့် မိုးရာသီကာလအတွက်တော့ စိုးရိမ်ပူနေရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး “သောက်သုံးရေ ကောင်းကောင်း မရဘူး။ ဆေးဝါးတွေက လုံးဝ ဝယ်မရသလို ပြည်မကို ဆေးတက်ကုဖို့လည်း မလွယ်ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ရခိုင်ပြည်နယ်ထဲ စစ်ရှောင်စခန်းတွေမှာ စစ်ရှောင်သူဦးရေဟာ ၃၇၀,၀၀၀ ကျော် ရှိနေပြီလို့ ကုလသ မဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်ထားသလို ကုလလက်အောက်ခံ WFP – မြန်မာ ကလည်း သူတို့တွေအတွက် ဆေးဝါး၊ ရိက္ခာနဲ့ တခြား ထောက်ပံ့ရေး ပစ္စည်းတွေ လိုအပ်နေတယ်လို့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က တရားဝင် ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည် နယ်ထဲက စစ်တွေနဲ့ ကျောက်ဖြူ မဟုတ်တဲ့ မြို့နယ်တွေမှာလည်း ပဋိပက္ခကြောင့် နေရပ်စွန့်ခွာသူတွေ ရှိပေမ့်လည်း လတ်တလောမှာ စစ်တွေနဲ့ ကျောက်ဖြူမှာ ပဋိပက္ခတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် အဲဒီဒေသက နေရပ်စွန့်ခွာသူတွေအတွက် ပိုပြီး အခက်အခဲ ဖြစ်စေတာပါ။ 

“နှစ်နှစ်ကျော်ပြီဆိုတော့ တော်တော်လေးကို အခက်အခဲတွေကြီးမားနေတယ်။ အကူအညီတွေက ရပေမယ့် လုံးဝ မလောက်ငပါဘူး။ အလုပ်လည်း ထွက်လုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတော့ ထောက်ပံ့မှုတွေကို မျှော်ရပါတယ်” လို့ စစ်ရှောင်စခန်းအတည်တကျ မရှိတဲ့ ကျောက်ဖြူမြို့က နေရပ်စွန့်ခွာတိမ်းရှောင်နေရသူတစ်ဦးက ဆိုပါတယ်။ 

 

ကူးသန်းရေးလမ်းကြောင်း ပိတ်ဆို့ကုန်မှု နောက်ဆက်တွဲ

ရခိုင်ပြည်နယ်ဟာ အရင်တုန်းက ဒေသတွင်းလိုအပ်ချက်တွေကို အိမ်နီးချင်းဖြစ်သလို နယ်နိမိတ် ဆက် စပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်းလမ်းကော ရေလမ်းကပါ ရယူ ဖြည့်တင်းလေ့ ရှိပါတယ်။ အခုကာလမှာတော့ ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် တရားဝင်ကုန်သွယ်မှုတွေ ရပ်ဆိုင်းကုန်သလို နောက်ထပ် နယ်နိမိတ်ချင်း ထိစပ်တဲ့ အိန္ဒိယနဲ့ ကုန်သွယ်ရေးကလည်း အကန့်အသတ်တွေ ရှိပြန်ပါတယ်။ ဒေသတွင်း လိုအပ်ချက်ကို ပြည်တွင်းနယ်နိမိတ်ချင်း ထပ်စပ်တဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်တို့ဆီကနေ အရင်က ရယူခဲ့ ပေမယ့်လည်း အဲဒီဒေသတွေမှာလည်း ပဋိပက္ခတွေ ရှိနေခြင်းက ရခိုင်ပြည်နယ်အတွင်းပိုင်းထဲ ကုန်စည်သယ် ယူနိုင်ရေးကို ကြီးကြီးမားမား ဟန့်တားနေပါတယ်။ ဒီအခြေအနေဟာ ကုန်းလမ်း၊ ရေလမ်း နှစ်ခုစလုံး သုံးနိုင်တဲ့ မြို့တော် စစ်တွေနဲ့ စီးပွားရေးမြို့လို ဖြစ်နေတဲ့ ကျောက်ဖြူအထိကိုပါ သက်ရောက်မှု ရှိနေပြီး ကုန်စည် စီးဆင်းမှု လုံးဝနီးပါးရပ်ကုန်လို့ ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ကို ဒေသခံတွေ ခံစားနေရပါတယ်။ ကုန်စည်အဝင် မရှိသလေက်ဖြစ်တဲ့ စစ်တွေမြို့မှာဆို ကြက်ဥ တစ်လုံးကို ၁,၅၀၀ ကနေ ၂,၀၀၀ ကျပ်အထိ ရှိပြီး ဆန်ကြမ်း တစ်အိတ်ကို ငွေ နှစ်သိန်း (ကျပ်) လောက်အထိ စျေးတက်ကုန်တာပါ။ ဒီစျေးနှုန်းတွေဟာ ရခိုင်ပြည်နယ်နဲ့ နယ် နိမိတ်ချင်း ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက စျေးနှုန်းထက် နှစ်ဆီလောက်နီးနီး မြင့်တက်နေတာပါ။ ဒါ့အပြင် ကုန်စည်သယ်ယူရေးအတွက် အရေးပါတဲ့ စက်သုံးဆီး ပြတ်လပ်မှုကလည်း တစ်ပူပေါ် နှစ်ပူဆင့်စေတဲ့ ကိစ္စ ဖြစ်ပြီး သွားလာရေးအခြေခံဖြစ်တဲ့ ဆိုင်ကယ်မှာ သုံးဖို့တောင် ခက်ခဲနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရှိပြီး ပင်လယ်ငါးဖမ်းလုပ်ငန်းရှိတဲ့ ကျောက်ဖြူမှာလည်း ပဋိပက္ခနောက်ဆက် တွဲ လုံခြုံရေးအခြေအနေ ကြောင့် ပင်လယ်ထွက် ငါးဖမ်းခွင့်တွေကို ကန့်သတ်ခံထားရလို့ ဒေသထွက် ငါး၊ ပုဇွန်စျေးတွေလည်း ခေါင်ခိုက်အောင် မြင့်တက်နေသလို ပြင်ပကုန်စည်စီးဆင်းမှု ရပ်တန့်နေလို့ လက်ကျန်ရိက္ခာတွေကိုပဲ ချွေတာစားသုံးနေကြရပါတယ်။ ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်စည် ပြတ်လပ်နေတဲ့ ဒီမြို့နှစ်မြို့ ဟာ လတ်တလောမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဒေသခံ ပရဟိတအသင်းတွေဆီက လာမယ့် အကူအညီ ကို ပိုပြီး မျှော်လင့်နေကြပါတယ်။  ရခိုင်ပြည်နယ်မှာ အခြေခံစားနပ်ရိက္ခာကို‌တောင် ပြည့်မီအောင် မစားသုံးနိုင်တဲ့ မိသားစုအရေအတွက်ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ (၃၃) ရာခိုင်နှုန်းရှိခဲ့ရာကနေ (၅၇) ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့လည်း WFP- မြန်မာက ထုတ်ပြန်တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

“စားဖို့နဲ့ နေဖို့၊ ထိုင်ဖို့ရရေးကို လုံးပန်းနေရပြီး အကူအညီတွေက အရေးပေါ်လိုအပ်နေတာ ဖြစ်ပါတယ်။ ဆေးကုသဖို့ နေရာနဲ့ ဆေးရရှိဖို့က မလွယ်ပါဘူး။ ရန်ကုန်တက် ဆေးကုဖို့လည်း အရင်လို မလွယ်တော့ပါဘူး။ စစ်ပွဲကြာလာနဲ့အမျှ စားဝတ်နေရေး အခက်အခဲတွေလည်း အရမ်းကြီးလာပါတယ်” လို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာသူတွေကို ကူညီနေတဲ့ အရပ်ဘက်ကူညီရေးဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။

လတ်တလောမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြနီအဖွဲ့ (ICRC) က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သန့်ရှင်းရေး သေက်သုံးရေရရေးအတွက် အကူအညီပေးနေသလို အခြေခံစားနပ်ရိက္ခာနဲ့ အာဟာရဖြည့်စွက်စာကို အရပ်ဘက်အဖွဲ့တွေ အကူအညီနဲ့ ထောက်ပံ့ဖို့က WFP ကလည်း ကြိုးပမ်းနေပါတယ်။ ယာယီစစ်ရှောင်စခန်း ၃၇ ခုအထိ ရှိတဲ့ စစ်တွေမြို့နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁ ရက်က ဆန်နဲ့ ထောက်ပံ့ပစ္စည်းတွေကို ရခိုင်ပြည် နယ်အစိုးရက ပေးအပ်ထားတယ်လို့ သတင်းထုတ်ပြန်ထားပါသေးတယ်။ 

 

နှစ်ပူပေါ် တစ်ပူဆင့်စေတဲ့ သဘာဝခြိမ်းခြောက်မှု

ပင်လယ်ကမ်းရိုးတန်းမြို့တွေဖြစ်တဲ့ စစ်တွေနဲ့ ကျောက်ဖြူ နှစ်မြို့စလုံးကို ခြိမ်းခြောက်နေတဲ့ နောက် ထပ်အရာတစ်ခုကတော့ သဘာဝဘေးပါ။ ၂၀၂၃ ခုနှစ် မေလက ကျောက်ဖြူမြို့ကို ဖြတ်ပြီး စစ်တွေမြို့ကို ဝင်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ထိခိုက်မှုတွေ ကြီးကြီးမားမား ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒီမုန်တိုင်းကြောင့် စစ်တွေမြို့ရဲ့ အဆောက်အအုံနဲ့ စီးပွားရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးခဲ့ရသလို ကျောက်ဖြူမြို့က ငါးဖက်လှေတွေတွေနဲ့ ပင်လယ်ငါးဖမ်းလုပ်ငန်းဟာလည်း ထိခိုက်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ် မိုးတွင်းကာလ တုန်းကလည်း ရေဘေးအန္တရာယ်ကို ရင်ဆိုင်ခဲ့ရပြန်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက် ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းနယ်စပ်ကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၅ ဒသမ ၉ အဆင့် လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကို စစ်တွေကော၊ ကျောက်ဖြူမြို့ကပါ ခံစားခဲ့ရပီး ထိခိုက်ပျက်စီးမှု မရှိပေမယ့် ဒေသခံတွေရဲ့ စိုးရိမ်စိတ်ကို ပိုပြီး ကြီးစေခဲ့ပါတယ်။ 

ရခိုင်ပြည်နယ်ဟာ Indian Plate လို့ ခေါ်တဲ့ အိန္ဒိယ မြေထုချပ်က Eurasian Plate လို့ ခေါ်တဲ့ ယူရေးရှား မြေထုချပ်အောက်ကို ထိုးဝင်တဲ့ Subduction Zone နေရာမှာ တည်ရှိတာပါ။ ဖေဖော်ဝါရီ ၃ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ အဲဒီဇုန်ထဲမှာ ကျရောက်နေတာကြောင့်လို့ ဘူမိဗေဒ ပညာရှင်တွေက ဆိုထားသလို မြန်မနိုင်ငံ ငလျင်ကော်မတီကလည်း စစ်တွေနဲ့ ကျောက်ဖြူဟာ ငလျင်အန္တရာယ်ဇုန်အတွင်းမှာ ရှိနေတယ်လို့ သတ် မှတ်ထားပါတယ်။ ၁၇၆၂ ခုနှစ်က ရခိုင်ကမ်းရိုးတန်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ကျောက်ဖြူ (ရမ်းဗြဲကျွန်း) အနီးမှာ မြေပြင် အနိမ့်အမြင့်တွေ ပြောင်းကုန်တာ၊ ကျွန်းအသစ်တွေ ပေါ်လာတာအထိ ဖြစ်ဖူး ပါတယ်။ 

ရခိုင်ပြည်နယ်ဟာ ရှည်ကြာလာတဲ့ ပဋိပက္ခ၊ အကန့်အသတ် ဖြစ်ကုန်တဲ့ ကုန်စည်စီးဆင်းမှုနဲ့ ကုန်စျေး နှုန်း မြင့်တက်မှု၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့ ရန်ပုံငွေ ဖြတ်တောက်ခံရမှု နောက်ဆက်တွဲ  အကူအညီ လျော့ကျလာမှု၊ ခြိမ်းခြောက်လာတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ နေ့စဉ်နဲ့အမျှ အဲဒီဒေသက သူတွေကို ထိုးနှက်နေဆဲ ဖြစ်ပါတယ်။ ဒီပြဿနာတွေကြောင့်ပဲ ဒေသခံတွေရဲ့ ဆာလောင်မွတ်သိပ်မှု အကျပ်အ တည်းကို ပိုဆိုးနေတယ်လို့ WFP က သတိပေးထားပြီး ဝိုင်းဝန်းကူညီကြဖို့ကလည်း တိုက်တွန်းနေပါတယ်။ 

#နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

#စားနပ်ရိက္ခာ

#ဆေးဝါးပြတ်လပ်

#သဘာဝဘေး

#ငလျင်

ဒီအကြောင်းအရာကို မျှဝေပါ

Leave A Comment

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ