အနေနီးတဲ့ “ခို” နဲ့ ကျန်းမာရေးအန္တရာယ်

Published On: March 3rd, 2026|Views: 61|

ဖြိုးဖြိုး

ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံမှာ ကြက်တူရွေး အဖျားရောဂါ (Parrot fever) ကူးစက်မှုအကြောင်း ဖတ်လိုက်ရပြီး တွေးမိတာတစ်ခု ရှိလာပါတယ်။ ဒါကတော့ အန္တရာယ်မရှိတဲ့ တိရစ္ဆာန်အဖြစ် သတ်မှတ်ခံထားရတဲ့ ငှက်တွေဆီကနေ လူကိုကူးစက်နိုင်တဲ့ ကြောက်စရာရောဂါတွေအကြောင်း ဖြစ်ပါတယ်။ ငှက်အများစုဟာ လူတွေရဲ့ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ မှိုရောဂါပိုးနဲ့ ဘက်တီးရီးယားတွေကို သယ်ဆောင်ထားကြတာပါ။ ငှက်တွေကနေ လူဆီကို အများဆုံးကူးစက်တတ်တဲ့ ရောဂါတွေကတော့ Cryptococcosis၊ Histoplasmosis၊ Psittacosis၊ Candidiasis၊ St. Louis Encephalitis၊ Salmonellosis နဲ့ E-coli လို့ ခေါ်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ Cryptococcosis ဆိုတာ Cryptococcus Neoformans မှိုကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ တနည်းအားဖြင့် မှိုရောဂါတစ်မျိုးဖြစ်ပြီး ဆွေးမြေ့နေတဲ့သစ်ခေါက်တွေနဲ့ ငှက်ချေးတွေမှာ တွေ့ရတာ များပါတယ်။ ဒီမှိုရောဂါပိုးရှိတဲ့ လေကို ရှုမိလိုက်ရုံနဲ့ ရောဂါဖြစ်နိုင်ပါတယ်။ သာမန်ကျန်းမာရေးကောင်းသူတွေဆို ဘာမှမဖြစ်ပေမဲ့ ခုခံအားနည်းသူတွေဆိုရင်တော့ အန္တရာယ်ရှိနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အဆုတ်ရောင်တာ၊ ချောင်းဆိုးတာ၊ အသက်ရှူကျပ်တာနဲ့ အဖျားတက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဦးနှောက်ထဲထိ ရောဂါပိုးရောက်ခဲ့ရင်တော့ ဦးနှောက်အမြှေးပါးရောင်ပြီး ခေါင်းကိုက်တာ၊ ကိုယ်ပူတာနဲ့ ဇက်ခိုင်တာတွေ ဖြစ်တတ်ပါတယ်။ 

Psittacosis (Chlamydiophila Psittaci) ကတော့ ကြက်တူရွေး၊ သာလိကာနဲ့ ကြက်ဆင်စတဲ့ အိမ်မွေးတိရစ္ဆာန်တွေရဲ့ အညစ်အကြေးတွေနဲ့ သူတို့ရဲ့ အသက်ရှူလမ်း ကြောင်းကထွက်တဲ့ အရည်တွေကနေ ကူးစက်တဲ့ ဘက်တီးရီးယားရောဂါတစ်ခု ဖြစ်ပါတယ်။ သူတို့ ကျန်းမာနေရင် ဘာမှမဖြစ်ပေမယ့် Avian Chlam Ydiosis လို့ ခေါ်တဲ့ ရောဂါပိုးကူးစက်ခံနေရပြီဆိုရင်တော့ သူတို့နဲ့ အနီးဆုံးမှာနေတဲ့ လူတွေအားလုံး သတိထားသင့်ပါတယ်။ ဒီရောဂါဖြစ်ပြီဆို ငှက်တွေ အရင်လို မလန်းတော့တာ၊ မျက်စိကနေ အရည်တွေ ထွက်နေမယ်၊ ဝမ်းလျှောမယ်၊ အစားကျွေးလည်း မစားတော့တဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ တစ်ခုရှိတာက ဒီ ရောဂါပိုးရှိနေတဲ့ ငှက် အကိုက်ခံရရင် ကူးစက်တာမျိုး မဟုတ်ဘဲ သူတို့ရဲ့ အညစ် အကြေးကို ကိုင်မိပြီး လက်ကို သေချာ မဆေးကြောတဲ့ သူတွေကိုသာ ကူးစက်နိုင်တာ ဖြစ်ပါတယ်။ ခြောက်သွားတဲ့ အညစ်အကြေး/အတောင်တွေ/အညစ်အကြေးမှုန့်တွေ ပျံ့နှံ့နေတဲ့ လေကို ရှူမိရင်လည်း ကူးနိုင်ပါတယ်။ ဒါကြောင့် ငှက်တွေအနီးအနားမှာ နေထိုင်နေရင်ကို ရောဂါပိုး အမျိုးမျိုးက ကူးစက်နိုင်ခြေရှိနေတာပါ။ ရောဂါပိုး ကူးစက်ခံရတဲ့ လူတွေမှာ ပြနိုင်တဲ့ လက္ခဏာတွေက ချမ်းတုန်ပြီး ဖျားတာ၊ ကိုယ်လက်ကိုက်ခဲပြီး ခေါင်းကိုက်နေတာ၊ ချောင်းခြောက်တွေဆိုးပြီး အသက်ရှူရခက်လာတာတွေဖြစ်ပြီး ရောဂါနဲ့ထိတွေ့ပြီး ၅ ရက်ကနေ ၁၄ ရက်အတွင်း ပြတတ်ပါတယ်။ 

နောက်ရောဂါပိုးတစ်မျိုးဖြစ်တဲ့ St. Louis Encephalitis ရောဂါပိုး အုပ်စု (B) ဒါမှမဟုတ်  Flavivirusကတော့ ငှက်တွေကို ကူးစက်ပြီး သူတို့ ကိုက်မိတဲ့ ခြင်ကနေတဆင့် လူက အကိုက်ခံရတဲ့အခါ ကူးစက်တဲ့ ပုံစံပါ။ ရောဂါပိုးဟာ တောငှက်အမျိုးအစားဖြစ်တဲ့ စာကလေး၊ ချိုး၊ ခိုငှက်တွေဟာ ပေါက်ဖွားပြီး သူတို့က သယ်ဆောင်သူတွေ ဖြစ်ပါတယ်။ ဒီငှက်တွေကို ခြင်တွေက သွေးစုပ်မိပြီး ခြင်က လူကို ထပ်ကိုက်တဲ့အခါ အဲဒီပိုး ဝင်လာတာပါပဲ။ ဒီရောဂါပိုးက လူရဲ့ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေပြီး ခေါင်းကိုက်၊ ကိုယ်ပူ၊ အကြောသေ၊ ကိုမာဝင်တာနဲ့ အသက်ဆုံးရှုံးတဲ့အထိ ပြင်းထန်တဲ့ ရောဂါပိုးပါ။ အသက် ၆၀ ကျော် လူကြီတွေဆို ကူးစက်ခံရရင် အသက် ဆုံးရှုံးတဲ့အထိ ပြင်းထန်စေပါတယ်။ နောက်ရောဂါတစ်ခုဖြစ်တဲ့ Salmonellosis ကတော့ အစာအဆိပ်သင့်စေတဲ့ ရောဂါပိုး ဖြစ်ပါတယ်။ ဒီရောဂါပိုးကို စာကလေး၊ ဇရက်နဲ့ ခိုတွေရဲ့ အညစ်အကြေးတွေမှာ တွေ့ရတတ်ပါတယ်။ လက်၊ မျက်နှာပြင်၊ အစားအစာ၊ သောက်ရေတွေကနေတစ်ဆင့် ပိုးပါနေတဲ့ အစားအသောက်ကို စားမိခြင်းကြောင့် ရောဂါဖြစ်စေပါတယ်။ ဒါကြောင့် အိမ်ခေါင်မိုးနဲ့ ထပ်ခိုးတွေမှာ ရှိနေတတ်တဲ့ ခိုတွေရဲ့ အညစ်အကြေးတွေဟာ Air-con တွေ၊ လေသန့်စက်တွေကတစ်ဆင့် အစားအသောက်တွေဆီကို ရောဂါပိုးတွေ ပြန့်သွားစေပြီး ဒါကို စားသုံးမိရာကနေ အစာအဆိပ်သင့်မှုကို ဖြစ်စေနိုင်ပါတယ်။ 

E-coli ဆိုတာကတော့ ငှက်တွေရဲ့ အညစ်အကြေးမှာ ပါဝင်တတ်တဲ့ ဘက်တီးရီးယား တစ်မျိုးဖြစ်ပြီး ဝမ်း ကိုက်ရောဂါ ဖြစ်စေပါတယ်။ ငှက် အညစ်အကြေးကို ကိုင်မိပြီး လက်ကို သေချာပြန်မဆေးတာ၊ တနည်းနည်းနဲ့ အစားအစာတွေထဲကို ငှက်ချေးစင်သွားတာ၊ ထမင်းဟင်းချက်ပြုတ်တဲ့အနားမှာ ငှက်တွေ အများကြီးရှိနေတာ တွေကနေ ကူးစက်နိုင်ပါတယ်။ Histoplasmosis (Histoplasma capsulatum) ဆိုတာကလည်း မှိုရောဂါတစ်မျိုး ဖြစ်ပြီး ငှက်ချေးနဲ့ လင်းနို့ချေးတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။ လေထဲကတဆင့် ကူးစက်တတ်ပြီး ကူးစက်ခံရတဲ့သူတွေဟာ ၃ ရက်ကနေ ၁၇ ရက်အတွင်း အဆုတ်ရောင်လက္ခဏာတွေဖြစ်တဲ့ ချောင်းဆိုးတာ၊ အသက် ရှူကျပ်တာနဲ့ ကိုယ်ပူတာတွေ ဖြစ်တတ်ပါတယ်။ ကျန်းမာရေးကောင်းသူတွေအတွက် မစိုးရိမ်ရပေမဲ့ ခုခံအားနည်းတဲ့ အသက် ၆၅ နှစ်အရွယ် ကျော်နေတဲ့သူတွေနဲ့ မွေးကင်းစကလေးငယ်တွေအတွက်ကတော့ အသက် အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပါတယ်။ ဒါ့အပြင် ခိုချေးထဲမှာ Candida စတဲ့ မှိုမျိုးတွေပါ တွေ့နိုင်ပါတယ်။ ဒီပိုးဟာ လူ့ရဲ့ ကိုယ်ခန္ဓာထဲမှာ သဘာဝအတိုင်းလဲ ရှိနေနိုင်ပြီး ပြင်ပကနေလဲ ကူးစက်နိုင်တဲ့ မှိုရောဂါဖြစ်ပါတယ်။ ပိုးတွေများလာတဲ့အခါ၊ ခုခံအားကျတဲ့အခါမှာ ဒီရောဂါဟာ လူတစ်ယောက်ရဲ့ အရေပြား၊ ခံတွင်း၊ အသက်ရှူ လမ်းကြောင်း၊ အူလမ်းကြောင်းနဲ့ မိန်းမကိုယ်ကို ဒုက္ခပေးနိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။ 

ဒါ့အပြင် နောက်ထပ် ခိုတွေကနေ တစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါပိုးတွေလည်း ရှိနေပါသေးတယ်။ အခုနောက်ပိုင်း လူတွေနဲ့ ပိုပြီး နီးနီးကပ်ကပ်ရှိလာတဲ့ တိရစ္ဆာန်တွေထဲမှာ ခိုတွေလည်း ထိပ်ဆုံးက ရှိနေပါတယ်။ ခိုကို အိမ်မွေးတိရစ္ဆာန်အဖြစ် မသတ်မှတ်ထားပေမယ့် အခုနောက်ပိုင်း အထူးသဖြင့် မြို့ပြတွေမှာ ခိုစာကျွေးတဲ့ အလေ့အထတွေ ပိုပြီး များလာတာကို တွေ့ရပါတယ်။ အဲဒီကနေပဲ ခိုတွေဟာ လူတွေနဲ့ ပိုမိုယဉ်ပါးလာပြီး နေအိမ်တွေမှာပါ အသိုက်ဖွဲ့လာတဲ့အထိ နီးနီးကပ်ကပ် ရှိလာတာကို တွေ့ရပါတယ်။ အများအားဖြင့်တော့ ခိုတွေဟာ လူကိုဒုက္ခပေးနိုင်တဲ့ သတ္တဝါမဟုတ်ဘူးဆိုပြီး နေအိမ်တွေမှာ အသိုက်ဖွဲ့တာကို ခွင့်ပြုထားတတ်ပေမယ့် ကျန်းမာရေးရှုထောင့်ကကြည့်ရင် အန္တရာယ်ကို ဖိတ်ခေါ်ထားတာနဲ့ အတူတူပါပဲ။ ဘာကြောင့်လဲဆိုရင် ခိုချေးတွေမှာ လူကို အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့အထိ ကျန်းမာရေး ဆိုးရွားသွားစေနိုင်တဲ့ ရောဂါပိုးမွှားတွေ ရှိနေလို့ပဲ ဖြစ်ပါတယ်။ ခိုချေးအခြောက်တွေကနေ ထွက်လာတဲ့ အမှုန်အမွှားတွေကို ရှုရှိုက်မိရုံနဲ့ အလွယ်တကူပဲ ရောဂါပိုးမွှားတွေ ကူးစက်ခံရနိုင်ပါတယ်။ 

“အရင်က ကျွန်တော်တို့ အိမ်ခေါင်မိုးပေါ်မှာ ခိုတွေ လာနေတာ အများကြီးပဲ။ ဒီလိုပဲ နေလိုက်တယ်။ နောက်တော့ တဖြည်းဖြည်းများလာပြီး ခိုသိုက်ကြီးလို ဖြစ်နေရော။ ကျန်းမာရေးအရ ခိုတွေ အများကြီးရှိနေတာ မကောင်းဘူးလို့တော့ ကြားဖူးထားပေမယ့် အဲဒီလောက်ကြီး မဟုတ်ပါဘူးလို့ပဲ ထင်လိုက်တယ်။ ဒါပေမဲ့ ခိုတွေ တဖြည်းဖြည်း များလာတာနဲ့ မျက်နှာကျက်ကနေ ကျလာတဲ့ အမှုန်အမွှားတွေကလည်း မနည်းဘူး။ နောက်ပြီး လောက်လိုလို ဘာလိုလို ပိုကောင်းတွေလည်း တခါတလေ ကျလာတတ်တော့ ကြောက်ပြီး ခိုသိုက်ကြီးကို ရှင်းလိုက်ရတယ်။ အဲဒီမှာ သတိထားမိတာက အရင်ကဆိုရင် အိမ်မှာ ကလေးတွေ မကြာခဏ ချောင်းဆိုးတတ်တယ်။ ပြီးတော့ ခန္ဓာကိုယ်မှာ အဖုအပိန့်တွေ ထွက်တာလည်း ရှိတတ်တယ်။ အဲဒီ ခိုတွေကို ရှင်းပြီးနောက်တော့ အဲဒါတွေ မဖြစ်တော့ဘူး” လို့ ခိုတွေနဲ့ နီးနီးကပ်ကပ် နေခဲ့ဖူးတစ်ယောက်က MyanHealth ကို ပြောပါတယ်။ 

ခိုတွေမှာ Cryptococcosis၊ Histoplasmosis နဲ့ Psitta cosis ဆိုတဲ့ လူကို ကူးစက်နိုင်တဲ့ အဓိက ရောဂါပိုး သုံးမျိုး ရှိနေပါတယ်။ Cryptococcosis မှိုပိုးမှာ Cryptococcus neoformans နဲ့ Cryptococcus gattii ဆိုပြီး နှစ်မျိုးနှစ်စား ရှိပြန်ပါတယ်။ Cryptococcus neoformans က ခုခံအားကျတဲ့သူတွေမှာ ဖြစ်တတ်ပေမယ့် Cryptococcus gattii ကတော့ သာမန် ကျန်းမာရေးကောင်းသူတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒီရောဂါကူးစက်ခံရရင် ပိုးပျံ့နှံ့သွားတဲ့ နေရာပေါ် မူတည်ပြီး ရောဂါလက္ခဏာတွေ ကွဲပြားတတ်ပါတယ်။ အဆုတ်ထဲ ပိုးရောက်သွားရင် ချောင်းဆိုးတာ၊ မောတာ၊ ဖျားတာ၊ ရင်ဘတ်အောင့်တာတွေ ဖြစ်တတ်ပြီး ဦးနှောက်မှာဆိုရင် ဖျားတာ၊ ဇက်တောင့်တာ၊ ‌ခေါင်းကိုက်တာ၊ ပျို့အန်တာနဲ့ အလင်းဒဏ် မခံနိုင်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ပြင် အရေပြားမှာ အပိန့်တွေ၊ အရည်ကြည်ဖုတွေ၊ အနီစက်တွေလည်း ထွက်တတ်ပါတယ်။ နောက်ဆက်တွဲပြဿနာတွေအနေနဲ့ ဦးနှောက်ကို ရောဂါပိုးပြန့်သွားတဲ့အခါ ဦးနှောက်တွင်းဖိအား များတာ၊ အမြင်ကွယ်တာနဲ့ ပြင်းထန်တဲ့ ကိုယ်ခံအားတုံ့ပြန်မှုတွေ ဖြစ်လာနိုင်ပြီး အချိန်ယူ ကုသမှုခံယူဖို့ လိုအပ်ပြီး မှိုလုံးကြီးဖြစ်သွားရင်တော့ ခွဲစိတ်ဖို့အထိ လိုအပ်ပါတယ်။

နောက်ရောဂါပိုးတစ်မျိုးဖြစ်တဲ့ Histoplasmosis ဆိုတာကလည်း Histoplasma capsulatum လို့ခေါ်တဲ့ မှိုပိုးကြောင့်ဖြစ်တာပါ။ ဒီရောဂါကူးစက်ခံရရင် ချမ်းတုန်ဖျားတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက် နာတာ၊ ချောင်း ခြောက်ဆိုးတာ၊ ရင်ဘတ်အောင့်တာ၊ နုံးတာတွေ ဖြစ်ပါတယ်။ တချို့ဆိုရင် အဆစ်နာတာ၊ အနီစက်ထွက်တာတွေ ဖြစ်တတ်သလို အဆုတ်ပြည်တည်တာလည်း ဖြစ်တတ်ပါတယ်။ အဲဒီထက် ပိုဆိုးလာရင်တော့ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်သွားပြီး အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ အဆုတ်ထိခိုက်တာ၊ နှလုံးအမြှေးပါးရောင်တာ၊ အဒရီနယ်ဂလင်း ထိခိုက်ပြီး ‌ဟော်မုန်းမထုတ်နိုင်တာနဲ့ ဦးနှောက် အမြှေးရောင်တာတွေအ ထိ ဖြစ်နိုင်ပါတယ်။ Psittacosis ကတော့ Chlamydia psittaciခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တာပါ။ ဒီရောဂါပိုးကို ခိုချေးတွေအပြင် ကြက်တူရွေးချေးတွေမှာလည်း တွေ့ရပါတယ်။ ဒီရောဂါပိုး ကူးစက်ခံရရင် ဖျားတာ၊ ချောင်းဆိုးတာ၊ ကိုယ်လက်ကိုက်တာ၊ ‌ခေါင်းကိုက်တာ၊ ဝမ်းလျှောတာ၊ ပျို့အန်တာတွေ ဖြစ်တတ်သလို နောက် ဆက်တွဲအနေနဲ့ ရောဂါပိုးပျံ့နှံ့သွားရင် အဆုတ်ရောင်တာ၊ နှလုံးရောင်တာ၊ ဦးနှောက်ရောင်တာ၊ အသည်းရောင်တာနဲ့ အဆုတ်ပျက်စီးတာတွေအထိ ဖြစ်တတ်ပါတယ်။ ဒီရောဂါပိုးတွေကို ကာကွယ်နိုင်ဖို့ဆိုရင်တော့ ခိုတွေနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပါပဲ။ အထူးသဖြင့် ကိုယ်ခံအားနည်းသူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို ခိုတွေနဲ့ ဝေးနိုင်သမျှဝေးအောင် ထားသင့်ပါတယ်။ ခိုစာကျွေးသူတွေ၊ ရောင်းချသူတွေအနေနဲ့လည်း ကျန်းမာရေးနည်းလမ်းတွေနဲ့အညီ နှာခေါင်းစည်းတပ်တာ၊ ခိုချေးခြောက်တွေကို သန့်ရှင်းရေးလုပ်တာ၊ လက်ကို သေချာဆေးတာတွေ ပြုလုပ်သင့်ကြောင်း အကြုံပြု တိုက်တွန်းလိုက်ရပါတယ်။

ကိုးကား

nyc.gov(Pigeon-Related Diseases)

maxhealthcare.in/blogs/pigeons-and-public-health-risks

#မှိုရောဂါ

#အညစ်အကြေး

#အစာအဆိပ်သင့်

#ခြင်

ဒီအကြောင်းအရာကို မျှဝေပါ

Leave A Comment