လူမှုဘဝကို အနှောင့်အယှက်ဖြစ်စေတဲ့ ခါးကြောညပ်ခြင်း ဝေဒနာ

Published On: March 6th, 2026|Views: 60|

ကိုတင်

အခုနောက်ပိုင်း မိတ်ဆွေတွေကြားမှာ ခါးကြောညပ်သွားလို့ဆိုတဲ့ ပြောသံကို မကြာခဏလို ကြားနေရပါတယ်။ အရင်က ခါးကြောညပ်တယ်ဆိုတာ သက်ကြီးပိုင်းအရွယ်တွေသာ အဖြစ်များတဲ့ ဝေဒနာတစ်ခုလို့ ယူဆထားမိခဲ့တာပါ။ ဒါပေမဲ့ ဒီဝေဒနာဟာ အသက် ၂၀ နဲ့ ၅၀ နှစ်ကြား လူလတ်ပိုင်းအရွယ်တွေမှာလည်း တွေ့ရတတ်တဲ့ ဝေဒနာတစ်ခု ဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာဆိုရင် လူဦးရေရဲ့ (၁၀-၄၀) ရာခိုင်နှုန်းဟာ သူတို့ တစ်သက်တာဘဝ တစ်ချိန်ချိန်မှာ ဒီဝေဒနာကို ခံစားခဲ့ရဖူးကြောင်း နိုင်ငံတကာ ဆေးသုတေသနမှတ်တမ်းတွေအရ သိရပါတယ်။ မြန်မာနိုင်ငံမှာလည်း ခါးကြောညပ်သွားလို့ဆိုတဲ့ ပြောသံတွေကို မကြာခဏ ကြားရလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ ခါးကြောညပ်သွားတဲ့ မိတ်ဆွေတစ်ယောက်နဲ့ ဆုံခဲ့မိပါသေးတယ်။ သူ့ရဲ့ဝေဒနာကအရမ်းကြီး မပြင်းထန်ပေမယ့် သာမန်လူတစ်ယောက်လို လမ်းလျှောက်ရတာ အဆင်မပြေသလို မတ်တပ်တော် တော်ကြာကြာ ရပ်လို့မရတာက သူ့အတွက် အတော်လေး ဝန်ပိနေသလို ဖြစ်နေပါတယ်။ 

ဒါနဲ့ပဲ သူ ခါးကြောညပ်တဲ့အကြောင်း မေးကြည့်တဲ့အခါ “ပြောရရင်တော့ဗျာ။ ပေါ့ဆမိတဲ့ ကိုယ့်အပြစ်ကိုယ်ခံရတာပဲ။ ခါးကြောမညပ်ခင်ကတည်းက အလုပ်နည်းနည်း ပင်ပန်းပြီး ခါးတွေ နာနေတာ။ အလေးအပင် မတာ နည်းနည်းများသွားလို့ ခါးနာတာပဲဆိုပြီး ပေါ့ပေါ့ပဲ နေလိုက်တာ။ အဲဒီ ခါးနာနေရင်းနဲ့ပဲ စာအုပ်ပုံကို နေရာရွေ့ဖို့ ဆိုပြီး အမှတ်တမဲ့ မလိုက်တာကနေ ခါးက ပူခနဲ့ ဖြစ်ပြီး ထပ်နာသွားတာ။ အဲဒီလို ဖြစ်သွားချိန်မှာ ထိုင်ပြီးမဖို့လုပ်တာကနေ ပြန်ထဖို့ တော်တော်လေး အားယူလိုက်ရတယ်။ တော်တော်နာသွားတာ။ အဲဒီနေ့ည ရောက်တော့ ဆေးအပူလိမ်းလိုက်ရင် ပျောက်သွားမှာပဲဆိုပြီး ဆေးလိမ်း အိပ်လိုက်တယ်။ မနက်အိပ်ယာလည်းထရော ဘယ်ဘက်တစ်ခြမ်းလုံး နာနေတာ။ မတ်တပ်ရပ်ဖို့တောင် အတော်လေး အံကြိတ်ပြီး ရပ်ရတာ။ အလုပ်ကလည်းပျက်လို့ မရတော့ ခါးနာရင်းနဲ့ပဲ အလုပ်သွားရတာ။ အိမ်နဲ့ အလုပ်ကလည်း သိပ်အဝေးကြီးမဟုတ်တော့ လမ်းပဲလျှောက်တာပေါ့။ အဲဒီမှာ တော်တော်ကို သည်းခံပြီးလျှောက်ရတာ။ နာတဲ့ဒဏ်က လုံးဝမခံနိုင်ဘူး။ လမ်းမှာ ဆေးအပူလိမ်းလိုက် လျှောက်လိုက်နဲ့ ရုံးအထိရောက်အောင် မနည်းသွားရတာ။ ပထမဖြစ်ဖြစ်ချင်း ခါးကြောညပ်သွားတယ်လို့ မထင်ဘူး။ သာမန်ပဲ ခါးနာသွားတယ်ထင်ပြီး ဆေးလိမ်းလိုက်၊ လမ်းလျှောက်လိုက်နဲ့ပဲ နာတာကိုသည်းခံပြီး ပုံမှန်ပဲ ရုံးသွားနေတာ။ နောက်တော့မှ ခါးကြောညပ်သွားတယ်ဆိုတာ သိရတာ။ နာတာကို သည်းခံပြီး ပုံမှန်အတိုင်း ဆက်ပြီး လမ်းလျှောက်လိုက်တာကလည်း တစ်မျိုးကောင်းသွားတယ် ထင်ပါတယ်။ ပုံမှန်လမ်းလျှောက်တာကလည်း ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းလုပ်ပေးသလိုပဲဆိုတော့ အကြောတွေ နည်းနည်းပြန်ပြေသွားလို့ ထင်တယ်။ ဖြစ်တုန်းကလောက်တော့ မနာတော့ဘူး။ အခုတော့ အရှင်းမပျောက်သေးပေမယ့် လမ်းတော့ တော်တော်လေး ပြန်လျှောက်လို့ ရနေပြီ။ မတ်တပ်ရပ်တာလည်း နည်းနည်းကြာကြာတော့ ပြန်ရပ်နိုင်နေပြီ။ အကြောပြင် ဆရာတစ်ယောက်နဲ့ သွားနှိပ်လိုက်တာကလည်း တော်တော်လေး သက်သာသွားတယ်။ ထပ်တော့ သွားရဦးမယ်”လို့ အဲဒီမိတ်ဆွေက ပြောပါတယ်။ ခါးနာရင် ခါးကိုနှိပ်နှယ်တဲ့ အလေ့အထဟာ ခါးကြောညှပ်တာမျိုးမှာ အခန့်မသင့်ရင် နောက်ဆက်တွဲဆိုးကျိုး များစေနိုင်ပါတယ်။ ခါးကိုပြင်းပြင်းထန်ထန်နှိပ်တာ၊ ခါးချိုး/လှည့်တာတွေက နာတာပိုဆိုးစေနိုင်သလို အာရုံကြောညှပ်တာကိုပါ ပိုဆိုးစေတတ်ပါတယ်။ အထူးသဖြင့် အရိုးပွ သူတွေ၊ အသက်ကြီးသူတွေမှာ ခါးကိုခပ်ပြင်းပြင်းနှိပ်တာတွေက ကျောရိုးမကြီးကျိုးနိုင်တဲ့ အန္တရာယ်တွေ တိုးနိုင်တာကြောင့် ပိုပြီး သတိထားသင့်ပါတယ်။ ဒါကြောင့် ခါးကိုနှိပ်ချင်တယ်ဆိုရင် တစ်ကယ့်ကို ဆေးပညာကို နားလည်တဲ့ တတ်ကျွမ်းတဲ့ ပညာရှင်နဲ့ တိုင်ပင်ပြီး နှိပ်နယ်ဖို့ သင့်တော်တဲ့အခြေအနေရှိမှသာ လုပ်ဆောင်သင့်ပါတယ်။ အကယ်၍ နှိပ်ပြီးနောက် နာတာပိုဆိုးလာတာ၊ ပိုထုံလာတာ၊ ခြေထောက်တွေမကြွနိုင်တော့တာရှိရင်တော့ အရိုး/အကြော/အဆစ်အထူးကု ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။ 

ခါးကြောညပ်သွားတယ်ဆိုတာ သာမန် အရိုး၊ အဆစ်၊ အကြော နာသွားတာမျိုး မဟုတ်ပါဘူး။ လူ့ခန္ဓာကိုယ်ရဲ့ အဓိကအာရုံစနစ်က အကြောတစ်ခု ဒဏ်ဖြစ်သွားတဲ့သဘောမျိုး ဖြစ်တာကြောင့် နာကျင်မှုက ခါးတစ်နေရာတည်းမကဘဲ တင်ပါး၊ ပေါင်အနောက်၊ ခြေသလုံး၊ ခြေဖဝါးအထိ ဆင်းပြီး နာတတ်ပါတယ်။သာမန်လူတစ်ယောက်လို သွားလာလှုပ်ရှားဖို့ မဖြစ်နိုင်တော့လို့ လူနေမှုဘဝအတွက် အတော်လေးအခက်တွေ့စေတဲ့ ဝေဒနာတစ်ခု ဖြစ်ပါတယ်။ ဆေးပညာအရတော့ ခါးကြောညပ်တယ်ဆိုတာ ကျောရိုးဆစ်က ထွက်လာတဲ့ အာရုံကြောတစ်ခုဖြစ်တဲ့ Sciatic nerve ဒဏ်ဖြစ်တာကို ဆိုလိုတာဖြစ်ပါတယ်။ အဲဒီအာရုံကြောက နောက်ကျောဘက်ကနေ တင်ပါးဆုံရိုး၊ တင်ပါးတို့ကို ဖြတ်ပြီး ပေါင်အနောက်၊ ခြေသလုံးအနောက်အထိ ဆင်းသွားတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Sciatic nerve ဟာ ခြေထောက်ပိုင်းဆိုင်ရာ အဓိကအာရုံကြောတစ်ခု ဖြစ်ပြီး တင်ပါး၊ ပေါင်နဲ့ ခြေသလုံးအနောက်ပိုင်းက တစ်ဆင့် ခြေထောက်နဲ့ ခြေချောင်းလေးတွေကို အာရုံခံစားမှုထောက်ပံ့ပေးတဲ့ အာရုံကြောတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ခါးကြောညပ်သွားရင် (Sciatic nerve)ထိခိုက်မိရင် သူသွားရာ လမ်းကြောင်းတစ်လျှောက်လုံး နာကျင်မှုဝေဒနာကို ခံစားရတာဖြစ်ပါတယ်။ အာရုံကြောလမ်းကြောင်းတစ်လျှောက် သိပ်မပြင်းထန်ဘဲ နည်းနည်းနာတာကနေ အရမ်းစူးစူးပြီး နာတာအထိ ဖြစ်နိုင်ပါတယ်။ တခါတရံ ဓာတ်လိုက်မိသလိုလည်း ဖြစ်တတ်ပါတယ်။ ချောင်းဆိုးရင်၊ နှာချေရင်၊ မတ်တပ်အကြာကြီး ရပ်ပြီးရင် နာတာ ပိုဆိုးတတ်ပါတယ်။ ခြေသလုံးနဲ့ ခြေဖဝါးမှာ ထုံတာ၊ ရောင်တာ၊ ကြွက် သားအားနည်းတာတွေလည်း ဖြစ်နိုင်ပါတယ်။ တခြားလက္ခဏာတွေကတော့ ခါးနောက်က နာနေတာ၊ ခြေ ထောက်မမြှောက်နိုင်တာ၊ လမ်းလျှောက်ရ ခက်တာ၊  မတ်တပ်မရပ်နိုင်တာတို့ ဖြစ်ပါတယ်။ အများအားဖြင့်တော့ ခါးကြောညပ်တာက တစ်ဖက်တည်းမှာပဲ ဖြစ်တတ်တာပါ။ အာရုံကြောရဲ့ ဘယ်နေရာကို ထိခိုက်မိတယ်ဆိုတဲ့အပေါ် မူတည်ပြီး ခြေဖဝါး၊ ခြေချောင်းလေးတွေအထိပါ နာတတ်ပါတယ်။ တချို့ ခါးကြောညပ်တဲ့သူတွေဟာ အနေအထိုင်၊ သွားလာလှုပ်ရှားမှုကို ဂရုတစိုက်နေထိုင်သွားရင်း အချိန်ကာလတစ်ခုအတွင်း ပြန်ကောင်းသွားတတ်ပေမယ့် တချို့ ခါးကြောညပ်တာ ပြင်းထန်တဲ့သူတွေကတော့ ဆေးဝါး၊ ပြန်လည်ထူထောင်ရေး (physiotherapy) သို့မဟုတ် တချို့အခြေအနေများမှာ ခွဲစိတ်ကုသမှုလိုအပ်လာနိုင်ပါတယ်။ ခါးကြောညပ် သူတွေအနေနဲ့ ဒီလိုလက္ခဏာတွေပြလာပြီဆိုရင်တော့ မပေါ့ဆသင့်ဘဲ ဆရာဝန်တွေနဲ့ ပြသပြီး ကုသမှုခံယူသင့်ပါတယ်။ ဖျားပြီး နောက်ကျော နာနေတာ၊ ကျောရိုး ဒါမှမဟုတ် နောက်ကျောနေရာမှာ နီပြီး ရောင်နေတာ၊ ခြေထောက် မကြွနိုင်တာ၊ ပေါင်၊ တင်ပါး ထုံနေတာ၊ ဆီး/ဝမ်း မထိန်းနိုင်တာ စတဲ့ လက္ခဏာတွေပြနေရင်တော့ အမြန်ဆုံး ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ခါးကြောညပ်တာ မပြင်းထန်တဲ့သူတွေကတော့ အိမ်မှာပဲ အနာသက် သာအောင် ရေခဲဝတ်လေး ဒါမှမဟုတ် ရေနွေးဝတ်ကပ်ပေးတာ၊ ပါရာစီတမောလို အကိုက်အကဲပျောက်ဆေးသောက်တာ၊ အကြောလျှော့လေ့ကျင့်ခန်းကို ညင်ညင်သာသာ လုပ်ပေးတာလောက်နဲ့ သက်သာသွားတတ်ကြပါတယ်။ ရေခဲကပ်ပေးတာကို တစ်နေ့ (၄-၅) ကြိမ်လောက် (တစ်ကြိမ်ကို မိနစ် ၂၀ ကြာ) လောက် လုပ်ပေးမယ်ဆိုရင် ရောင်ရမ်းတာ လျော့ကျနိုင်ပြီး နာကျင်မှုလည်း သက်သာစေနိုင်ပါတယ်။ နောက်ထပ် ရက်အနည်းငယ်ကြာပြီးရင် နာကျင်တဲ့နေရာကို ရေနွေးအိတ်ကပ်တာကိုလည်း တစ်ကြိမ်မှာ မိနစ် (၂၀) လောက် ပြုလုပ်ပေးနိုင်ပါတယ်။ နာကျင်မှု သက်သာလာတဲ့အပေါ် မူတည်ပြီး ရေခဲကပ်တာနဲ့ ရေနွေးအိတ်ကပ်တာကို တစ်လှည့်စီ ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် တတ်ကျွမ်းနားလည်သူတွေရဲ့ အကူအညီနဲ့ အကြောလျှော့လေ့ကျင့်ခန်းတွေ၊ ကြွက် သားပိုမိုသန်မာစေမယ့်လေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်ပါတယ်။ အဲဒါတွေအပြင် အာရုံကြောညပ်တာကို သက်သာစေတဲ့ တခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်။ 

နာကျင်နေတဲ့အာရုံကြောကို ဝန်မပိစေဖို့ အရေးကြီးတာမို့ သေချာအနားယူသင့်ပါတယ်။  အာရုံကြော ပြန်ကျန်းမာစေဖို့အတွက် အိပ်ရေးဝဝ အိပ်စက်ခြင်းက မရှိမဖြစ် လိုအပ်ပါတယ်။ ကိုယ်နေဟန်ထားကို မှန်ကန်အောင် ထားသိုတတ်ဖို့လည်း လိုအပ်ပါတယ်။ ရပ်တဲ့အခါ၊ ထိုင်တဲ့အခါမှာ ပုံမှန်နေပေးဖို့ လိုပါတယ်။ အဓိကအနေနဲ့ ခါးမှာ အာရုံကြော ညပ်တဲ့သူတွေဟာ ကျောရိုးဆီက လာတဲ့ ဖိအားလျော့စေဖို့ ခြေထောက်ကို မြှင့်ထားရင် သက်သာနိုင်ပါတယ်။ အိပ်တဲ့အခါ ဒူးအောက်မှာ ခေါင်းအုံးခုထားရင်လည်း နေရသက်သာစေနိုင်ပါတယ်။ ဒါပေမယ့် နာကျင်မှု ပြင်းထန်တဲ့ ပထမရက်အနည်းငယ်မှာ နားပေးတာက အသုံးဝင်နိုင်ပေမယ့် အချိန်ရှည်အိပ်ယာပေါ်မှာ တစ်နေကုန်နေတာမျိုးကိုတော့ မကောင်းတတ်ဘူးဆိုတာကိုတော့ သတိထားပေးရပါမယ်။ လမ်းလျှောက်တာ၊ ရေကူးတာ၊ စက်ဘီးစီးတာတို့လို လှုပ်ရှားမှုတွေကို နိုင်သလောက် နည်းနည်းချင်း ပုံမှန်လုပ်သွားပေးရင်လည်း ခါးကြောညပ်တာကို သက်သာစေမှာဖြစ်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေကိုတော့ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သင့်ပါတယ်။ ဒီလိုနဲ့ မသက်သာလာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြသသင့်ပါတယ်။ အများအားဖြင့်တော့ ခါးကြောညှပ်သူတွေရဲ့ (၉၀) ရာခိုင်နှုန်းနီးပါးလောက်ကတော့ ခွဲစိတ်ကုသမှုမလိုအပ်ဘဲ ပြန်ကောင်းသွားတတ်ကြပါတယ်။ တစ်ခုသတိပြုရမှာကတော့ ခါးကြောညပ်သူတွေအနေနဲ့ စအိုဝထုံတာ၊ ဆီးနဲ့ ဝမ်း မထိန်းနိုင်တာတို့ ခံစားရပြီဆိုရင် အရေးပေါ် ခွဲစိတ်ကုသဖို့ လိုအပ်နိုင်တာကြောင့် အချိန်မီပြသ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ 

ခါးကြောညှပ်တာဟာ အများအားဖြင့် ခါးဆစ်အရိုးနု (disc) ကျွံပြီး ကျောရိုးမှ ထွက်လာတဲ့ အာရုံကြောအမြစ်(nerve root) ကို ဖိမိတာ/ အာရုံကြောအမြစ်ရောင်ရမ်းတာတွေကြောင့် ဖြစ်တတ်ပါတယ်။ အခြားအကြောင်းရင်းတွေကတော့ အရိုးအတက်ထွက်တာ (bone spur)၊ အရိုးအဆစ်ပျက်စီးမှုကြောင့်ဖိမိတာ၊ ခါးဆစ်ရိုးလမ်းကြောင်းကျဉ်းတာ (spinal stenosis)၊ ကျောဆစ်ရိုးတွေမခိုင်ဘဲရွေ့တာ (spondylolisthesis)၊ နောက်ကျောဒဏ်ရာ၊ အကျိတ်/ကင်ဆာ အရာတွေကြောင့် အာရုံကြောကို ဖိမိတာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း ကိုယ်အလေးချိန်နှင့် ကိုယ်နေဟန်ပြောင်းလဲမှုကြောင့် sciatica လို နာကျင်မှု ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အဝလွန်တဲ့သူ၊ ဆေးလိပ်သောက်တဲ့သူ၊ ခါးကို အမြဲတမ်းကွေး/လှည့်ပြီး အလေးအပင်မကြာခဏမရတဲ့ အလုပ်အကိုင် လုပ်နေရတဲ့သူတွေက sciatica ပိုဖြစ်နိုင်ပါတယ်။ ဆီးချိုရှိသူတွေမှာတော့ အာရုံကြောပျက်စီးမှု (neuropathy) ကြောင့် sciatica နဲ့တူတဲ့ ထုံကျင်နာ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ဒေါက်ဖိနပ်အကြာကြီးစီးတာလိုမျိုးကလည်း ကိုယ်နေဟန်ထားကို မမှန်အောင် အားပေးနေတာမို့ ခါးကြောညှပ်နိုင်ခြေ ရှိပါတယ်။  

ကုသမှုထက် ကာကွယ်ခြင်းက အကောင်းဆုံးနည်းလမ်းလို့ဆိုတဲ့အတိုင်း ခါးကြောညပ်ဝေဒနာကိုမခံစားရအောင် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ၊ ထိုင်တဲ့အခါ ပုံစံတကျထိုင်ပါ (ဥပမာ ခါးမတ်မတ်ထိုင်ပါ)၊ အထိုင်အထ၊ ပစ္စည်းမတာ၊ ကုန်းပြီး ပစ္စည်းယူတာ၊ ကောက်တာ စတဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို သတိထားပြီး ပုံစံတကျ လှုပ်ရှားပါ (ခါးကို မကုန်းဘဲ ဒူးကွေး ဒူးညွှတ်ပြီး မပါ)၊ ခါးလိမ်ပြီး လှုပ်ရှားတာမျိုး၊ အလေးမတာမျိုး ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ အာရုံကြောညပ်တယ်ဆိုတာဟာ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပြီး အများအားဖြင့် လည်ပင်း၊ ခါး၊ တံတောင်ဆစ်နဲ့ လက်ကောက်ဝတ်တို့မှာ အဖြစ်များပါတယ်။ ဒါကြောင့် လူနေမှုဘဝကို အနှောင့်အယှက်ဖြစ်စေတဲ့ ခါးကြောညပ်ခြင်း ဝေဒနာကို ရှောင်ရှားနိုင်ဖို့အတွက်ဆိုရင် သင့်ရဲ့ တစ်နေ့တာ လှုပ်ရှားမှုတိုင်းဟာ အလွန်အရေးကြီးကြောင်းအကြုံပြုတိုက် တွန်းလိုက်ရပါတယ်။

ကိုးကား

ကျန်းမာရေးဝန်ကြီးဌာန

my.clevelandclinic.org

wikipedia.org

 

#အာရုံကြော

#ကိုယ်ဝန်ဆောင်

#ဆေးလိပ်

#အလေးအပင်

ဒီအကြောင်းအရာကို မျှဝေပါ

Leave A Comment

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ