ကိုယ်ဝန်ဆောင်စဥ် မေးခိုင်ဆုံဆို့နာကာကွယ်ဆေးအပြည့်အဝမထိုးခဲ့လို့ မွေးကင်းစကလေးငယ်သေဆုံး
ကာကွယ်ဆေးထိုးခွင့်ဆုံးရှုံးနေတဲ့ ကိုယ်ဝန်ဆောင် အများအပြားရှိနေ
မြန်မာနိုင်ငံမှာတော့ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ကစလို့ ပြည်တွင်းမှာ ဆန္ဒပြမှုတွေ၊တိုက်ပွဲတွေ၊နယ်မြေမတည်ငြိမ်မှုတွေဆက်တိုက်ဖြစ်ပွားနေတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုမှာမေးခိုင်ဆုံဆို့နာကာကွယ်ဆေးတွေထိုးနှံနိုင်ခြင်းမရှိဘဲဖြစ်နေရပါတယ်။
“ကာကွယ်ဆေးနဲ့ကာကွယ်လို့ရနိုင်ရက်သားနဲ့အသိမှားတစ်ချက်က ကလေးငယ်ရဲ့အသက်ကိုနုတ်ယူလိုက်သလိုဖြစ်ခဲ့ရတယ်” လို့ ကျိုက်ထိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကဆိုပါတယ်။
ဒီမွေးကင်းစ ကလေးလေးကတော့ မွေးဖွားပြီး ၆ ရက်မြောက်မှာ အဖျားဝင်ပြီး နို့မစို့တော့လို့ ကျိုက်ထိုပြည်သူ့ဆေးရုံကို ဆေးရုံတက်ရောက်ပြသချိန်မှာ မေးခိုင်ရောဂါပိုးဝင်ပြီး သွေးအဆိပ်တက်တဲ့ရောဂါဖြစ်ပွားကြောင်းသိရပြီးနောက် အောက်တိုဘာလ ၁ ရက်နေ့မှာ သေဆုံးခဲ့ရတဲ့ ကလေးငယ်ဖြစ်ပါတယ်။
ကလေးငယ်ရဲ့မိခင်ဟာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာကဖြစ်ပြီး ဒီကလေးလေးက သူရဲ့ တတိယမြောက် ကလေးငယ်ဖြစ်ပါတယ်။
သူမဟာ ကိုယ်ဝန်ဆောင်စဥ်ကာလမှာ ကျန်းမာရေးဝန်ကြီးဌာနက အခမဲ့ထိုးနှံပေးတဲ့ မေးခိုင်ဆုံဆို့နာကာကွယ်ဆေးကို ပထမတကြိမ်သာ ထိုးနှံခဲ့ပြီး ဒုတိယအကြိမ်ကို မထိုးခဲ့တဲ့အပြင် ကလေးကိုလည်း အရပ်လက်သည်နဲ့မွေးဖွားခဲ့တာကြောင့် မွေးဖွားလာတဲ့ ကလေးငယ်မှာရောဂါဝင်ပြီးသေဆုံးခဲ့ရတာဖြစ်တယ်လို့ ကျိုက်ထိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကပြော ပါတယ်။
“ဆရာမကပထမအကြိမ်ကာကွယ်ဆေးထိုးပေးတယ်။ဒုတိယအကြိမ်ထပ်ထိုးဖို့ခေါ်တယ်၊မလာဘူး။ပထမကလေးမွေးတုန်းကဘာမှမဖြစ်ဘူး၊ဘာဆေးမှလည်းမထိုးရဘူး။နေကောင်းကြတယ်ဆိုပြီးပေါ့ပေါ့တွေးလိုက်ကြတယ်။ကလေးမွေးတာတောင်သားဖွားဆရာမဆီမသွားပဲအရပ်လက်သည်နဲ့မွေးလိုက်ကြတယ်။ခြောက်ရက်သားရောက်တော့ကလေးငယ်ဖျားပြီးနို့လည်းမစို့နိုင်တော့ဘူး။ကလေးကဇက်တောင့်ပြီးတက်သလိုဖြစ်နေတယ်။ဆေးရုံရောက်တော့ကလေးကမေးခိုင်ရောဂါပိုးဝင်ပြီးသွေးဆိပ်တက်တဲ့ရောဂါအဆင့်ရနေပြီ။ဒါကြောင့်ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ နီးစပ်ရာကျန်းမာရေးဌာနမှာကိုယ်ဝန်ဆောင်စဉ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးဖြစ်အောင်ထိုးကြဖို့ပြောချင်ပါတယ်” လို့ ဆိုပါတယ်။
မွေးကင်းစကလေးငယ်လေးတွေမှာ မေးခိုင်ရောဂါ ဖြစ်ပွားပါက သေဆုံးနူန်းမြင့်မားတဲ့အတွက်ကြောင့် မေးခိုင်ဆုံဆို့နာကာကွယ်ဆေးကို မဖြစ်မနေထိုးသင့်တဲ့ကာကွယ်ဆေးတခုအဖြစ်ကမ္ဘ့ာကျန်းမာရေးအဖွဲ့အစည်းWHO ကလည်းသတ်မှတ်ထားပါတယ်။
အလားတူကျန်းမာရေးဝန်ကြီးဌာနကလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းဟာ ကိုယ်ဝန်ဆောင်ကာလမှာ မေးခိုင်ဆုံဆို့နာကာကွယ်ဆေးကို နှစ်ကြိမ်တိုင်တိုင် မဖြစ်မနေထိုးဖို့လိုအပ်သလို ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူဖို့ အလွန်အရေးကြီးတယ်လို့လည်း သတိပေးထား ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ကစလို့ ပြည်တွင်းမှာ ဆန္ဒပြမှုတွေ၊တိုက်ပွဲတွေ၊နယ်မြေမတည်ငြိမ်မှုတွေဆက်တိုက်ဖြစ်ပွားနေတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုမှာမေးခိုင်ဆုံဆို့နာကာကွယ်ဆေးတွေထိုးနှံနိုင်ခြင်းမရှိဘဲဖြစ်နေရပါတယ်။
တိုက်ပွဲဖြစ်ပွားရာဒေသတွေထဲကမှာ ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊ရှမ်းမြောက် ၊ ကယားပြည်နယ်၊ပဲခူးတိုင်း ၊မကွေးတိုင်း၊မန္တလေးတိုင်း ထဲကမြို့နယ်နဲ့ ကျေးရွာအချို့က ကိုယ်ဝန်ဆောင်တွေဟာ ကာကွယ်ဆေးထိုးနှံခွင့်တွေ ဆုံးရှုံးနေ ရတာဖြစ်ပါတယ်။
တိုက်ပွဲတွေဖြစ်ပွားရာဒေသတွေမှာ ကျန်းမာရေးဝန်ထမ်းတွေမရှိသလောက်ဖြစ်ခြင်း၊ဆေးရုံတွေမှာကုသမှုတွေမလုပ်နိုင်ခြင်း၊ ဆေးဝါးပစ္စည်း အလုံအလောက်မရှိဘဲပြတ်တောက်ခြင်း၊ဆေးဝါးသယ်ယူခွင့်ပိတ်ထားခြင်း၊ လမ်းပန်းဆက်သွယ်ရေး သွားလာဖို့ခက်ခဲခြင်း၊နေရပ်စွန့်ခွာကာစစ်ရှောင်နေရခြင်း စတဲ့အခြေအနေတွေကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကာကွယ်ဆေးထိုးနှံခွင့်တွေမရရှိဘဲ ဖြစ်နေရတာပါ။
“ဘာကာကွယ်ဆေးမှထိုးပေးတာမရှိဘူး။ဒီမှာကတိုက်ပွဲဖြစ်လို့ပြေးနေရတာ ဘယ်မှာသွားထိုးရမလဲ။ကျန်းမာရေးဝန်ထမ်းတွေလည်းမရှိတော့ဘူး။ဆေးရုံမှာဆရာဝန်နည်းနည်းပဲရှိတော့တယ်။ဆေးဝါးလည်းမရှိဘူး။ကာကွယ်ဆေးမထိုးရတော့စိုးရိမ်နေကြတာပေါ့။ဒါပေမယ့်လည်းမတတ်နိုင်ဘူးလေ ကျန်းမာရေး ဝန်ထမ်းတွေကိုမှမရှိတော့တာ။” လို့ရခိုင်ပြည်နယ် တောင်ကုတ်မြို့ဒေသခံတစ်ဦးကပြောပါတယ်။
ကိုယ်ဝန်ဆောင်စဥ်မှာ မေးခိုင်ဆုံဆို့နာကာကွယ်ဆေး ထိုးနှံနိုင်ခြင်းမရှိတာကြောင့် မိခင်ရောကလေးငယ်တွေပါ သေဆုံးမှုတွေရှိနေတဲ့အတွက် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကတော့ ရောဂါကူးစက်မှာကိုစိုးရိမ်နေကြပါတယ်။
ခုလို မြန်မာနိုင်ငံ နေရာအနှံအပြားမှာရှိတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးအချို့ မေးခိုင်ဆုံဆို့နာကာကွယ်ဆေး ထိုးနှံခွင့်မရရှိတဲ့အပေါ် ကျန်းမာရေးဝန်ကြီးဌာနဘက်မှ တစုံတရာစီစဥ်ပေးတာမျိုးမရှိသလို ကျန်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း စီစဥ်ပေးတာမျိုးမရှိဘူးလို့သိရပါတယ်။
မေးခိုင်ဆုံဆို့နာကာကွယ်ဆေးထိုးခြင်းဟာ ကိုယ်ဝန်ဆောင်စဥ် မတော်တဆထိခိုက်ဒဏ်ရာရှိခြင်းမှ မေးခိုင်ရောဂါဖြစ်ပွားခြင်းကို ကာကွယ်နိုင်သလို မီးဖွားပြီးနောက်ဖြစ်ပွားတတ်တဲ့ကူးစက်ရောဂါအပြင် မွေးဖွားလာမယ့်ကလေးငယ်ကိုပါ မေးခိုင်ရောဂါဖြစ်ပွားခြင်းကနေ ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်း မေးခိုင်ဆုံဆို့နာကာကွယ်ဆေးကို နှစ်ကြိမ်ထိုးနှံခွင့်ရရှိဖို့ မဖြစ်မနေလိုအပ်နေပါတယ်။
” တစ်ကြိမ်ထိုးရုံနဲ့ မွေးကင်းစကလေးငယ်တွေမှာ ဖြစ်တတ်တဲ့မေးခိုင်ပိုးကိုထိရောက်စွာမကာကွယ်နိုင်ဘူး။ဒါကြောင့် ကိုယ်ဝန်ဆောင်စဥ်မှာအနည်းဆုံးနှစ်ကြိမ်ထိုးဖို့လိုအပ်ပါတယ်။ဒုတိယတကြိမ်ကို ပထမတကြိမ်ထိုးပြီး လေး ပတ်အကြာမှာ ထိုးရပါမယ်။ အနည်းဆုံးတော့
ဒုတိယအကြိမ်ကို ကလေးမီးမဖွားမီနှစ်ပတ်အလိုတွင် ထိုးပြီးဖြစ်နေရပါမယ်။ ဒါမှသာကလေးမီးဖွားချိန်မှာ ကလေးငယ်ချက်ကြိုးကတဆင့် ကူးစက်မယ့် မေးခိုင်ပိုးကိုကောင်းမွန်စွာကာကွယ်နိုင်မှာဖြစ်ပါတယ်။” လို့ သားဖွားမီးယပ်ဆရာဝန်တစ်ဦးကပြောပါတယ်။
လက်ရှိမှာတော့ ကျန်းမာရေးဝန်ထမ်းတွေက မေးခိုင်ဆုံဆို့နာကာကွယ်ဆေးထိုးနှံခြင်းကို တိုက်ပွဲတွေမရှိဘဲ နယ်မြေအေးချမ်းတဲ့ ဒေသတွေက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို သာ ထိုးနှံပေးနေပါတယ်။ကာကွယ်ဆေးကို ကိုယ်ဝန် ၃ လကနေစပြီး ပထမအကြိမ်ထိုးနှံပေးပြီးဒုတိယတကြိမ်ကိုတော့ ၄ ပတ်(တစ်လ)ခြားပြီး ထပ်မံထိုးပေးနေ တာပဲဖြစ်ပါတယ်။
အမျိုးသမီးတစ်ဦးသည် ကိုယ်ဝန်ဆောင်စဥ်ကာလမှာ မေးခိုင်ဆုံဆို့နာ ကာကွယ်ဆေးကို နှစ်ကြိမ် မဖြစ်မနေထိုးဖို့လိုအပ်တဲ့အပြင် သံဓာတ်၊ဖောလိတ်ကိုယ်ဝန်ဆောင်အားဆေးကိုလည်းနေ့စဥ်သောက်ဖို့လိုအပ်ပါတယ်။ဒါအပြင် အာဟာရပြည့်ဝစွာစားဖို့လည်းလိုအပ်ပါတယ်။
ကိုယ်ဝန်ဆောင်စဥ် မေးခိုင်ဆုံဆို့နာကာကွယ်ဆေး ထိုးနှံခွင့်မရရှိခဲ့တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာတော့ မိခင်ရော မွေးကင်းစကလေး ငယ်ပါသေဆုံးမှုတွေ ရှိနေပြီး စာရင်းအတိကျသိရှိနိုင်ဖို့အတွက်တော့ လက်ရှိအခြေအနေတွေအရ စာရင်းပြုစုနိုင်ခြင်းမရှိလို့ အတိကျမသိရှိရပါဘူး။
ဒါကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအားလုံး ကိုယ်ဝန်ဆောင်စဥ်မှာ မေးခိုင်ဆုံဆို့နာကာကွယ်ဆေး ထိုးနှံနိုင်ဖို့ရာ အရေးကြီးတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ မဖြစ်မနေစီစဥ်ပေးဖို့လိုအပ်နေပါတယ်။