သကြားဓါတ်ကို စွဲလမ်းခြင်း

Published On: February 28th, 2026|Views: 109|

(Dr. Htar Htar Hlaing)

ကျမတို့ခန္ဓာကိုယ်ဟာ အရက် ၊ ကော်ဖီ ၊ ဆေး စတာတွေကို စွဲလမ်းသလို သကြားဓါတ်ကိုလဲ အလွန်အမင်း စွဲလမ်းတတ်ပါတယ်။ ဒါကြောင့်လည်း အချိုလေးစားလိုက်ရမှ နေသာထိုင်သာရှိတာတို့၊ အချိုမစားရရင် စိတ်တိုလာတာတို့ဆိုတဲ့ အဖြစ်တွေဟာ လူတွေကြားမှာ အပြောများတဲ့ကိစ္စတွေ ဖြစ်လာတာပါ။ အချိုဓါတ်လွန်ကဲလွန်းတဲ့ အစားအစာတွေကိုစားတဲ့အခါ ကျမတို့ရဲ့ခန္ဓာကိုယ်မှာ သကြားဓါတ်ပမာဏဟာ အချိန်တိုအတွင်းမြင့်တက်လာပါတယ်။ သကြားဓါတ်မြင့်တက်လာတာနဲ့အတူ ပျော်ရွှင်မှုကို ခံစားရစေနိုင်တဲ့ dopamine ပမာဏကလဲ တက်လာတဲ့အတွက် ခန္ဓာကိုယ်ဟာ သကြားဓါတ်ကိုစွဲလမ်းမှု ဖြစ်ပေါ်စေပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းအရင်း (၃) ချက် ရှိပါတယ်။

သကြားဓါတ်စွဲလမ်းမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ခွဲခြားစိတ်ဖြာတဲ့အခါ အဓိက အကြောင်းအရင်း ၃ ချက်ကို တွေ့ရပါတယ်။ ပထမအချက်အနေနဲ့ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်တာ အိပ်ရေးမဝတာ စတဲ့အခြေအနေများမှာ ghrelin ဆိုတဲ့ hormones ကို ခန္ဓာကိုယ်က ထုတ်ပေးပါတယ်။ ဒီဟော်မုန်းကြောင့် ဦးနှောက်ဟာ အချိုဓါတ်ကို တောင့်တလာတာဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ စိတ်ဖိစီးမှုများတဲ့အခါတွေ၊ ဗီတာမင်ဓါတ် လိုအပ်တဲ့ အခြေအနေဖြစ်တဲ့အချိန်တွေ ၊ ဟော်မုန်းအပြောင်းအလဲနဲ့ ရေဓါတ်ခမ်းခြောက်တဲ့အချိန်တွေမှာ ဆိုရင်လည်း  သကြားဓါတ်စွဲလမ်းမှုဟာ လွန်လွန်ကြူးကြူး ဖြစ်တတ်ပါတယ်။ တတိယအချက်ကတော့ အချို့သောဗီတာမင်ဓါတ်တွေချို့တဲ့တဲ့ အခါမှာလဲ သကြားဓါတ်ကို စွဲစွဲလမ်းလမ်း ဖြစ်စေတတ်ပါတယ်။ ဒါ့ကြောင့် အချိုအရမ်းစွဲနေပြီလို့ ခံစားရတဲ့အခါမှာ ဒါတွေလိုအပ်နေပြီလားလို့ မိမိကိုယ်ကို ပြန်မေးသင့်ပါတယ်။ ဥပမာအားဖြင့် – calcium, magnesium, vitamin B complex Vitamin B12 တွေလျော့နည်းတဲ့အခါ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ် ပြီး အချိုဓါတ်ကိုတောင့်တနေတတ်ပါတယ်။ 

သကြားဓါတ်စွဲလမ်းမှုကိုပြနေတဲ့လက္ခဏာ

သကြားဓါတ်လွန်ကဲခြင်းဟာ အဝလွန်ခြင်း ၊ ဆီးချိုရောဂါ ၊ နှလုံးသွေးကြောနဲ့ပတ်သတ်တဲ့ရောဂါများ အစရှိတဲ့ ရောဂါတွေကို ဖြစ်ပွါးစေနိုင်ပါတယ်။ ကလေးငယ်တွေမှာဆိုရင် ဖြည့်စွက်စာ စကျွေးချိန်မှာ သကြားဓါတ်ကိုလွန်လွန်ကဲကဲကျွေးမိရင် အစားချေးများတာ အဝလွန်တာ စတာတွေဖြစ်နိုင်ပါတယ်။ သကြားဓါတ် စွဲလမ်းမှုကို ပြနေတဲ့ လက္ခဏာရပ်တွေက  အချိုဓါတ်များပြားလွန်းတဲ့ အစားအစာတွေကို ကြိုက်တတ်ခြင်း၊ အချိုစားပြီးတာနဲ့တက်ကြွလာတတ်ခြင်း၊ စိတ်ဖိစီးမှုများလာတိုင်း အချိုဓါတ် များတဲ့အစားအစာများကိုစားသုံးခြင်း၊ အချိုဓါတ်များတဲ့အစားအစာကို ဖြတ်လိုက်တာနဲ့ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပျို့အန်ခြင်း စတဲ့လက္ခဏာတွေကို ခံစားရခြင်းတို့ ဖြစ်ပါတယ်။ 

သကြားဓါတ်စွဲလမ်းခြင်းကိုဖြတ်တောက်ခြင်း

သကြားဓါတ်ကိုစွဲလမ်းနေတဲ့ လက္ခဏာတွေကို သတိထားမိတဲ့အခါ အပိုသကြားဓါတ် စားသုံးခြင်းကို နှစ်ပတ်လောက် ရှောင်ကြဉ်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်ကို reset (မူလအခြေအနေအတိုင်း သကြားဓါတ်ကို မမှီခိုအောင်) ပြန်လုပ်လို့ရတယ်လို့ ဆိုပါတယ်။ အပိုသကြား / သကြားအစားထိုးအချို / အချိုများတဲ့မုန့်၊ဖျော်ရည် စတဲ့အစားအစာတွေကို နှစ်ပတ်ခန့် ရှောင်ကြဉ်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်ကို ပြန်ပြီးလန်းဆန်းစေနိုင်ပါတယ်။ 

သကြားဓါတ်စွဲလမ်းမှုမဖြစ်စေဖို့ ကျန်းမာစေတဲ့အစားအစာတွေကို ရွေးချယ်ပါ 

သကြားဓါတ်များတဲ့ အစားအစာတွေအစား လတ်ဆတ်ပြီး သဘာဝအချိုဓါတ် ပေါကြွယ်ဝတဲ့ အသီးအရွက်၊ အသီးအနှံများကို စားသုံးပေးလို့ရပါတယ်။ အသီးအနှံတွေကနေ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ရနိုင်ပါတယ်။ အသင့်ဖျော်ကော်ဖီ ၊ ဖျော်ရည်ဘူး၊ အိုဗာတင်း ၊ မိုင်လို အစရှိတဲ့ အသင့်စား အစားအစာတွေမှာ သကြားဓါတ် အများအပြား ပါရှိပါတယ်။ လုံးဝမရှောင်နိုင်ရင်တောင် အတတ်နိုင်ဆုံးလျှော့ပြီး စားသုံးသင့်ပါတယ်။ အမျှဉ်ဓါတ်များတဲ့ အသီးအနှံ၊ အသီးအရွက်တွေ ဒိန်ချဉ်နဲ့ အစေ့ အဆံတွေကိုလဲ အချိုများတဲ့ အစားအစာတွေနေရာမှာ အစားထိုးနိုင်ပါတယ်။ 

ဒါ့အပြင် အသားဓါတ်ကို တိုးပြီးစားပေးပါ။ အစာအနပ်တိုင်းမှာ အသားဓါတ်လုံလောက်အောင် စားပေးတဲ့အခါမှာ sugar spike လို့ခေါ်တဲ့ အချိုဓါတ်ဆောင့်တက်တာကို လျော့နည်းစေနိုင်ပါတယ်။ လုံလောက်အောင် အိပ်စက်အနားယူပေးခြင်းကလည်း သကြားဓါတ်ကို စွဲလမ်းမှုလျှော့နည်းစေဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို အိပ်ချိန်အနည်းဆုံး ၈ နာရီပြည့်အောင် အိပ်ပေးပါ။ အစားအစာနဲ့ မိမိကိုယ်ကိုအပျင်းဖြေတာမျိုး ရှောင်သင့်ပါတယ်။ TV ကြည့်ရင်း donut စားတာ cake စားတာ စတဲ့ အလေ့အကျင့်လေးတွေကိုလည်း ကြိုးစားပြီးပြင်ကြည့်ဖို့ လိုပါတယ်။ နောက်ပြီး ရေဆာရင် ရေပဲသောက်ပေးပါ။ အချိုရည်သောက်တာက ရေဓါတ်ကို လုံလောက်အောင် မရစေနိုင်ပါဘူး။ အပျင်းပြေ မုန့်စားမယ့်အစား အကောင်းဆုံးကတော့ ကိုယ်လက်လှုပ်ရှားအားကစားတခုခုကို အလေ့အကျင့်အနေနဲ့ ပြုလုပ်ပေးလိုက်ပါ။ 

ဒီအကြောင်းအရာကို မျှဝေပါ

Leave A Comment

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ