အဖြေရှာ၍ ယှဉ်တွဲနေထိုင်ပါ “စိတ်သောက”ဆိုသော အရာ

Published On: February 21st, 2026|Views: 101|

(Dr. Kris ရေးသားသည်)

“စိတ်ထောင်းလို့ကိုယ်ကြေ”၊ “လူတစ်ခု ပူမှုဆယ်ကုဋေ” ဆိုတဲ့ ရှေးလူကြီးတွေ ပြောကြတဲ့စကားကို ကျွန်တော်တို့ငယ်ငယ်ထဲကကြားဖူးကြပါတယ်။  အသက်ကြီးလာ တော့ အရွယ်တစ်ခုရောက်လာတဲ့အခါ ဘယ်ဟုတ်လေမလဲ၊ လူတစ်ယောက်မှာ ပူပန်ရတာက ဆယ်ကုဋေမက တိုင်းတာလို့မရ ဆိုတာကို နားလည်မိပါတော့တယ်။ မြန်မာ့လူအဖွဲ့အစည်းမှာ “စိုးရိမ်သောကဗျာပါဒ” ဆိုတဲ့ စကားစုဟာ တော်တော်လေးတွင်ကျယ်ကြတဲ့ စကားစုပါ။ စိတ်ပူပန်တာ စိတ်ဆင်းရဲတာ စိတ်ဖိစီးမှုများတာ နဲ့ပတ်သက်ပြီးတော့ “သောက” ဆိုတဲ့ ပါဠိစကာလုံးလေးတစ်ခုကို မြန်မာစကားမှာ မွေးစားလိုက်ပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုကြတာကြာခဲ့ပါပြီ။ 

တိုးတက်လာတဲ့ကမ္ဘာကြီးနဲ့အတူ ကျွန်တော်တို့ လူသားတွေဟာ အသက်ရှင်သန်နေထိုင်ဖို့ လွန်ခဲ့သော ဆယ်စုနှစ်များစွာထက် ပိုမိုရုန်းကန်ကြိုးစားလာကြရပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ နည်းပညာ ကဏ္ဍအစရှိသည်ဖြင့် အရာရာမှာ ယှဉ်ပြိုင်နေရတဲ့ ခေတ်ကြီးမှာ စိတ်ဖိစီးမှု နဲ့ စိုးရိမ်ပူပန်နေရမှုကတော့ အသက်အရွယ်မရွေးကြုံတွေနေရတာဖြစ်ပါတယ်။ စိတ်ပူပင် သောကတွေ များလာတဲ့အခါမှာတော့ စိတ်ကျန်းမာရေးထိခိုက်လာနိုင်စရာတွေ ဖြစ်လာပါတော့တယ်။ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီး (WHO)ရဲ့အဆိုအရ ယနေ့ကမ္ဘာ့လူဦးရေရဲ့ ၄% (သန်း၃၀၀ကျော်) လောက်ဟာ စိတ်ဖိစီးမှု စိတ်ပူပန်မှုကြောင့် ဖြစ်တဲ့စိတ်ရောဂါ (Anxiety Disorders) တွေကို ခံစားနေရပါတယ်။ အထူးသဖြင့် လူငယ်လူရွယ်အသက် ၁၈နှစ်ကနေ ၃၅နှစ်ကြား ဘဝရဲ့ ရှေ့ရေးကို အရုန်းကန်ရဆုံးအချိန်၊ စိတ်ပူပန်သောကအများဆုံးကြုံရတဲ့ အချိန်မှာ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာ တွေ တစ်ခုပြီး တစ်ခုကြုံလာရပါတော့တယ်။ နောက်ဆုံးမှာ ထွက်ပေါက်လွတ်မြောက်ရာတစ်ခု အဖြစ် ဘဝကို အဆုံးစီရင်(Suicide)သွားတာကလည်း မကြာခဏ သတင်းတွေမှာ မြင်တွေ့နေရတာ စိတ်မကောင်းစရာပါပဲ။

စိတ်ပူပင်သောကများလာတဲ့အခါ ကနဦးမှာ ရင်တုန်တာ စိတ်မသက်မသာဖြစ်တာ အိပ်လို့မပျော် တာ အစာမကျေသလို ခေါင်းမူးခေါင်းကိုက်ဝေဒနာတွေနဲ့အတူ စလာတတ်ပါတယ်။ ဒီထက် တဖြည်းဖြည်းဆိုး လာတဲ့အခါမှာတော့ ဆောက်တည်ရာမရ ကနာမငြိမ်ဖြစ်ပြီး ရက်ရှည်အိပ်မပျော်တာ  ကြောက်ရွံ့မှုတစ်မျိုးမျိူးနဲ့အတူ လူ့အသိုင်းအဝိုင်းနဲ့ ကင်းကွာလာ တာ(specific phobias) စသည်ဖြင့် ရောဂါလက္ခဏာများကို သတိပြုမိနိုင်ပါတယ်။ ဒီကာလမှာတော့ စိတ်ပူပင်သောက တွေမှာ နိုင်ငံရေးအပြောင်းအလဲနဲ့ စစ်ပွဲတွေ အတိတ်ကနာကျင်စရာ အမှတ်တရတွေကြောင့် ရရှိလာတဲ့ ပြင်းထန်စိတ်ဖိစီးမှုဝေဒနာ (Post Traumatic Stress Disorder- PTSD)ကလည်း သတိပြုရမယ့် စိတ်ဝေဒနာတစ်ခုဖြစ်လာပါတယ်။ ဒါဆို ဒီလောက်စိတ်ကျန်းမာရေးပြဿနာကို ဖန်တီးနေတဲ့ စိတ်သောကကို ကင်းဝေးအောင်၊ နိုင်နင်းအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေများမရှိဘူးလား။ ယေဘုယျအားဖြင့် လူသားတိုင်းဟာ စိတ်အေးချမ်းတာ ပျော်ရွှင်တာ စိတ်ချမ်းသာမှုကို ဘဝတစ်သက်တာ လိုချင်ကြပါတယ်။ သို့သော် လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ထာဝရ စိတ်အေးချမ်းသာမှုရနိုင်ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါ။ အကောင်းနဲ့ အဆိုး၊ အောင်မြင်မှုနဲ့ကျရှုုံးမှုဟာ ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ပန်းလို ဒွန်တွဲနေတာဖြစ်လို့ စိတ်ပူပန်မှု စိတ်ဖိစီးမှုဆိုတဲ့ သောကမရှိအောင် နေနိုင်ဖို့ထက်  ကောင်းမွန်စွာ ယှဉ်တွဲနေထိုင်နိုင်အောင် ကြိုးစားခြင်းကသာ လက်တွေ့ကျတဲ့ အဖြေတစ်ခုဖြစ်ပါတယ်။

စိတ်ဆိုတာ အင်မတန်ဆန်းကျယ်ပါတယ်။ လူသားတွေရဲ့စိတ်ဟာ (၁) အတွေးအမြင် (cognitions/ thoughts)၊(၂) စိတ်ခံစားချက် (feelings/emotions)နဲ့ (၃)လုပ်ဆောင်ချက်/အပြုအမူ (Actions/ Behaviours) ဆိုတဲ့အချက်တွေတစ်ခုနဲ့တစ်ခုကို ချိတ်ဆက်ပြီးလည်ပတ်နေတာဖြစ်ပါတယ်။ ကောင်းတဲ့အတွေးအမြင်မှသည် ကောင်းသောစိတ်ခံစားချက် နဲ့ မှန်ကန်တဲ့လုပ်ဆောင်ချက်အပြုအမူတွေ ဖြစ်ပေါ်စေသလို မှားယွင်းတဲ့ အတွေးအမြင်ကလည်း မကောင်းတဲ့စိတ်ခံစားချက်နဲ့ မသင့်တော်တဲ့လုပ်‌ ဆောင်ချက်အပြုအမူကို ဦးတည်သွားစေနိုင်ပါတယ်။ 

ဒီအချိန်မှာ စိတ်ပူပန်မှု စိတ်ဖိစီးမှုသောကတွေကနေ ဖြစ်လာတဲ့ စိတ်ကိုညစ်နွမ်းစေတဲ့ အတွေးအမြင်တွေကို ဖော်ထုတ်ပြီး၊ ယုတ္တိတန်ပြီး လက်တွေ့ကျတဲ့ အတွေးအမြင်သစ်တွေနဲ့ အစားထိုးကာ၊ အပြုအမူသစ်တွေကို လေ့ကျင့်သင်ကြားပေးလို့ရတဲ့ CBT(Cognitive Behavioural Therapy) လို့ခေါ်တဲ့ကုထုံးကလည်း ယနေ့ကမ္ဘာမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုလာတာ တွေ့ရပါတယ်။ ဥပမာပေးရရင်တော့ ကျောင်းသားတစ်ယောက်ဟာ မနက်ဖြန်စာမေးပွဲဖြေရတော့မယ် စာကလည်းမရ စိတ်ပူပန်သောကများတတ်တဲ့သူလည်းဖြစ်နေတော့ ပထမစတွေးမိတာက ငါတော့ စာမေးပွဲကျတော့မယ်ပေါ့။ အဲ့ကနေတစ်ဆင့် အတွေးနယ်လွန်တဲ့အခါ စာမေးပွဲကျရာကနေ အများက ဝေဖန်မှာ မြင်ကြမှာ ပြောကြမှာ စတဲ့ မဖြစ်သေးတဲ့ အကြောင်းတရားတွေကို တွေးရင်း “ငါဟာအသုံးမကျပါလား ငါ့ဘဝတော့သွားပြီ” အစရှိသည်ဖြင့် တွေးမိပြီး စာမေးပွဲကို အရှုံးပေးနိုင်သလို အရမ်းဆိုးလာတဲ့အခါ မိမိကိုယ်ကိုယ် ထိခိုက်အောင် အနန္တရာယ်တစ်ခုခုဖြစ်အောင်  (self-harm) လုပ်လာတဲ့အထိဖြစ်တတ်ပါတယ်။ ဒီအချိန်မှာ တစ်ခြားကျောင်းသားတစ်ဦးကလည်း ဒီလိုအခြေအနေ မျိုး ကြုံရသည်ဆိုပါစို့။ ဒီကျောင်းသား ပထမစတွေးမိတာကတော့ ငါတော့စာမရဘူး စာမေးပွဲအောင်ဖို့ ကတော့မသေချာဘူး ကနေစပြီ။ ဒုတိယအတွေးကတော့ ဒီတစ်ချိန် ရသလောက်   ဖြေလိုက်မယ်။ ဖြေလိုက်တာက မဖြေတာထက်တော့ သာမယ်။ တတိယအတွေးကတော့ အောင်သည် ရှုံးသည်ဖြစ်စေ ဘယ်သူတွေ ဘာပြောပြော ငါ့ဘဝသည် ငါနဲ့သာဆိုင်တယ်။ နောက်ဆုံးအတွေးလေး ကတော့ ဒီစာမေးပွဲသည် ဘဝကြီးတစ်ခုလုံးရဲ့သေးငယ်တဲ့ အစိတ်အပိုင်းလေးမျှသာ ဆိုတဲ့ အတွေးလေးနဲ့ အဆုံးသတ်သွားတယ်။ စိတ်ထားတတ်တဲ့ကျောင်းသားလို့ပြောရမှာပါ။ ဒုတိယကျောင်းသားရဲ့တွေးခေါ် ဆက်စပ်မှုကတော့ လက်တွေ့ကျတဲ့တွေးခေါ်ဖြေရှင်းမှုလို့ပြောနိုင်ပြီး Cognitive behaviour Therapy ရဲ့သဘောတရားကိုလက်တွေ့ကျကျ မိမိဘာသာ အသုံးချသွားတာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ တစ်ခါတစ်လေမှာတော့ ကျွမ်းကျင်ပညာရှင်ရဲ့ပံ့ပိုးမှုလိုအပ်တဲ့အခါလည်းရှိပါတယ်။

စိတ်ပူပန်သောကဖြစ်မှုကို လျော့ချနိုင်ရာမှာ CBT မှာ အဓိကကျတဲ့ အတွေးကိုထိန်းချုပ်တဲ့ နည်းလမ်းတွေ (Cognitive thoughts strategies and Management) ကအထိရောက်ဆုံး ဖြစ်သော်လည်း အခြားသော ထိရောက်တဲ့နည်းလမ်းတွေလည်းရှိပါသေးတယ်။ ပထမနည်းကတော့ စိတ်သောကတွေ ဖိစီးလာတဲ့အခါ အသက်ကို ဖြည်းဖြည်းမှန်မှန်ရှူတဲ့လေ့ကျင်းခန်းဖြစ်ပါတယ်။ ၄စက္ကန့်အကြာနှာခေါင်းကနေရှူသွင်းပြီး ၄စက္ကန့်အကြာ အဆုတ်မှာ လေကိုထိန်းထားကာ ၄စက္ကန့် ကြာလောက် ရှူသွင်းထားတဲ့လေကို ရှူထုတ်ရတာဖြစ်ပါတယ်။ ဒီလိုနဲ့ အနည်းဆုံးတစ်ခါမှာ ၄-၅ကြိမ်လောက်လုပ်ပေးခြင်းဖြင့် စိတ်ခံစားချက်ကြည်လင်လာပြီး နှလုံးခုန်မှန်လာမှာဖြစ်ပါတယ်။ ၄-၄-၄ နည်းလို့လူသိများတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဒုတိယနည်းကတော့ တစ်နေ့ကို တစ်နာရီလောက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ပေးတာဖြစ်ပါတယ်။ယောဂလေ့ကျင့်ခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းနှင့် ပြေးခြင်းစတဲ့ လေ့ကျင့်ခန်းတွေဟာ ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ရစေရုံသာမက ကိုယ်လက်ကြံ့ခိုင်စေပြီး ကိုယ်ခံအားလည်းကောင်းစေကာ လူကိုလည်း ပျော်ရွှင်စေပြီး ကျန်းမာကြံ့ခိုင်စေပါတယ်။ 

နောက်ဆုံးအချက်ကတော့ တရားထိုင်တာ ဖြစ်ပါတယ်။ တရားထိုင်ခြင်းဖြင့် လက်ရှိဖြစ်ပေါ် နေတဲ့ အခြေအနေတွေကို ပိုမိုသုံးသပ်တတ်လာပြီး စိတ်တည်ငြိမ်လာကာ စိတ်ခံစားချက်တိုင်းကို တုန့်ပြန်ရာမှာ ကောင်းမွန်တဲ့တုန့်ပြန်မှုတွေဖြစ်ပေါ်စေပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာစေတဲ့ နည်းလမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။ စိတ်သောကတွေများတဲ့အချိန်မှာ ရှောင်ကြဉ်ရမှာကတော့ အရက်နဲ့ ဆေးလိပ်ကို စွဲစွဲမြဲမြဲသောက်တာ၊ အခြားသော တားမြစ်ဆေးဝါးတွေကို စိတ်ထွက်ပေါက်အနေနဲ့ သုံးကြည့်တာ ဖြစ်ပါတယ်။ စွဲလာတဲ့အခါ ခန္ဓာကိုယ်ကို ထိခိုက်လာစေပြီး ကျန်းမာရေးကို ဆိုးရွားစေတဲ့ အရာတွေပဲဖြစ်ပါတယ်။တစ်ဦးတစ်ယောက်တည်းနေထိုင်တာထက် လူအများနဲ့နေထိုင်ခြင်း အထူးသဖြင့် မိသားစု၊ မိတ်ဆွေတွေနဲ့ သိုက်သိုက်ဝန်းဝန်း နွေးနွေးထွေးထွေး နေထိုင်ခြင်းကလည်း စိတ်ဖိစီးမှုလျော့ချ နိုင်ရေးကို များစွာအထောက်အကူ ပြုပါတယ်။ ကောင်းမွန်စွာမအိပ်စက်ရခြင်းကလည်း စိတ်ပူပင်သောက ကို ပိုခံစားရစေသော အကြောင်းတရား ဖြစ်ပါတယ်။ ဒါကြောင့် စနစ်တကျ အိပ်ချိန်သတ်မှတ်ပြီး အိပ်တာ ဆိုရှယ်မီဒီယာတွေသုံးတာလျော့တာ ဖုန်းကြည့်ချိန် (screen time)လျော့ပြီး အိပ်စက်တာ၊ အိပ်မပျော်စေတဲ့  caffeine ဓာတ်ကို လျော့ချဖို့ ကော်ဖီအလွန်အကျွံသောက်ခြင်းက ရှောင်ကြဉ်တာ ကလည်း ထိရောက်တဲ့ နည်းလမ်း တစ်ခုဖြစ်ပါတယ်။ 

စိတ်ဖိစီးမှု စိတ်ပူပန်သောက တွေများလာတဲ့အခါ နီးစပ်ရာ စိတ်ရောဂါဆိုင်ရာ ကျွမ်းကျင်သူများနဲ့ တိုင်ပင်ပြီး ထိရောက်တဲ့ ဆေးကုသမှုကို စောနိုင်သမျှ စောစွာခံယူတာကလည်းအကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ နှစ်သိမ့်ဆွေးနွေးမှု (counselling) ခံယူတာ ၊ ကြောင်းကျိုးဆက်စပ်ကုသမှု ကုထုံး(CBT)ကို စနစ်တကျ ခံယူလေ့ကျင့်တာ၊ လိုအပ်ရင် ဆေးဝါးကုသမှုခံယူတာ ကလည်း စိတ်ဖိစီးမှု စိုးရိမ်သောကတွေကို လျော့ချပြီး စိတ်ကျန်းမာလို့ ကိုယ်ကျန်းမာပါဖြစ်စေတဲ့ ရွေးချယ်မှုဖြစ်ပါတယ်။

ဒီဆောင်းပါးမှာတော့ စိတ်သောကဆိုသော အရာဘယ်လိုဖြစ်လာလဲ ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးစားဖြေရှင်းကြမလဲဆိုတာကို အကျဉ်းချုပ် ရှင်းပြထားပါတယ်။ စာဖတ်သူပရိသတ်အပေါင်းလည်း စိတ်သောက ဆိုသောအရာကို အဖြေရှာနိုင်ပြီး ကောင်းမွန်စွာ ယှဉ်တွဲနေထိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ယခုဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်။

Dr.Kris

#သောက

#Anxiety Disorder

#PTSD

References

WHO Mental Health Gap Action Programme (mhGAP)

WHO Comprehensive Mental Health Action Plan (2013–2030)

Nehlig A. (2016). Effects of coffee/caffeine on brain health. Nutrients, 8(12), 1–20.

Hofmann SG, Asnaani A, Vonk IJJ, Sawyer AT, Fang A. (2012). The efficacy of cognitive behavioral therapy: A review of meta-analyses. Cognitive Therapy and Research, 36(5), 427–440. 

ဒီအကြောင်းအရာကို မျှဝေပါ

Leave A Comment