မွန်ပြည်နယ် နှင့် ထားဝယ်တွင်တွေ့ရှိသော မျောက်ကျောက်သံသယလူနာ ၃ ဦး အားလိုအပ်သည့် စစ်ဆေးမှုပြုလုပ်နေကြောင်းဆို

Published On: September 6th, 2024|Views: 232|

စက်တင်ဘာ ၆

မွန်ပြည်နယ် နဲ့ တနင်္သာရီ တိုင်းဒေသကြီးမှာ မျောက်ကျောက်ရောဂါလက္ခဏာသံသယလူနာ ၃ ဦးတွေ့ရှိထားပြီး သက်ဆိုင်ရာအစိုးရ ဆေးရုံတွေမှာပို့ဆောင်ထားတယ်လို့သိရပါတယ်။

ကျိုက်ထိုမှာတွေ့ရှိတဲ့ မျောက်ကျောက်သံသယလူနာအား Swab ယူနေပုံ။ Photo - ကျိုက်ထိုပြည်သူ့ဆေးရုံ

ကျိုက်ထိုမှာတွေ့ရှိတဲ့ မျောက်ကျောက်သံသယလူနာအား Swab ယူနေပုံ။ Photo - ကျိုက်ထိုပြည်သူ့ဆေးရုံ

 

မျောက်ကျောက် သံသယလူနာကိုမွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ၁ ဦးနဲ့ ထားဝယ်မြို့နယ်မှာ ၂ ဦး ကို ယခု စက်တင်ဘာလ တွင်တွေ့ရှိခဲ့ရတာဖြစ်ပြီး အဆိုပါသံသယလူနာတွေထဲက ထားဝယ်မှာ ပထမဆုံး​တွေ့ရှိတဲ့မလေးရှားမှ ပြန်ရောက်လာသောမျိုးသမီး အသက် (၅၃) နှစ် ကတော့ စက်တင်ဘာ၂ ရက် နေ့မှာ ဆေးရုံကိုသွားရောက်ခဲ့ပါတယ်။ ထို့နောက် စက်တင်ဘာ (၄) ရက်နေ့ရဲ့ ဓာတ်ခွဲစစ်ဆေးမှုအဖြေအရ မျောက်ကျောက်ရောဂါ မတွေ့ရှိရဘူးလို့သိရပါတယ်။

အဆိုပါအမျိုးသမီးသည် ဩဂုတ်လ ၂၉ ရက်မှာ စတင်ဖျားပြီး အရေပြားမှာ အဖုအပိန့်တွေထွက်ရှိတာကြောင့် စက်တင်ဘာလ၂ရက်မှာ ပုဂ္ဂလိကဆေးရုံကို သွားရောက်ပြသစဥ် မျောက်ကျောက်ရောဂါသံသယ လက္ခဏာဟု ဆေးရုံကသုံးသပ်ခဲ့တဲ့အတွက် ပြည်သူ့ဆေးရုံကြီးကိုတက်ရောက်ကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။

အခြား မျောက်ကျောက်ရောဂါ သံသယလူနာ ၂ ဦးကိုတော့ ဓာတ်ခွဲစစ်ဆေးဖို့ လုပ်ဆောင်နေဆဲဖြစ်ပြီး ဆေးစစ်ချက်အဖြေမသိရှိရသေးဘူးလို့သိရပါတယ်။

ထားဝယ်က မျောက်ကျောက်သံသယလူနာတွေ့ရှိမှုနဲ့ပတ်သက်ပြီး သိရှိတဲ့ ကျန်းမာရေးအသိုင်းအဝိုင်းနဲ့ရင်းနှီးတဲ့ ဒေသခံတစ်ဦးက “ထားဝယ်မှာက မလေးပြန် အမျိုးသမီးတစ်ယောက်ကအရင်တွေ့တာပေါ့။သူကအရင်ဆုံးဖျားတယ်။ပြီးတော့အဖုလေးတွေပေါက်တော့ ပုဂ္ဂလိက ဆေးရုံကိုသွားပြတာမှာ ဆေးရုံကမျောက်ကျောက်သံသယနဲ့ ဆေးရုံကြီးကိုရောက်တာပေါ့။ ဆေးရုံရောက်ပြီး ဓာတ်ခွဲစစ်ဆေးတော့ Negative ထွက်တယ် လို့ ပြောပြပါတယ်။

လက်ရှိမှာတော့ ထားဝယ်က မျောက်ကျောက်ရောဂါ သံသယလူနာ ၂ ဦးအနက် တစ်ဦးမှာ ရောဂါမရှိကြောင်းသိရှိရပေမယ့် ၂ ဦးလုံးကို ထားဝယ်ပြည်သူ့ဆေးရုံမှာ သီးသန့်အဆောင်ခွဲထားပြီးဆေးဝါးကုသမှုပေးကာအခြေအနေစောင့်ကြည့်နေပါတယ်။

နောက်ထပ်တွေ့ရှိထားတဲ့မျောက်ကျောက်ရောဂါ သံသယလူနာကလည်း အသက် ၂၂ နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး စက်တင်ဘာလ ၅ ရက်နေ့မှာ ပုဂ္ဂလိကဆေးရုံကို လာရောက်ပြသစဥ်သံသယရှိသူအဖြစ်သတ်မှတ်ခံရပြီးထားဝယ်ဆေးရုံကိုပို့ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“နောက်တွေ့တဲ့လူနာက တက္ကသိုလ်ကျောင်းသူပါ။ သူက အရေပြားမှာအဖုတွေပေါက်တာက အရေပြားလေးတွေတောင်ခြောက်နေပြီ။ဒါကိုအရှင်းပျောက်အောင်ဆေးရုံကို သွားပြချိန်မှာ သံသယရှိလူနာအဖြစ်သတ်မှတ်ခံရတာပါ။သံသယလူနာတွေ့တာကို မျောက်ကျောက်ရောဂါတွေ့တယ်ဆိုပြီးသတင်းမှားတွေကလည်းပြန့်တော့လုပ်ရကိုင်ရကျပ်ကုန်တယ်။ကျွန်တော်တို့ကတော့မြေပြင်သတင်းမှန်ကိုပဲသိရအောင် ပြောပြတာပါဓာတ်ခွဲစစ်ဆေးတာကအရင်တစ်ယောက်က ၂ရက်လောက် ကြာတယ်။ ” အဆိုပါဒေသခံကဆက်လက်ပြောပါတယ်။

ထပ်မံတွေ့ရှိသူ အမျိုးသမီးကိုလည်း ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်နေပြီး ဆေးစစ်ချက်ကတော့ မထွက်သေးကြောင်းနဲ့အဆိုပါအမျိုးသမီး၂ဦးလုံးသည်ထားဝယ်မြို့နေထိုင်သူတွေဖြစ်လို့ လူနာတွေရဲ့မိသားစုဝင်တွေကို Stay Home အဖြစ် နေအိမ်မှာပဲနေထိုင်ကြဖို့ကျန်းမာရေးဌာနက အသိပေးထားတယ်လို့သိရပါတယ်။

ကျိုက်ထိုမှာတွေ့ရှိတဲ့ မျောက်ကျောက်သံသယလူနာကတော့ ဘားအံကနေ ရန်ကုန်ကိုမောင်းနှင်လာတဲ့ express အဝေးပြးခရီးသည်တင်ကားပေါ်လိုက်ပါလာသူ အသက်၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါအမျိုးသားကိုစက်တင်ဘာလ၅ရက်နေ့ကကျိုက်ထိုမြို့နယ်၊မရမ်းချောင်းစစ်ဆေးရေးဂိတ်မှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး သူ့ ခန္ဓာကိုယ်မှာ အဖုအပိန့်တွေ တွေ့ရှိရတာကြောင့် မျောက်ကျောက်ရောဂါသံသယလက္ခဏာအဖြစ်သတ်မှတ်ပြီး ကျိုက်ထိုဆေးရုံကိုပို့ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“မျက်နာတွေမှာ အဖုတွေပေါက်တာပါ။မျောက်ကျောက်သံသယရှိတယ်ဆိုပြီး ဆေးရုံကို ပို့လိုက်တာပါ။ခုထိတော့စစ်ဆေးအဖြေမထွက်သေးဘူး။ဓာတ်ခွဲစစ်ဆေးဖို့လုပ်နေကြတယ်။သူနဲ့အတူလိုက်လာတဲ့ခရီးသည်တွေရဲ့စာရင်းလည်းယူထားကြတယ်” လို့ မရမ်းချောင်းစစ်ဆေး ရေးဂိတ်နဲ့ရင်းနီးတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

အဆိုပါ မျောက်ကျောက်သံသယရှိအမျိုးသားသည် ပြည်မြို့နယ်၊ဝက်ထီးကန်မြို့၊ကျောက်ခြံရွာမှာ နေထိုင်သူ ဖြစ်ကြောင်း လက်ရှိမှာတော့ကျိုက်ထိုပြည်သူ့ဆေးရုံမှာ သီးသန့်ထားကာ စောင့်ကြည့်ကုသမှုပေးနေတယ်လို့သိရပါတယ်။

သတင်းရေးသားပေးပို့သူ = ချစ်ခွန်းချို

တည်းဖြတ်- MyanHealth’s Editorial team

သတင်းရေးသားသူသည် ၂၀၁၂ မှ စတင်ပြီး သတင်းလုပ်ငန်းများကို လုပ်ကိုင်နေသည့် ဂျာနယ်လစ်တစ်ဦးဖြစ်သည်။တိုင်းရင်းသားရေးရာများ၊စိုက်ပျိုးစီးပွားသတင်းများ၊လူမှုဘဝ နှင့် ယဥ်ကျေးမှု ဆိုင်ရာ ဆောင်းပါးများကိုအဓိကထားရေးသားလျက်ရှိသည်။

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ