Weekly Health Round-Up (February Fourth Week )
Published On: February 27th, 2026|Views: 104|

- ရန်ကုန်မြို့ လေထုညစ်ညမ်းမှုမှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေတိုင်းတာချက်အရ ကမ္ဘာ့အဆင့် ၄ နေရာမှာရှိနေတယ်လို့ လေထု အရည်အသွေး အညွှန်းကိန်းတွေကို ဖော်ပြနေတဲ့ ဆွစ်ဇာလန် အခြေစိုက် လေထုအရည်အသွေးတိုင်းတာရေးအဖွဲ့ IQAir ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ရန်ကုန်မြို့ရဲ့ AQI လေထုအရည်အသွေး အညွှန်းကိန်ဟာ ၁၂၀ ရှိနေပြီး ကျန်းမာရေး အားနည်းတဲ့ ထိခိုက်လွယ်အုပ်စုတွေအတွက် အန္တရာယ်ရှိတဲ့ အဆင့်မှာရှိနေတယ်လို့ ဖော်ပြထားပါတယ်။
- ရန်ကုန်မြို့မှာ လတ်တလော လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတာကြောင့် ပြည်သူတွေ သတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကြူကြူစိန်က နိုင်ငံပိုင်ရုပ်သံ ကတစ်ဆင့် ပြောကြားထားပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ တတ်နိုင်သမျှ အိမ်ပြင်မထွက်ကြဖို့နဲ့ မဖြစ်မနေ ထွက် ရ ရင်လည်း နှာခေါင်းစည်းတပ်ဆင်ကြဖို့ တိုက်တွန်းထားပါတယ်။

- အီး-စီးကရက် (အီလက်ထရွန်းနစ်စီးကရက်)၊ အီး-ရှီရှာနဲ့ ဆက်စပ်ပစ္စည်းတွေ တင်သွင်း ရောင်းချ တာ နဲ့ အသုံးပြုတာတို့ကို တားမြစ်တယ်လို့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။ဘယ်သူမဆို အီး-စီးကရက် (အီလက်ထရွန်းနစ်စီးကရက်)၊ အီး-ရှီရှာနဲ့ ဆက်စပ်ကုန်စည်တွေကို တင်သွင်းတာ၊ တင်ပို့တာ၊ ရောင်းဝယ်တာ၊ လက်ဝယ်ထားရှိ တာ၊ သိုလှောင်တာ၊ သယ်ဆောင်တာ၊ ဖြန့်ဖြူးတာ အသုံးပြုတာတွေ့ရှိပါက အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူတာခံရမယ်လို့ ကျန်းမာရေးဝန်ကြီး ဌာနကထုတ်ပြန်ထား ပါတယ်.
- တပေါင်းလပြည့်နေ့မှာကျရောက်မယ့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေး ပညာဦးစီးဌာန၊ အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
- ကရင်နီပြည်ထဲက ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ် နဲ့ မိုလိုချောင်းရေတွေမှာ အာဆင်းနစ် အဆိပ်ပါ ဝင်မှု မြင့်တက်နေတဲ့အတွက် မသောက်သုံးကြဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ် ရေးကောင်စီနှင့် ထိုင်းအာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
- ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တို့တွင် ကလေးငယ်များမှာ အသည်း ရောင် အသားဝါ ရောဂါအဖြစ်များနေတယ်လို့ ဒေသခံတွေနဲ့ ကျန်းမာရေးအသိုင်းအဝိုင်းကို ကိုးကား၍ Development Media Group သတင်းတွင် ဖော်ပြထားပါတယ်။
- HIV ထိန်းချုပ်ရေးအပါအဝင် ကူးစက်ရောဂါကာကွယ်ရေးအတွက် လိင်လုပ်သားတွေကို ULA ကျန်းမာရေးဌာနရဲ့ ကူးစက်ရောဂါနှိမ်နင်းရေးကော်မတီနဲ့အတူ အရပ်ဖက်အဖွဲ့ အစည်းတွေ၊ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ဆေးစစ်တာ ART ဆေးတွေ အခမဲ့ပေးတာနဲ့အခြား ကျန်းမာရေး စောင့်ရှောက်မှုတွေအပြင် အခမဲ့ ကွန်ဒုံးဖြန့်ဝေတာတွေကိုပါ ပြုလုပ်နေတယ်လို့ ULA ကျန်းမာ ရေးဌာနကို ကိုးကား၍ Development Media Group သတင်းတွင် ဖော်ပြထားပါတယ်။
- ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် ကျွန်းထိပ်ကျေးရွာ လယ်ကွက်တွေဘေးမှာရှိတဲ့ ရေအိုင်ထဲ က ရေကို သောက်တာပဲဖြစ်ဖြစ်လိမ်းတာပဲဖြစ် ပြုလုပ်ပါက ရောဂါပျောက်တယ်ဆိုပြီး ဒေသခံတွေ အပါအဝင် အနယ်နယ် အရပ်ရပ်ကပြည်သူတွေ အလုအယက် ယူဆောင်သုံးစွဲနေကြလို့ ဝေဖန်မှု တွေ ရှိနေပါတယ်။
- ထိုင်းနိုင်ငံမှာ ၂၀၂၆ ခုနှစ် ပထမလအတွင်း အသားငါးတွေကိုအစိမ်းစားရာကနေ ကူးစက်ခံရ နိုင်တဲ့ ဘက်တီးရီးယား ကူးစက်ခံရသူ ၄၉ ဦး ရှိခဲ့ပြီး သေဆုံးမှု ၃ ဦး ဖြစ်ပွားခဲ့တာကြောင့် ထိုင်း ကျန်းမာရေးအာဏာပိုင်တွေက မချက်မပြုတ်ထားတဲ့ ဝက်သား မစားဖို့ ပြည်သူတွေကို သတိပေးထားပါတယ်။
- ထိုင်းနိုင်ငံ မိုးလေဝသဌာနအဆိုအရ ဒီနှစ်နွေဟာ မနှစ်ကထက် ပိုပူနိုင်ပြီး အပူချိန်အမြင့်ဆုံး ၄၂–၄၃ ဒီဂရီစင်တီဂရိတ်အထိတက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ တကယ်လို့ အပူချိန် ၄၀ ဒီဂရီစင်တီဂရတ် ကျော်လာမယ်ဆိုရင် နေ့လယ် ၁၂ နာရီ ကနေ ၃ နာရီအတွင်း အပြင်မထွက်ဖို့ ရေဆာတဲ့အထိ မစောင့်ဘဲ နာရီဝက်တစ်ခါ ရေသောက်ပေးဖို့ သောက်တဲ့အခါမှာလည်း ရေများများသောက်ဖို့ ပေါ့ပါးတဲ့ မဖြစ်မနေ အပြင်သွားရမယ့်ဆိုရင်လဲ အရောင်ဖျော့ဖျော့ ချည်ထည်တွေ ဝတ်ဆင်ပြီး ဦးထုပ်၊ နေကာမျက်မှန် မဖြစ်မနေ တပ်ဆင်ဖို့ ထီးဆောင်းဖို့ သတိပေးထားပါတယ်။
- အစားအသောက်ပုံစံရဲ့ သက်ရောက်မှုကို လေ့လာထားတဲ့ သုတေသနတစ်ခုအရ အသားမစား သူ တွေဟာ ကင်ဆာအမျိုးအစား ၅ မျိုးမှာ ဖြစ်ပွားနိုင်ခြေ အနည်းဆုံး နည်းသွားတာ တွေ့ရှိ ရတယ်လို့ ဗြိတိန်အခြေစိုက် The guardian သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီသုတေသန မှာ လူပေါင်း ၁.၈ သန်းကျော်ကို နှစ်ပေါင်းများစွာ စောင့်ကြည့်သုံးသပ်ခဲ့တာဖြစ်ပြီး၊ အသားစား သူတွေနဲ့ နှိုင်းယှဉ်လိုက်ရင် အသားမစားသူတွေမှာ ပန်ကရိယကင်ဆာ ဖြစ်နိုင်ခြေ ၂၁% လျော့ နည်းခဲ့ပါတယ်။ ဒါအပြင် ပရိုစတိတ်ကင်ဆာ ဖြစ်နိုင်ခြေ ၁၂% လျော့နည်းပြီး၊ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၉% လျော့နည်းတာလည်း တွေ့ရှိရတယ်လို့ဆိုပါတယ်။ဒါအပြင် ကျောက်ကပ် ကင်ဆာ ဖြစ်နိုင်ခြေ ၂၈% လျော့နည်းပြီး multiple myeloma လို့ခေါ်တဲ့ သွေးဆိုင်ရာ ကင်ဆာ တစ်မျိုးလည်း ဖြစ်နိုင်ခြေ ၃၁% လျော့နည်းတာလည်း တွေ့ရှိရတယ်လို့ သုတေသနတွေ့ ရှိချက်မှာ ဖော်ပြထားပါတယ်။
- နေ့စဉ် collagen အာဟာရဖြည့်ဆေးတွေ သောက်တာက အသားအရေကို တင်းရင်းစေပြီး စိုဓာတ်ပိုမိုရရှိစေတဲ့အတွက် နုပျိုလာစေနိုင်ပေမဲ့ အရေးအကြောင်းတွေကိုတော့ လုံးဝ ရပ်တန့်ပေးနိုင်မယ်မဟုတ်ဘူးလို့ သိပ္ပံဆိုင်ရာ သုံးသပ်ချက်အသစ်တစ်ခုကို ကိုးကားပြီး BBC သတင်းမှာ ဖော်ပြထားပါတယ်။ collagen ဆေးလုံး ဒါမှမဟုတ် အမှုန့်တွေကို အချိန်အတိုင်း အတာတစ်ခုထိ သောက်သုံးရင် အသားအရေအတွက် တကယ်လက်တွေ့ အကျိုးကျေးဇူး အချို့တော့ ရှိတယ်လို့ ယုံကြည်စိတ်ချစွာ ပြောနိုင်ပေမယ့် ချက်ချင်းအကျိုးသက်ရောက်မယ့် အမြန်ဖြေရှင်းနည်းတော့ မဟုတ်ဘူးလို့လည်း သတိပေးထားပါတယ်။
ဒီအကြောင်းအရာကို မျှဝေပါ