လေထု ညစ်ညမ်းမှု မြင့်နေပြီ – သတိထားကြပါ

Published On: February 26th, 2026|Views: 174|

– ဇလပ်

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုအခြေအနေက အနီရောင် အဆင့်ရှိနေပြီလို့ ကမ္ဘာ့လေထုအရည်အသွေးတိုင်းတာမှုတွေကို စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ IQAir က ထုတ်ပြန်လိုက်ပါတယ်။​ ရန်ကုန်မြို့လယ်ခေါင်ဖြစ်တဲ့ ဒဂုံမြို့န​ယ်မှာဆိုရင် လေထုညစ်ညမ်းမှုဟာ ၁၉၂ အထိ ရှိနေပြီး ညစ်ညမ်းမှုအဆင့်ဟာ ကမ္ဘာ့အဆင့် ၄ အထိ ရှိနေပြီလို့ IQAir က သတိပေးထားပါတယ်။​

AQI (Air Quality Index) ဆိုတာ လေထုအရည်အသွေး အညွှန်းကိန်းပါ။​ လေထဲမှာ ပါဝင်တဲ့ PM 2.5 အမှုန်အမွှား၊ အိုဇုန်းဓာတ်ငွေ့၊ မော်တော်ကားနဲ့ စက်ရုံတွေက ထွက်တဲ့ Nitrogen Dioxide ၊ ကျောက်မီးသွေးနဲ့ လောင်စာဆီ လောင်ကျွမ်းတာက ထွက်တဲ့ Sulfur Dioxide နဲ့ ကာဗွန်မိုနော့ဆိုက်ဒ် ဓာတ်ငွေ့တွေ ပမာဏကို ကြည့်ပြီး ဒီပမာဏဟာ လူတွေရဲ့ ကျန်းမာရေးအပေါ် ဘယ်လောက်အထိ အကျိုး သက်ရောက်မှုရှိသလဲဆိုတာ တိုင်းတာတာပါ။ ဒီပမာဏကို ကြည့်ပြီး USEPA လို အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းတွေက အဆင့် ခြောက်ဆင့် ခွဲထားပါတယ်။​

ပါဝင်မှုပမာဏ ၀ – ၅၀ အထိကို အစိမ်းရောင်လို့ သတ်မှတ်ပြီး လေထုဟာ ကျန်းမာရေးအတွက် ဘေးအန္တရာယ်မရှိတာမို့ အိမ်ပြင်ထွက် အလုပ်လုပ်လို့ ရပါတယ်။ ၅၀ ကနေ ၁၀၀ ဆိုရင်တော့ အဝါရောင် (Moderate) အဆင့် သတ်မှတ်ပြီး လေထုအရည်အသွေးက လက်ခံနိုင်တဲ့အဆင့်မှာ ရှိပြီး လေထုညစ် ညမ်းမှုကို အလွန်အမင်း ခံစားရလွယ်နိုင်သူ အနည်းငယ်အတွက်တော့ ကျန်းမာရေးပြဿနာ အနည်းငယ်ရှိနိုင်ပြီး အဲဒီသူတွေဟာ ပြင်းပြင်းထန်ထန် လှုပ်ရှားတာမျိုးကို လျှော့ချသင့်ပါတယ်။​ ၁၀၁ ကနေ ၁၅၀ အထိကို လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပြီး ထိခိုက်လွယ်သူတွေ (Unhealthy for Sensitive Groups) ဖြစ်တဲ့ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေ၊ နှလုံး ရောဂါရှိသူတွေအတွက် ကျန်းမာရေးကို ထိခိုက်စေလာပါပြီ။ အဲဒီသူတွေဟာ အိမ်ပြင်ထွက်ပြီး အလုပ်လုပ်တာမျိုးကို လုံးဝလျှော့ချသင့်ပါတယ်။​

“ဒီကနေ့ ရန်ကုန်မှာက ဘယ်နေရာကြည့်ကြည့် မြူလိုဟာတွေနဲ့ အုပ်ဆိုင်းနေတာ။ ပထမတော့ ဘာကြောင့်မှန်း မသိဘူး။ နောက်မှ မီဒီယာတွေက ဖော်ပြတော့မှ လေထုညစ်ညမ်းမှုက အနီရောင်အဆင့် ဆိုတာ သိရတာ။ ဝန်ကြီးဌာနဘက်ကတော့ ဒါနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာ၊ လမ်းညွှန်တာတော့ မတွေ့ရ သေးဘူး။​ သိသာတာကတော့ အိမ်အောက်ဆင်းရင်း တွေ့ရတာက လူတော်တော်များများက ချောင်းဆိုးနေ ကြတာပဲ။ ပြီးခဲ့တဲ့ အပတ်နဲ့ လပိုင်းတုန်းကလည်း ဗိုင်းရပ်စ်ကြောင့် ဖျားတာ၊ နာတာတွေက ရှိခဲ့တော့ ဒီ့ နောက်ဆက်တွဲလို့ပဲ ထင်နေခဲ့တာ။ အခုမှ လေထုညစ်ညမ်းလို့ဆိုတာ သိရတာ” လို့ စမ်းချောင်းမြို့န့ယ်၊ ဝေဠုဝန်ရပ်ကွက်မှာ နေတဲ့ ကိုသွင် (အမည်လွှဲ) က MyanHealth ကို ပြောပြပါတယ်။​

လေထုညစ်ညမ်းမှု အနီရောင်အဆင့်ကတော့ ၁၅၁ ကနေ ၂၀၀ အတွင်းပါ။ ဒီအဆင့်ကို Unhealthy လို့ သတ်မှတ်ပြီး လူတိုင်းရဲ့ ကျန်းမာရေးကို စတင်ထိခိုက်တဲ့အထိ ခံစားရနိုင်ပါပြီ။​ အထူးသဖြင့် ထိခိုက်လွယ်သူအုပ်စုထဲ ပါဝင်သူတွေအတွက် ပိုပြီးတော့ ပြင်းပြင်းထန်ထန် ထိခိုက်စေတဲ့အဆင့်ပါ။ ဒီအဆင့်မှာ အပြင်ထွက်ပြီး အားက စားလုပ်တာမျိုး၊​ အလုပ်လုပ်တာမျိုး ရှောင်သင့်ပြီး မဖြစ်မနေ ထွက်ရပြီဆို Mask တပ်ဖို့ လိုပါပြီ။​ ၂၀၁ ကနေ ၃၀၀ အထိ ဆိုရင်တော့ Very Unhealthy (ခရမ်းရောင်) အဆင့်ပါ။ ဒီအဆင့်ဟာ လူတိုင်းကျန်းမာရေးအတွက် အရေးပေါ် သတိပေးရမယ့်အဆင့်ဖြစ်ပြီး လူတိုင်းဟာ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီအဆင့်မှာ တတ်နိုင်သလေြက် အပြင်မထွက်ဖို့ လိုပြီး အိမ်တွင်းမှာပဲ နေထိုင်သင့်ပါပြီ။​ ဘေးအန္တရာယ်ရှိတဲ့ (Hazardous) အဆင့်ကိုတော့ အညိုရောင် / အနက်ရောင်အဆင့် သတ်မှတ်ပြီး လေထုညစ်ညမ်းမှုပမာဏဟာ ၃၀၁ နဲ့ အထက် ဖြစ်တာပါ။​ လေထုဟာ အဆိပ်သင့်တဲ့ အဆင့်အထိ ဖြစ်နေတာဖြစ်ပြီး ကျန်းမာရေးအတွက် အရမ်းကို အန္တရာယ်များတဲ့ အခြေအနေပါ။ ဒီအခြေအနေဆိုရင် လူတွေဟာ အိမ်ပြင်ထွက်တာမျိုး လုံးဝ မလုပ်သင့်တဲ့အပြင် အိမ်ထဲမှာလည်း လေသန့်စင်စက်တွေကို မဖြစ်မနေ သုံးသင့်ပါပြီ။​

အိန္ဒိယအခြေစိုက် လေထုညစ်ညမ်းမှုဆိုင်ရာ အချက်အလက်တွေကို တိုက်ရိုက်တင်ပြနေတဲ့ AQI.in ရဲ့ အချက်အလက်တွေအရ ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းမှာတောင် လေထုညစ်ညမ်းမှုက ၁၂၆ အထိ ရှိနေပြီး ဒါဟာ လိမ္မော်ရောင်အဆင့် ဖြစ်တာမို့ ထိခိုက်လွယ်အုပ်စုဝင်တွေအတွက် အထူးသတိပြုရ မယ့် အခြေအနေပါ။​ ဒါကြောင့် ဒီအုပ်စုဝင်တွေအပြင် အခြားသော ကျန်းမာရေးကောင်းတဲ့ သူတွေပါ လေ ထုညစ်ညမ်းမှုကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးထိခိုက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။​ လက်ရှိ လေထုညစ်ညမ်းမှုက ပြန်မကျသွားဘဲ ဒီအတိုင်း ဆက်ရှိနေမယ်ဆိုရင် တတ်နိုင်သလောက် အပြင်ထွက်တာကို လျှော့ချဖို့ လိုပါတယ်။ အပြင်ထွက်တဲ့အခါမှာလည်း ပြေးတာ၊ စက်ဘီးစီးတာ၊ အားကစားလုပ်တာမျိုးတွေကို ရှောင်ဖို့ လိုပါတယ်။ ဒီလိုမျိုး အားကစားလုပ်တဲ့အခါ ပြင်ပက လေကို ပိုပြီး ရှူသွင်းရတဲ့အတွက် အမှုန်အမွှားတွေဟာ အဆုတ်ထဲ ရောက်သွားနိုင်တဲ့အတွက် ရှောင်ဖို့ လိုအပ်တာပါ။

မဖြစ်မနေ အပြင်ထွက်တဲ့အခါ Mask တပ်ဆင်တဲ့အခါမှာလည်း သာမန် Surgical Mask တွေဟာ အလွန်သေးငယ်တဲ့ PM2.5 အမှုန်အမွှားတွေကို မတားဆီးနိုင်တာမို့ N95 ဒါမှမဟုတ် KN95 Mask လိုမျိုးကို တပ်ဆင်ဖို့ လိုပါတယ်။​ အိမ်ထဲ နေတဲ့အခါမှာလည်း လေဝင်တဲ့ ပြတင်းပေါက်နဲ့ တံခါးတွေကို လုံအောင် ပိတ်ထားဖို့ လိုပြီး အိမ်ထဲမှာ လေသန့်စက် (Air Purifier) ရှိရင် ဖွင့်ထားဖို့ လိုပါတယ်။​ နောက်ပြီး အိမ်တွင်းမှာလည်း လေထုညစ်ညမ်းမှုကို ဖြစ်စေမယ့် အရာတွေကို မလုပ်ဖို့ လိုပါတယ်။​ အိမ်ထဲမှာ ဆေး လိပ်သောက်တာ၊ အမွှေးတိုင် / ဖယောင်းတိုင်ထွန်းတာတွေ ရှောင်ရပါမယ်။ ဟင်းချက်တဲ့အခါမှာလည်း ဟင်းချက်အနံ့တွေနဲ့ မီးခိုတွေ အပြင်ထွက်အောင် လေစုပ်စက် သုံးဖို့ လိုပြီး ဖုန်စုပ်စက်လိုဟာမျိုး သုံးတာ ဟာ ဖုန်မှုန့်တွေ ပိုပြီး ပြန့်လွင့်နိုင်တာမို့ ရေစိုဝတ်နဲ့ ဖုန်သုတ်ခြင်းမျိုး လုပ်ရပါမယ်။​

ကျန်းမာရေးကောင်းပြီး ခုခံအာမြင့်နေစေဖို့အတွက် ရေများများသောက်ပေးဖို့ လိုပြီး ရေဓာတ်ပြည့်ဝတာဟာ အသက်ရှူလမ်းကြောင်းထဲက ချွဲ၊​ သလိပ်တွေကို ဖယ်ရှားပေးရာမှာ ကူညီပေးပါတယ်။ အပြင်ကို သွားရလို့ ပြန်လာရင်လည်း မျက်နှာသစ်တာ၊ လက်ဆေးတာ၊ အဝတ်အစားလဲပစ်တာတွေကို လုပ်ရပါမယ်။ နောက် ပြီး နှာခေါင်းကို အငန်ရည် (Normal Saline) နဲ့ ဆေးကြောပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။​ ဒီလိုမျိုး လုပ်ရင်းကမှ ချောင်းဆိုးမယ်၊ ရင်ကြပ်မယ်၊​ မျက်စိတွေ စပ်မယ်၊ အသက်ရှူရ ခက်တာတွေ ဖြစ်လာရင် တော့ နီးစပ်တဲ့ ဆေးရုံ၊ ဆေးပေးခန်းတွေမှာ ပြသပါ။​ အထူးသတိပြုရမှာကတော့ အိမ်မှာ ကလေးသူငယ်၊ ကိုယ်​ဝန်ဆောင်နဲ့ သက်ကြီးရွယ်အိုတွေ ရှိရင် သူတို့ကို လုံးဝ အပြင်မထွက်ခိုင်းဘဲ အိမ်မှာပဲ နားနေစေသင့်ပါတယ်။ 

ကိုးကား – aqi.in, WHO

#လေထုညစ်ညမ်းမှု

#ထိခိုက်လွယ်သူ

#အမှုန်အမွှား

#Mask

ဒီအကြောင်းအရာကို မျှဝေပါ

Leave A Comment

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ