သည်းခြေကျောက်ဘာကြောင့်ဖြစ်ရတာလဲ?
(Dr. Yen Bi Ter ရေးသားသည်)
အာထရာဆောင်း (Ultrasound) ရိုက်လိုက်မှ သည်းခြေအိတ်မှာ ကျောက်တည်နေတယ်ဆိုတာ သိလိုက်ရတဲ့အခါ လူအများစု ပထမဆုံးမေးလေ့ရှိတဲ့ မေးခွန်းကတော့ “ကျွန်တော်/ကျွန်မမှာ ဘာလို့ ဒီလိုဖြစ်ရတာလဲ” ဆိုတာပါပဲ။

သည်းခြေကျောက်တည်ခြင်းဟာ လူကြီး ၁၀ ယောက်မှာ ၁ ယောက်လောက် ဖြစ်ပွားလေ့ရှိတဲ့ အစာလမ်းကြောင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မပြောင်းလဲမှု၊ သည်းခြေအိတ် အလုပ်လုပ်ပုံနဲ့ ရေရှည်နေထိုင်စားသောက်မှုပုံစံတွေ ပေါင်းစပ်ပြီးမှ တဖြည်းဖြည်း ဖြစ်ပေါ်လာတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။
သည်းခြေကျောက်တစ်ခု ဖြစ်လာဖို့ အဓိကအကြောင်းအရင်း ၃ ခု လိုအပ်ပါတယ်။ ဒါတွေကတော့-
၁။ သည်းခြေရည်ထဲ ကိုလက်စထရော (Cholesterol) များလွန်းခြင်း- သည်းခြေရည်ထဲမှာ ပျော်ဝင်နိုင်တဲ့ ပမာဏထက်ပိုပြီး ကိုလက်စထရောတွေ များလာတဲ့အခါ သည်းခြေရည်တွေဟာ အနည်ကျပြီး အစိုင်အခဲလေးတွေ စဖြစ်လာပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အဲဒီအစိုင်အခဲတွေက ကျောက်တွေအဖြစ် ပြောင်းလဲသွားတာပါ။ ဒါဟာ အဖြစ်အများဆုံး အကြောင်းရင်းဖြစ်ပြီး လူနာ ၉၀-၉၅% လောက်မှာ တွေ့ရတတ်ပါတယ်။
၂။ သည်းခြေအိတ် ကောင်းစွာ မညှစ်ထုတ်နိုင်ခြင်း – သည်းခြေအိတ်ဟာ ကျုံ့ဆန့်နိုင်တဲ့ အိတ်ကလေးဖြစ်ပါတယ်။ သည်းခြေရည်တွေကို သိုလှောင်တာလဲ လုပ်သလို လိုတဲ့အခါ အစာခြေနိုင်ဖို့လည်း ညှစ်ထုတ်ပေးရပါတယ်။ သည်းခြေအိတ်က ကောင်းကောင်းမညှစ်နိုင်တဲ့အခါ (သို့) လုံးဝပြောင်စင်အောင် ညှစ်နိုင်စွမ်းမရှိတဲ့အခါ သည်းခြေရည်တွေဟာ အိတ်ထဲမှာ အကြာကြီး ငြိမ်သက်နေပြီး ပိုမိုပျစ်ခဲလာကာ ကျောက်တည်ဖို့ ဖြစ်လာစေပါတယ်။
၃။ သည်းခြေရည် ပါဝင်ပစ္စည်းများ မညီမျှခြင်း – ပုံမှန်အားဖြင့် သည်းခြေရည်မှာ ကိုလက်စထရော၊ သည်းခြေဆားဓါတ်နဲ့ Bilirubin လို့ခေါ်တဲ့ အရောင်ခြယ်ပစ္စည်းတွေ မျှတစွာ ပါဝင်နေပါတယ်။ ဒီမျှတမှု ပျက်သွားရင် ကျောက်တည်ရလွယ်ပါတယ်။
သည်းခြေကျောက်ဟာ လူတိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် တစ်ချို့သူတွေကတော့ ပိုဖြစ်နိုင်ခြေရှိပါတယ်။ ဒါတွေကတော့ –
အသက်အရွယ်နှင့် ကျား/မ သဘာဝ: အသက် ၄၀ ကျော်လာရင် ပိုဖြစ်နိုင်သလို အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ၂ ဆ၊ ၃ ဆလောက် ပိုဖြစ်နိုင်ပါတယ်။
အဝလွန်ခြင်း: ကိုယ်အလေးချိန်များတဲ့သူတွေမှာ သည်းခြေရည်ထဲ ကိုလက်စထရော ပိုများနေတတ်သလို သည်းခြေအိတ်လှုပ်ရှားမှုလည်း နည်းပါးတာကြောင့် သည်းခြေကျောက် ဖြစ်နိုင်ချေ ၂-၃ ဆ ပိုများပါတယ်။
ကိုယ်အလေးချိန်အမြန်ချခြင်း : ကိုယ်အလေးချိန်ထိန်းခြင်းဟာ ကောင်းပေမယ့် ကိုယ်အလေးချိန်ကို အမြန်လျှော့ချတာကတော့ မကောင်းပါဘူး။ တစ်ပတ်ကို ၁.၅ ကီလို (၃ ပေါင်ခန့်) ထက်ပိုပြီး ဝိတ်ချတာ၊ အစားအစာကို အလွန်အမင်း လျှော့စားတာ (Crash Diets)၊ အစာဖြတ်တာတွေ လုပ်တဲ့အခါ သည်းခြေအိတ်က လှုပ်ရှားမှုနည်းသွားပြီး ကျောက်တည်နှုန်းကို မြန်ဆန်စေပါတယ်။ ဒါကြောင့် ဝိတ်ချမယ်ဆိုရင် တစ်ပတ်ကို ၀.၅ – ၁ ကီလို လောက်ပဲချဖို့ သင့်တော်ပါတယ်။

ဆီးချိုနှင့် အဝလွန်ရောဂါကုဆေးများ: နောက်ဆုံးတွေ့ရှိချက်တွေအရ ဆီးချိုထိန်းဖို့နဲ့ ဝိတ်ချဖို့သုံးတဲ့ ထိုးဆေးတွေ (ဥပမာ – Semaglutide/Ozempic, Liraglutide) ဟာ သည်းခြေကျောက်တည်နိုင်ခြေကို အနည်းငယ် မြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီဆေးတွေသုံးနေတဲ့သူတွေအနေနဲ့ ဗိုက်ညာဘက်အပေါ်ပိုင်း အောင့်တာ၊ ပျို့အန်တာတွေဖြစ်ရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
အဲ့တာတွေအပြင် မနက်စာ မစားဘဲနေခြင်း၊ ၁၂ နာရီထက်ကြာအောင် အချိန်ကြာမြင့်စွာ အစာမစားဘဲနေခြင်းတွေဟာ သည်းခြေရည်ကို အိတ်ထဲမှာ အကြာကြီး လှောင်ထားသလိုဖြစ်ပြီး ကျောက်တည်ခြင်းကို အားပေးပါတယ်။
ဒါကြောင့် သည်းခြေကျောက် မဖြစ်အောင် –
အစာကို အချိန်မှန်စားပါ – မနက်စာကို လုံးဝမလွတ်ပါစေနဲ့။ ညဘက်အိပ်နေစဉ် တစ်ညလုံး သည်းခြေရည်တွေ စုနေတာဖြစ်တဲ့အတွက် မနက်စာစားလိုက်မှသာ သည်းခြေအိတ်က ညှစ်ထုတ်ခွင့်ရမှာ ဖြစ်ပါတယ်။ တစ်နေ့ကို ၃ နပ် ပုံမှန်စားသုံးတာ အကောင်းဆုံးပါပဲ။
ကောင်းမွန်တဲ့အဆီကို ရွေးချယ်စားသုံးပါ – သံလွင်ဆီ၊ ငါးကြီးဆီ၊ အခွံမာသီး စတဲ့ အရာတွေကနေရတဲ့ အဆီတွေက သည်းခြေကျောက်ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အဆီများတဲ့အစားအစာ၊ ဆီကြော်စာတွေကို ရှောင်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အဆီစားလိုက်ရင် သည်းခြေအိတ်က သည်းခြေရည်ကို ပြင်းပြင်းထန်ထန် ညှစ်ထုတ်တဲ့အတွက် ကျောက်က သည်းခြေပြွန်ကို ပိတ်ပြီး ဗိုက်အောင့်တာ ဖြစ်လာနိုင်လို့ပါ။
ရေများများသောက်ပါ – ရေဓါတ်ခမ်းခြောက်ခြင်းက သည်းခြေရည်ကို ပိုပျစ်စေတဲ့အတွက် အချိန်ကြာလာတဲ့အမျှ ကျောက်ဖြစ်ဖို့ အားပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ရေ ၂-၃ လီတာလောက် သောက်သုံးသင့်ပါတယ်။
ဒါ့အပြင် သုတေသနတွေအရ ကဖင်းဓါတ်ပါတဲ့ ကော်ဖီ (Caffeinated coffee) တစ်နေ့ကို ၂-၃ ခွက်သောက်သူတွေမှာ သည်းခြေကျောက်ဖြစ်နိုင်ချေကို ၂၀-၄၀% အထိ လျှော့ချပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ ကဖင်းဓါတ်က သည်းခြေအိတ်ရဲ့ ညှစ်နိုင်စွမ်းကို အားပေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကော်ဖီထဲမှာ နို့ဆီ၊ သကြား အများကြီးထည့်သောက်ရင်တော့ အဆီများနိုင်တဲ့ အတွက် အကျိုးမရှိနိုင်ပါဘူး။
သည်းခြေကျောက်တည်ခြင်းဆိုတာ မိမိရဲ့ မျိုးရိုး၊ ဟော်မုန်းနဲ့ နေ့စဉ်နေထိုင်မှုပုံစံတွေ ပေါင်းစပ်ပြီး ဖြစ်လာတာဖြစ်ပြီး အသက်အရွယ်နဲ့ မျိုးရိုးကို မပြင်နိုင်ပေမယ့် ကိုယ်အလေးချိန်ထိန်းတာ၊ အစာအချိန်မှန်စားတာ၊ ရေများများသောက်တာ စတဲ့ အလေ့အကျင့်တွေနဲ့ သည်းခြေကျောက်မဖြစ်အောင် ကာကွယ်နိုင်သလို နောက်ဆက်တွဲ ပြဿနာတွေကိုလည်း လျှော့ချနိုင်ပါတယ်။
References
EASL Clinical Practice Guidelines on the prevention, diagnosis and treatment of gallstones.
NICE Guidelines (CG188) – Gallstone Disease.
Recent studies on GLP-1 agonists and gallbladder risk (2024-2025).
(Disclaimer: ဤဆောင်းပါးသည် ကျန်းမာရေးအသိပညာပေးရန်သာ ရည်ရွယ်ပြီး ဆရာဝန်၏ ကုသမှုကို အစားထိုးရန် မဟုတ်ပါ။ မိမိတွင် ရောဂါလက္ခဏာ တစ်စုံတစ်ရာ ခံစားရပါက နီးစပ်ရာ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။)
