သားသမီးရတနာနဲ့ တိုင်းရင်းသားရိုးရာ အယူအဆ (တိုင်းရင်းသာရိုးရာ ဓလေ့ထုံးတမ်းများ)

Published On: February 23rd, 2026|Views: 136|

မယ်ကြော့

အမျိုးတို့ရေ…ကျွန်မတို့ မြန်မာပြည်ကြီးဆိုတာ မတူညီတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ စုစည်းနေထိုင် ကြတာဆိုတော့ ကွဲပြားတဲ့ ယဉ်ကျေးမှုတွေ၊ ဝတ်စားဆင်ယင်မှုတွေ၊ ဓလေ့ထုံးတမ်းတွေ၊ အစဉ်အလာတွေ ရှိကြတာ မဆန်းပေလား။ ဒီလို ဆန်းပြားတဲ့အထဲမှာ ရိုးရာ ဆေးပညာအစဉ်အလာတွေနဲ့ ဓလေ့တွေ၊ ထုံးတမ်းတွေကလည်း ကိစ္စရပ်တစ်ခုချင်းစီမှာတောင် မတူညီကြပြန်ဘူး။ ဒီကနေ့ခေတ်လို နည်းပညာတွေ၊ ဆေးပညာ ရပ်တွေ မတိုးတက်ခင်ကတည်းက မတူညီတဲ့ ဒေသတွေက သူတွေဟာ ကျန်းမာရေးပြဿနာတစ်ခုခုဖြစ်လာရင် သူ့နည်း သူ့ဟန်နဲ့ ဖြေရှင်းကြရတာ မဟုတ်လား။ ဒီလို ရိုးရာနည်းတွေဟာလည်း ကနေ့ခေတ်အထိ အသုံး တည့်နေသေးတာကို နတ်ဆေးဆရာလို့ နာမည်ကြီးတဲ့ ဆရာကြီး နာဂသိန်းလှိုင်က နာဂဒေသတွေအသွား ကြုံခဲ့တဲ့ ဖြစ်စဉ်တစ်ခုကို သူ့ရဲ့ “‘ထက်မြက်တဲ့ ဓားသွားပေါ်က ချိုမြမြပျားရည်စက်” စာအုပ်မှာ တခုတ်တရနဲ့ ရေးသားခဲ့ဖူးတယ်လေ။ ရွာတစ်ရွာမှာ ကပ်ရောဂါလိုမျိုး ဖြစ်တဲ့အခါ ရွာခေါင်းဆောင်တွေက ရွာထဲ လူအဝင် အထွက်ကို ပိတ်ပြီး ရောဂါမပြန့်အောင် လုပ်ခဲ့တဲ့ အကြောင်းကို ဆရာကြီးက ရေးခဲ့တာပါ။ ဒါဟာ ဆေးပညာ ဗဟုသုတထက် ဘဝပေးအသိနဲ့ လုပ်ခဲ့တာဟာ လက်ရှိ ခေတ်မီဆေးပညာ အယူအဆတွေနဲ့ ကိုက်ညီနေတာကို ဖော်ပြခဲ့တာပါ။ အဲ…မယ်ကြော့ ပြောချင်တာ နည်းနည်း၊ လေကြောရှည်နေတာက များများဆိုပြီး ပြောနေ ကြရော့မယ်။ ကဲကဲ…စပြောပြမယ်။ မယ်ကြော့တို့ မြန်မာပြည်မှာက အရင်တုန်းကတော့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဆိုပြီး တိုင်းရင်းသားရှစ်မျိုး ရှိပေမယ့် တစ်ခုချင်းစီအောက်မှာ မျိုးနွယ်စုကွဲ တွေ ရှိတောာ့ အားလုံး ၁၃၅ မျိုးလို့ မှတ်သားထားမိပါတယ်။ သို့သော် တိုင်းရင်းသားမျိုးနွယ်စုတွေ ဘယ်လိုပဲ ကွဲကွဲ တူညီတာတစ်ခုကတော့ မွေးဖွားလာမယ့် ကိုယ့်ရဲ့ မျိုးဆက်၊ သားသမီးရတနာနဲ့ ပတ်သက်ရင် ဂရုစိုက် ကြ၊ အလေးထားကြတာပါ။ ဒီနေရာမှာတော့ မျိုးနွယ်စုတစ်ခုချင်းစီတိုင်းရဲ့ ရိုးရာဆေးပညာ အစဉ်အလာနဲ့ ဓလေ့တွေကတော့ ကွဲပြားတတ်ပါတယ်။ 

ကချင်

လူမျိုးစု ၁၂ ခုအထိ ရှိတဲ့ ကချင်တိုင်းရင်းသားတွေမှာ သားသမီးရတနာ ကိစ္စနဲ့ ပတ်သက်ရင် မိခင်ကော၊ ဖခင်ကကောပါ လိုက်နာရတဲ့ ထုံးတမ်းတွေ ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ဟာ ပျားရည်၊ ဖြူသား၊ ဝံပုလွေသားနဲ့ မျောက်သား စားတာကို ရှောင်ရသလို ဖခင်ဖြစ်သူဟာလည်း ခရီးဝေးသွားတာ၊ မြစ်ချောင်းကူးတာ၊ ဓားရိုးမှာ သပ်ကို ကျပ်ကျပ်ထည့်တာတွေကို ရှောင်ရပြန်ပါတယ်။ မိခင်ဖြစ်သူက တားမြစ်ထားတဲ့ အသားတွေကို စားမိရင် ကိုယ်ဝန်ပျက်တတ်ပြီး မွေးရာမှာလည်း ခက်တတ်တယ်လို့ အယူရှိတာကြောင့်ပါ။ နောက်ပြီး မြစ်ချောင်းကူးတာ မလုပ်ဖို့ မိခင်ဖြစ်သူကို တားမြစ်သလို ကိုယ်ဝတ်တန်ဆာကို သူများ ပေးတာ၊ မင်္ဂလာဆောင် လက်ဖွဲ့ပေးတာမျိုး မလုပ်ရပြန်ပါဘူး။ ဒီကနေ့ ခေတ် ဆေးပညာရှုထောင့်နဲ့ ကိုက်ညီတာ တစ်ခုကတော့ မိခင်ဖြစ်သူဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင် မတာ၊ အမြင့်ကနေ အနိမ့်ကို ခုန်ဆင်းတာတွေကို တင်းတင်းကြပ်ကြပ် တားမြစ်ပြန်ပါတယ်။ သားဖွားဖို့ နီးလာပြီဆိုရင်တော့ အိမ်မှာ အမဲခြောက်နဲ့ ဂျင်းကို စုဆောင်းထားရပြီး ခေါင်ရည်အိုး တည်လေ့ ရှိပါတယ်။ ဒါဟာ ကလေးမွေးပြီးရင် မိခင်ဖြစ်သူ မီးနေသည်ကို ကျွေးဖို့အတွက်ပါ။ နောက်ပြီး မီးဖွားပြီး မိခင်ကို သစ်ကြားသီးဆီ၊ ဝက်ဝံဆီ၊ ကျွဲအဆီတို့ကို ကြက်ဥကစော်နဲ့ ကြော်ကျွေးကြပါတယ်။ ဒါဟာ ကလေးမွေးပြီး အားယုတ်သွားနိုင်တဲ့ မိခင်ဖြစ်သူအတွက် အားဖြည့်စာအဖြစ် သတ်မှတ်ပြီး ကျွေးတာဖြစ်သလို ကလေးကိုလည်း မွေးပြီး အရွယ်ကစပြီး မိခင်နို့ရည် တစ်ခုတည်းကိုသာ အဓိကထား တိုက်ကျွေးစေပါတယ်။ ကလေး နှစ်နှစ်နီးပါးအရွယ်ရောက်မှ နို့ဖြတ်ပြီး ထမင်းကျွေးလေ့ ရှိပါတယ်။ 

ကလေးကျန်းမာရေးအတွက် ကလေးချက် ကြွေသွားတဲ့အခါ အခြောက်အဖြစ် သိမ်းဆည်းပြီး ကလေး အအေးမိရင်ဖြစ်စေ၊ နှာစေး/ချောင်းဆိုးဖြစ်ရင် ဖြစ်စေ၊ ဖျားနာရင် ဖြစ်စေ ကလေးလည်ပင်းမှာ ဆွဲပေးရင် ပျောက်တယ်လို့ အယုံအကြည်ရှိသလို ဝမ်းရောဂါဖြစ်ရင်လည်း ဆေးဖော်ဖို့ ဆေးဖက်ဝင်တယ်လို့ ယုံကြည်ကြပြန်ပါတယ်။ ကလေးမွေးဖွားတဲ့အခါ ရပ်ရွာသူတွေက ကူညီကြရပေမယ့် မွေးဖွားပြီး တစ်လတိတိ မိခင်ဖြစ်သူဟာ မီးနေခန်းကနေ မထွက်ရသလို ခုနစ်ရက်အတွင်းမှာလည်း အဲဒီအခန်းထဲ ဘယ်ဧည့် သည်မှ မဝင်ရဖူးလို့ ရိုးရာဓလေ့တွေအရ တားမြစ်တတ်ပြန်ပါတယ်။ မွေးပြီးကလေးဟာ တစ်ပတ်အတွင်း ရိုးရာနတ်တွေက ပိုင်ဆိုင်ပြီး မွေးပြီး နောက်တစ်ရက် ဝက်သတ်ပြီး ရွာစောင့်နတ်ကို ပူဇော်ပြီးမှ ကလေးအသက်ကို လက်ခံရတယ်လို့ ယုံကြည်ကြပါတယ်။ 

 

ကယား

လူမျိုးစု ကိုးခုရှိတဲ့ ကယားတိုင်းရင်းသားတွေမှာတော့ သားသမီးရတနာတွေနဲ့ ပတ်သက်ရင် မတူညီတဲ့ အစွဲအလမ်းနဲ့ ရိုးရာဓလေ့တွေ ရှိပါတယ်။ ကစားနေတဲ့ ကလေးတစ်ယောက် ရုတ်တရက် သေဆုံးခဲ့ရင် ဒါကို စုန်းပြုစားတာလို့ ယုံကြည်ကြသလို ချင်းဖြူ၊ ချင်းနီ၊ ချင်းဝါတို့ကို ဆေးဘက်လည်း ဝင်သလို နတ်ဆိုး မဖမ်းစားနိုင်ဘူး၊ တစ္ဆေသရဲ မကပ်နိုင်ဘူးလို့ အယူရှိတာမို့ အိမ်ထဲတွေမှာ စိုက်ထားလေ့ ရှိပါတယ်။ မကောင်း ဆိုးဝါး တစ္ဆေတွေဟာ ကလေးတွေကို မြင်စေပြီး အန္တရာယ်ပြုနိုင်တယ်လို့ ယူဆကြတာကြောင့် သစ်အင်ဖူးလို့ ခေါ်တဲ့ ချင်းဖြူကို အပေါက်ဖောက်ပြီး ကြိုးနဲ့ လည်ပင်းမှာ ဆွဲပေးတာ၊ ကျန်းမာစေဖို့ ကျားခြေသည်း၊ လက်သည်းတွေကို ဆွဲပေးတတ်ကြပါတယ်။ တချို့သော သူတွေကတော့ ရှိန်းခိုကို ဆွဲပေးတတ်ပါတယ်။  နောက်ပြီး ကလေးတွေ ကျန်းမာ၊ အသက်ရှည်ဖို့ဆိုပြီး လည်ပင်း၊ လက်၊ ခြေထောက်တွေမှာ ခြူလေးတွေ၊ မူးစေ့၊ မတ်စေ့တွေကို အပေါက်ဖောက်ပြီး ကြိုးနဲ့လည်း ချည်ပေးထားတတ်ကြပါတယ်။ ကယားပြည်နယ်မှာ ဆေးပြုတ်ရည် ချိုးတာဟာလည်း အလေ့အထတစ်ခုဖြစ်ပြီး မိခင်ဖြစ်သူ ကလေးမွေးပြီးစအချိန်မှာ ချိုးပေးလေ့ ရှိပါတယ်။ ဒီဆေးပြုတ်ရည်ကို ဆူးကိုးမျိုးဖြစ်တဲ့ သံပုရာ၊ ထိကရုံး၊ ရှောက်၊ ဇီး၊ နန်းလုံးကြိုင်၊ ကင်းပွန်းချဉ်၊ နှင်းဆီ၊ ဆူးပြောင်းပြန်၊ တရုတ်မန်ကျဉ်း၊ ဆေး ကိုးမျိုးဖြစ်တဲ့ ဆေးပုလဲ၊ ယင်းပြား၊ ဂျင်း၊ ပိစပ်၊ ကြောင်ပန်း၊ နနွင်း၊ သက်ရင်းကြီး၊ မိဿလင်၊ လင်းနေစတာတွေကို နနွင်းမှု့န်၊ ရေတို့နဲ့ ရောစပ်ပြီး အသုံးပြုရပါတယ်။ ဆူးကိုးမျိုး၊ ဆေးကိုးမျိုး မရတဲ့အခါ သုံးမျိုး၊ ငါးမျိုး၊ ခုနစ်မျိုး စသဖြင့် ရောစပ်ပြီး ဒန်အိုးထဲမှာ ရေ ၁၀ ဂါလံထည့်ပြီး ပြုတ်၊ ပြုတ်ရေက ဆူလာပြီး အရောင်က အဝါဘက်ကို သန်းလာတဲ့အခါ အသုံးပြုလို့ ရနိုင်ပါပြီ။ 

 

ကရင် 

အမျိုးတို့ရေ…ရင်သွေးရတနာနဲ့ ပတ်သက်ပြီး ပြုစုကြ၊ ဂရုစိုက်ကြပုံတွေက တစ်ရွာ တစ်ပုဒ်ဆန်းပါ။ မွန်ဂိုလွိုက်မျိုးနွယ်စုကနေ ဆင်းသက်လာတယ်လို့ ယုံကြည်ရတဲ့ ကရင်တိုင်းရင်းသားလူမျိုးစုတွေမှာ သားသမီး ရတနာလေးတွေနဲ့ ပတ်သက်ပြီး ကိုယ်ဝန်ဆောင်ခြင်းနဲ့ပတ်သက်တဲ့ ရိုးရာဓလေ့တွေ ရှိပြန်ပါတယ်။ ကရင်တိုင်းရင်းသားတွေဟာ ကိုယ်ဝန်ဆောင်မိခင်တွေကို အထူးဂရုစိုက်ကြလေ့ ရှိပြီး ကိုယ်ဝန်ရှိပြီဆိုတာနဲ့ ရပ်ရွာထဲက သက်ကြီး ဒွေးတော်၊ မိကြီးတွေက ဆောင်ရန်ရှောင်ရန်အတွက် အခါမလင့် သတိပေး ဆုံးမတတ်ပါတယ်။ ဒါ့အပြင် ကလေးအနေအထားမှန်ဖို့ ဗိုက်ပြင်ပေးတာ၊ အစပ်/အပူ/အခါးနဲ့ တက်စာတွေ၊ အနွယ်အညွန့်တွေနဲ့ တခြားမစားသင့်တွေ မစားကြဖို့ သွန်သင်လမ်းပြလေ့ ရှိပါတယ်။ စကော ကရင်တွေကတော့ ကိုယ်ဝန် ဆောင်မိခင် အင်အားဖြစ်စေဖို့ အဝါရောင်ငှက်သိုက်ကို ရေစိမ်သောက်ခိုင်းတာ၊ ရိုးရာ ရေမန်းကို သောက်ခိုင်း တာတွေအပြင် သက်ဆိုင်ရာရိုးရာနတ်တွေကို ပူဇော်တာ၊ လိပ်ပြာခေါ်တာတွေကို ပြုလုပ်ပေးလေ့ ရှိပါတယ်။  တချို့ဒေသတွမှာဆိုရင် ကိုယ်ဝန်ဆောင်မိခင် မမွေးဖွားခင် တစ်လအလိုလောက်မှာ အဖွားအို ခုနစ်ယောက်က ထမင်းဆုပ် ခုနစ်ဆုပ်၊ ရေတစ်ခွက်၊ ငှက်ပျောသီး၊ ကောက်ညှင်းထုပ်ဖင်ချွန်၊ ချည်မျှင် ခုနစ်မြှင်နဲ့ လိပ်ပြာ ခေါ်ပွဲလုပ်ပြီး ကလေး အထိအခိုက် မရှိဘဲ မွေးဖွားနိုင်ဖို့ လက်ကောက်ဝတ်မှာ ချည်မျှင်တွေကို ပတ်ချည်ပေးတာ လုပ်ပေးလေ့ ရှိပါတယ်။ 

ကိုယ်ဝန်ဆောင်စဉ် မိုးချုပ်နေဝင် အချိန်မှာ ရေချိုးတာကို တားမြစ်ထားပြီး ဒီလိုလုပ်တာဟာ မကောင်းဆိုးဝါး ကပ်နိုင်တယ်ဆိုတဲ့ အယူအဆကြောင့်ပါတဲ့။ အိမ်ပြင်ကို ထွက်ရင်လည်း မကောင်းဆိုးဝါး အလွယ်တကူ ကပ်တတ်တာမို့ ဓား၊ ကွမ်းညှပ်၊ ကပ်ကြေး စတဲ့ ထက်တဲ့ လက်နက်တစ်ခုခုကို ဆောင်စေပြန်ပါတယ်။ ကိုယ်ဝန်ဆောင်တွေကို မင်္ဂလာဆောင်တွေ သွားတာ တားမြစ်ထားသလို အသုဘအိမ်သွားတာကိုလည်း တားမြစ်ထားပါတယ်။ ကလေးအမြွာ မွေးတတ်တယ်ဆိုတဲ့ အယူကြောင့် ငှက်ပြောသီးအမြွာ မစားကြဖို့အပြင် မျောက်သားလည်း မစားရပါဘူး။ အသက်သတ်ခြင်းနဲ့ ခြံဝင်ပေါက် ပိတ်တာတွေကို ကိုယ်တိုင် မလုပ်ဖို့ တားကြသလို ညပိုင်း လငပုပ်ဖမ်းရင်လည်း မကြည့်ရပါဘူး။ ကြည့်မိသွားလို့ လန့်တာမျိုး ဖြစ်ရင် မုဆိုးမ ခုနစ်ယောက်ကို ခေါ်ပြီး လိပ်ပြပြန်ခေါ်စေခိုင်းလေ့ ရှိပါတယ်။ မီးဖွားတဲ့အခါ လက်သည် ပါရပြီး ဖာပွန်နယ် က တောင်ပေါ်ကရင်တွေကတော့ မွေးဖွားပြီးတဲ့အခါ ချက်ကြိုးကို မီးသွေးခံပြီး ဝါးနှီးနဲ့ ဖြတ်ရပါတယ်။ အချင်းကို ဝါးကျည်တော်ကထဲ ထည့်ပြီး အိမ်လှေကာရးင်းမှာ မြုပ်ရပြီး ယောကျ်ားလေးဆိုရင် သစ်ပင်ပေါ် တင်ထားရပါတယ်။ အချင်းကို ရေမျှောလိုက်မိရင် ကလေးရေနစ်သေတတ်တယ်လို့လည်း အယူရှိကြပါတယ်။ ကလေးမွေးပြီးစ မိခင်ဟာ တစ်ကိုယ်လုံး နနွင်းလိမ်းပြီး ငါးရက်ဆက် အုတ်ပူထိုး မီးလှုံရပါတယ်။ မီးဖိုကို မြရာပင်သားထင်းသာ သုံးရပြီး ပျဉ်းကတိုးသားကို လုံးဝ မသုံးရပါဘူး။ မီးတွင်းကာလမှာ ထင်းနဲ့ ဆားကို သာ စားစေပြီး သားငါးရှောင်ရသလို အညှော်လည်း ရှောင်ရပါတယ်။ မီးထွက်တဲ့နေ့မှာ ရေချိုးရပြီး တစ်လလုံး နနွင်းလိမ်းတာ၊ ရေမန်းသောက်တာ၊ နနွင်းနဲ့ ဆားမီးဖုတ် သောက်တာတွေကို ဆက်လုပ်ရပါတယ်။ တောင်ပေါ်ကရင်တို့ရဲ့ မီးနေသည်ဆေးကတော့ နနွင်း၊ မိဿလင်၊ ထုံးနဲ့ ဆားပဲ ဖြစ်ပါတယ်။ 

ကရင်တိုင်းရင်းသားတို့ရဲ့ ရှေးရိုးရာဓလေ့အရ ကလေးငယ်ကို မိခင်နို့ရည်သာ တိုက်ကျွေးလေ့ ရှိပါတယ်။ မိခင်က နို့မထွက်ရင်လည်း တိုက်ရပြီး နို့ထွက်ဖို့အတွက် မိဿလင်နဲ့ ငရုတ်ကောင်းရည် ဒါမှမဟုတ် ရေမန်းသောက်စေပါတယ်။ အဲဒီလို လုပ်လို့မှ မထွက်ဘူးဆိုရင် တခြားမိခင်တစ်ဦးဦးရဲ့ နို့ရည်ကို တိုက်နိုင်ပြီး ယောကျ်ားလေးဖြစ်ရင် တခြားယောက်ျားလေးရှင် မိခင်ရဲ့ နို့ရည်ကိုသာ တိုက်ရပါမယ်။ မိခင်တွေဟာ နောက် ထပ်ကိုယ်ဝန်မရှိသေးဘူးရင် နှစ်နှစ်ကနေ သုံးနှစ်အထိ နို့တိုက်ပေးလေ့ ရှိပါတယ်။ ကလေး နာမကျန်းဖြစ်ရင် တော့ မျိုးနွယ်စုအပေါ်လိုက်ပြီး အယူအဆနဲ့ ရိုးရာဓလေ့တွေ ရှိပြန်ပါတယ်။ နတ်စားကရင်အမျိုးသားတွေက တော့ ခန္ဓာကိုယ်က ဝေဒနာဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့် ဖြစ်တယ်ဆိုတဲ့ ရောဂါဇစ်မြစ်ကို ရှာခြင်း ထက် လိပ်ပြာလွင့်တာ၊ ဘီလူး/သရဲ ကပ်တာ၊ ရိုးရာနတ် ဖမ်းစားတာလို့ ယူဆကြပါတယ်။ ဒါကြောင့် လိပ်ပြာ ခေါ်တာ၊ ရေမန်းတိုက်တာ၊ ခေါစာကျွေးတာ၊ ကြက်ရိုးဗေဒင်မေးတာ၊ ရိုးရာနတ်ပူဇော်တာ၊ ဂါထာမန္တရားတွေ ရွတ်တာ စတဲ့ ပုံစံတွေနဲ့ ကုသလေ့ရှိပါတယ်။ 

 

ချင်း 

ချင်းတိုင်းသားတို့ရဲ့ ကိုယ်ဝန်ဆောင်တာနဲ့ မွေးဖွားလာမယ့် သားသမီးငယ်အတွက် ထားရှိတဲ့ ရိုးရာ ဓလေ့တွေကလည်း ဆန်းပြားပါတယ်။ ဖလမ်းနယ် လိုင်ဇိုက ကိုယ်ဝန်ဆောင်တွေဟာ ပန်းပဲလုပ်ဖို့ မသွားရပါဘူး။ ဟွာလ်ကိုယ်ဝန်ဆောင်တွေကြပြန်တော့လည်း ခရမ်းသီး မစားကြပါဘူး၊ စားမိရင် ကလေးအသားအ ရောင်ဟာ ခရမ်းရောင် ဖြစ်မယ်လို့ ယူဆကြပြန်တာကြောင့်ပါ။ ဖလမ်းနယ် ခွာလ်ဆင်းမ် ချင်းတိုင်းရင်းသားတွေဟာ ကိုယ်ဝန်ရှိစ တစ်လ၊ နှစ်လအတွင်း ကိုယ်ဝန်မြဲဖို့အတွက် မီးလှုံလေ့ ရှိပါတယ်။ နောက်ပြီး ကလေး မွေးလာရင် သောက်ဖို့အတွက်လည်း ခေါင်ရည်တည်ကြပါတယ်။ မတူညီတဲ့ ချင်းလူမျိုးစုတွေကြားမှာ တူညီ တာကတော့ မိခင်ဖြစ်သူ ကိုယ်ဝန်ဆောင်တဲ့အခါ အလုပ်ကြမ်း မခိုင်းတာ၊ အစားအသောက်၊ အသွားအလာ၊ အနေအထိုင်တွေကို ဂရုစိုက်စေတာပါ။ အနူး၊ ခမီ၊ ပနမ်း၊ ကလင်းကော့ (လုရှေ့) အမျိုးသမီးတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မြွေ၊ မျောက်၊ ဖွတ်နဲ့ လိပ်သားကို မီးဖွားရင် ခက်တယ်ဆိုတဲ့ ယုံကြည်မှုအရ မစားကြပါဘူး။ မိခင်လောင်းအပြင် အမျိုးသားတွေလိုက်နာရတဲ့ ရိုးရာဓလေ့တွေ ရှိပြန်ပါတယ်။ အိမ်မှာ ကိုယ် ဝန်ဆောင်ရှိရင် လူသေတွင်းတူတာ၊ ဖို့တာ၊ အစိမ်းသေသူကို ကိုင်မိတာတွေကို လုံးဝ ရှောင်ရပါတယ်။ ကိုယ် ဝန်ဆောင်မိခင်တစ်ဦးဦး မီးမဖွားဘဲ သေတယ်ဆိုတဲ့ သတင်းကြားရင် အိမ်က ကိုယ်ဝန်ဆောင်မိခင်လောင်း တွေကို အချိန်လွဲပြီး ထမင်းစားခိုင်းလေ့ရှိပြီး နိမိတ်မကောင်းတဲ့ သတင်းကို ပြန်ပြီး ယတြာချေတဲ့ သဘောနဲ့ လုပ်ခိုင်းတာပါ။ 

မိခင်လောင်း မွေးဖွားပြီးရင် ဆိုရင် ခမီး၊ အနူးနဲ့ ခေါင်စို အမျိုးသားတွေက မီးဖွားပြီးတာနဲ့ မီးလှုံခြင်းကို ချက်ချင်း စလုပ်စေပါတယ်။ တစ်လအတွင်း ထမင်းဖြူနဲ့ ရေကိုပဲ ကျွေးပြီး ဟင်းသီးသင်းရွက်ကိုတော့ ဆားနဲ့ ငါးပိ မပါဘဲ စားသောက်စေပါတယ်။ တစ်ဦးထက် ပိုပြီး မွေးဖူးတဲ့ မိခင်လောင်းဆိုရင်တော့ ၁၅ ရက်လောက်ပဲ ဒီရိုးရာဓလေ့ကို လုပ်ရပြီး ကလေးမွေးဖွားပြီးစ မိခင်တိုင်းကတော့ ငါးရက်အတွင်း မြေကြီးပေါ် ဆင်းတာကို ကန့်သတ်ထားပါတယ်။ ချင်းပြည်နယ်က မီးနေသည်တွေ ပထမဆုံး စားရလေ့ ရှိတဲ့ အသားဟင်းကတော့ ရှဉ့် သားခြောက်ဟင်းပါ။ ရှည့်ဟာ တောတောင်အထပ်ထပ်ကို ခုန်ကျော်သွားလာနိုင်လို့ ဒါကို စားရင် ရောဂါကင်း တယ်လို့ ယူဆတာကြောင့်ပါ။ 

 

မွန်

မွန်တိုင်းရင်းသားတွေမှာတော့ ကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးဖွားလာတဲ့ကလေးငယ်တွေအတွက် သတ် မှတ်ထားတဲ့ ကွဲပြားသော ရိုးရာဓလေ့တွေကတော့ မရှိသလောက်နည်းပေမယ့် တစ်ရွာ တစ်ပုဒ်ဆန်း နည်းတွေ ကတော့ ရှိပါတယ်။ ဒါပေမဲ့ မွေးဖွားပြီး ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေကို ကုသတဲ့ ရိုးရာဆေးနည်းတွေကတော့ အများအပြား ရှိပါတယ်။ 

ကလေးက သူငယ်နာ ကျောပူခေါင်းပူ ထရင် အုန်းသီး ကျွေးပြီး ကလေးက တက်ရင် စပါးကြီး သည်း ခြေနဲ့ အာခေါင်ကို ပွတ်ပေးပါတယ်။ ကလေးကို ကျားလက်သည်းဆွဲပေးရင် ရောဂါကင်းတယ်လို့ အယူရှိပြီး ကျောက်ရောဂါ ကာကွယ်ဖို့ ဝက်ဝံသည်းခြေကို မျိုခိုင်းလေ့ ရှိပြီး လက်ဖွဲ့၊ ပရိတ်ကြိုးကို လည်ပင်းမှာ ချည်တဲ့ ဓလေ့လည်း ရှိပြန်ပါတယ်။ 

ကလေးမွေးပြီးစ မီးနေသည်တွေနဲ့ ပတ်သက်တဲ့ အယူအဆတစ်ခုကတော့ အမျိုးသားတွေ ထိုးကွင်း ထိုးတဲ့ဓလေ့နဲ့ ဆက်စပ်ပါတယ်။ ရှေး မွန်အမျိုးသားတွေဟာ ထိုးကွင်းထိုးမှ ယောက်ျားပီသတယ်လို့ အယူအ ဆရှိပြီး ထိုးကွင်းမရှိရင် သတ္တိနည်းသူဆိုပြီး မိန်းမပျိုတွေက နှာခေါင်းရှုံ့တတ်ကြပါတယ်။ ဒါကြောင့် ထိုးကွင်း ထိုးတာတဲ့ ဓလေ့ဟာ မွန်အမျိုးသားတွေမှာ စွဲစွဲမြဲမြဲကို ရှိနေတာလည်း ဖြစ်ပါတယ်။ မီးနေသည်ရှိတဲ့အိမ်ကို လက်ဖွဲ့ဆေး ထိုးထားသူ၊ ပြီးဆေး ထိုးထားသူ မသွားတတ်ကြပါဘူး။ မီးနေအိမ်ကို မသွားကောင်း၊ သနမည် လို့ ယူဆတာကြောင့်ပါ။ တကယ်လို့များ အဲဒီဆေးထိုးထားသူ တစ်ဦးဦးက မီးနေသည်အိမ် ဝင်မိရင် ကိုယ်လက်တွေ ယားတတ်ပြီး တရော်၊ ကင်ပွန်း၊ နနွင်းမှုန့်၊ အမွှေ့နံ့သားတွေနဲ့ ဆေးကြောသန့်စင်မှသာ သနတာကျယ်လို့ ယူဆကြပါတယ်။ ဒီရိုးရာအယူအဆစွဲတွေဟာ တစ်ခေတ်တစ်ခါက ရှိခဲ့တာဖြစ်ပြီး ဒီကနေ့လို တိုးတက်တဲ့ ခေတ်ကြီးမှာတော့ အတော့်ကို မရှိသလောက် နည်းပါးသွားတဲ့ အယူအဆပါ။ 

 

ရခိုင်

ရခိုင်တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းကတော့ ကိုယ်ဝန်ဆောင်မိခင်ဟာ မင်္ဂလာဆောင်တွေ သွား တာမျိုး မရှိသလို လက်ဖွဲ့လည်း ပေးလေ့ မရှိပါဘူး။ ည မိုးချုပ် အပြင်မထွက်ကြသလို မြစ်ကူးချောင်းကူး သွားတာ၊ အသုဘ သွားတာ၊ ကူငွေထည့်တာတတွေလည်း မလုပ်ကြပါဘူး။ ရခိုင်ရှေးလူကြီးတွေ ပြောစကား ကို လိုက်နာလေ့ ရှိပြီး ကိုယ်ဝန်ဆောင်ချိန် သစ်ပင်စိုက်တာ၊ အိမ်အဝင်ဝ ပိတ်ထိုင်တာ၊ လှေကားရင်း ထိုင်တာတွေကိုလည်း ရှောင်ကြဉ်ကြလေ့ ရှိပါတယ်။ ငှက်ပျောသီး အမြွှာစားတာအပြင် အဖျားနှစ်ခွပါတဲ့ ကွမ်းရွက်၊ ဟင်းသီးဟင်းရွက်တွေကို ရှောင်သလို မှိုနဲ့ မျှစ်ကိုလည်း မစားကြပါဘူး။ မိခင်ဖြစ်သူ ကိုယ်ဝန်ဆောင်ချိန် ဖခင်ဖြစ်သူကလည်း အသုဘ ဝင်ထမ်းတာတွေ၊ ဓားလက်နက် ဝယ်တာတွေကိုလည်း မလုပ်ရပါဘူးတဲ့။ မီးဖွားတဲ့အခါ လက်သည်ကိုသာ အားကိုးကြလေ့ရှိပြီး မီးဖွားဖို့ ခက်နေရင် ပရိတ်ရေသောက်တာ၊ အိမ်အမိုး ဓနိရွက် ကိုယူပြီး နငယ်နကွင်းပိတ် အက္ခရာရေးပြီး ကိုယ်ဝန်ဆောင်မိခင် ဆံထုံးမှာ စောက်ထိုးစိုက်ပေးထားတတ်ပြန် ပါတယ်။ မီးဖွားပြီဆိုတာနဲ့ အိမ်လေးဘက်လေးလံထောင့်မှာ ဆီး (ဇီး) ခက်တွေကို ချက်ချင်း ချိတ်ထားလေ့ ရှိပြီး အိမ်တွင်းမှာတော့ သြဇာရွက် ထိုးထားကြပါတယ်။ ဒါက မိစ္ဆာတွေ မနှောင့်ယှက်အောင်ဆိုတဲ့ အယူကြောင့်ပါ။ “မီးယပ်ဖုတ်” ဆိုတဲ့ မိစ္ဆာ ဖမ်းစားတတ်တယ်ဆိုတဲ့ အယူကြောင့် မီးနေခန်းကို မီးမပြတ်ထားပြီး မီးနေ စောင့်ကြလေ့ ရှိပါတယ်။ မီးနေသည်စောင့်တာကို ဆွေမျိုးသားချင်းတွေက အလှည့်ကျနဲ့ ညဉ့်အိပ်ညဉ့်နေ စောင့်ပေးတတ်ပေမယ့် ဘုန်းနိမ့်တတ်တယ်ဆိုတဲ့ အယူကြောင့် အမျိုးသားတွေကတော့ မီးနေခန်းကို ဝင်ခွင့် မရှိပါဘူး။ 

မီးဖွားပြီး မိခင်ဟာ တစ်ရက်၊ နှစ်ရက်အတွင်း ထမင်းဖြူနဲ့ ဆားမီးဖုတ်ကို စားရပြီး မျှစ်၊ မှို၊ ငရုတ်သီးစိမ်းနဲ့ ဝက်သားကိုတော့ တစ်လလောက် ရှောင်ရပါတယ်။ မီးနေသည်လက်နဲ့ ပျားရည်ကို ထိမိရင် ကိုယ်မကောင်းဖြစ်တတ်လို့ အယူရှိတာကြောင့် ခြောက်လလောက်အထိကို လက်နဲ့ မထိကြပေမယ့် ကလေးကိုတော့ တခြားသူတွေက ပျားရည် တိုက်ကျွေးလေ့ ရှိပြန်ပါတယ်။ မီးနေခန်းအောင်းတဲ့ရက်ဟာ ငါးရက်ကနေ ခုနစ်ရက်အထိ ကြာလေ့ရှိပြီး မီးဖွားစဉ်က သုံးထားတဲ့ အသုံးအဆောင်တွေ၊ မီးခန်းထဲက မီးဟောင်းတွေကို စွန့်ပစ် (မီးပစ်) ကြလေ့ ရှိပါတယ်။ မီးပစ်တဲ့နေ့မှာ တစ်အိမ်လုံးကို စပါးစေ့ ပစ်ကြဲပြီး စလူခတ်နဲ့ ရိုက်ပြီး မကောင်းဆိုးဝါး နှင်လေ့ ရှိပါတယ်။ အဲဒီနေ့မှာပဲ ကလေးကို ကတုံးရိတ်၊ တရော် ကင်ပွန်းနဲ့ တို့ပေးပြီး စကောချပ်ထဲမှာ ကင်ပွန်းသီး၊ ဆီနဲ့ နယ်ထားတဲ့ နနွင်းကို ထည့်ပြီး ဆန်လက်တစ်ဆုပ်၊ ကျောက်ခဲတစ်လုံးနဲ့ သံချောင်း တစ်ချောင်းပါ ထည့်ထားပါတယ်။ အဲဒီနေ့ ကလေးလာကြည့်သူတွေဟာ ဆန်ကောထဲက ကင်ပွန်းကို တို့ပြီး ကလေး ကျန်းမာ၊ ချမ်းသာစေဖို့ ဆုတောင်းပေးတတ်ကြပါတယ်။ ကလေးကို နတ်တိုက်တယ်၊ စုန်းတိုက်တယ် လို့ ယူဆကြတဲ့အခါ နတ်ဆရာ၊ ဗိန္ဒောဆရာတွေနဲ့ ဂါထာမန္တရား မန်းမှု၊ ရွတ်ဆို၊ စုတ်ထိုး၊ ဆေးတိုက်၊ အင်းပြာချတာ၊ လက်ဖွဲ့ဆောင်တာ၊ ခြေမန်းကွင်းစွပ်တာ စတဲ့ နည်းတွေနဲ့ ကုသပေးကြလေ့ ရှိပါတယ်။ ဒါ့အပြင် ရခိုင်တိုင်းရင်းသားတွေမှာ ဆေးကုသခြင်းနဲ့ဆိုင်တဲ့ ရိုးရာဆေးပညာရပ်တွေလည်း သီးသန့်ရှိပြီး အဲဒါဆေးပညာရပ်ကျမ်းတွေကို ကိုးကားအသုံးပြု ကုသလေ့လည်း ရှိပါတယ်။ 

အမျိုးတို့ရေ….မယ်ကြော့တို့ တိုင်းပြည်မှာက တိုင်းရင်းသားလူမျိုးလည်း စုံလှသလို ရှေးကတည်းက သုံးခဲ့ကြတဲ့ ရိုးရာဓလေ့ ထုံးတမ်းတွေက တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းမို့ ပြောရင်ဖြင့် ကုန်အံ့ မထင်ပါ။ ဗမာတိုင်းရင်းသားတွေကတော့ ရိုးရာတိုင်းရင်းဆေးကျမ်းမျိုးစုံလည်း ရှိတာမို့ သူတို့အကြောင်းတော့ အခါအခွင့်သင့်မှပဲ ပြောပြတော့မယ်။ မယ်ကြော့ သတိပေးချင်တာလေးက အခု ပြောပြတာတွေက ရှိခဲ့ဖူးတဲ့ ဓလေ့ထုံးတမ်းတွေကို ပြန်ပြောင်းပြောပြတာသာဖြစ်ပြီး တချို့သော အယူအဆတွေက ဒီကနေ့ခေတ်အထိ ပါနေဆဲ၊ ကျင့်သုံးနေဆဲဆိုတာလေးပါ။ စျေးသုံးလည်း မလွယ်နဲ့ – ရှေးထုံးလည်း မပယ်နဲ့ ဆိုတဲ့ စကား အတိုင်း သုံးသင့်တာတွေကို ဆက်သုံးနိုင်ဖို့နဲ့ ပယ်သင့်တာတွေ ရှိရင်လည်း ပယ်နိုင်ကြစေဖို့ မျှဝေလိုရင်းသာ ဖြစ်ပါတယ်လို့ ပြောလိုက်ပါရစေနော်။ 

 

ကိုးကား – A glimpse at Traditonal Medical Practices and Customs of Ethnic Groupu in Myanmar – ကျန်းမာရေးဝန်ကြီးဌာန

#တိုင်းရင်းဆေး

#တိုင်းရင်းသား

#နနွင်း

#ဆားမီးဖုတ်

ဒီအကြောင်းအရာကို မျှဝေပါ

Leave A Comment

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ