ဖြည့်စွက်စာနဲ့ အားဆေး တွေရှားနေရင် ကုန်စုံဆိုင်တွေဖက် သွားကြစို့

Published On: February 15th, 2026|Views: 169|

တင်ဇာအောင်
    ပြည်ပသွင်းကုန် ဆေးဝါးနဲ့ကုန်စုံတွေ ဈေးကြီး ပေး တောင်ဝယ်မရတဲ့ ဒုက္ခက မလွတ် သေးဘူး မဟုတ်လား။ဖြည့်စွက်စာနဲ့အား‌ဆေးရှိမှဖြစ်တဲ့သူ‌တွေ အတွက် ကုန်စုံဆိုင်နဲ့ စူပါမားကက်စင် တွေပေါ် က ပြည်တွင်းထုတ် Super food (စူပါအစားအ သောက်) တွေကို ဘယ်လိုအစားထိုးသုံးစွဲလို့ ရနိုင်လဲ ဆိုတာ လေ့လာရေးသားလိုက်ပါတယ်။
    


သဘာဝကပေးတဲ့ အားအင်အစေ့ငယ် ချီယာစေ့ (Chia Seeds) 

ယနေ့ခေတ် ကျန်းမာရေးအသိရှိသူများအကြား ရေပန်းအစားဆုံး စူပါအစားအစာ  ချီယာစေ့ (Chia Seeds) ဟာ အစေ့အဆန် သေးငယ်ပေမဲ့ အာဟာရဓာတ် ကြွယ်ဝလွန်းပါတယ်။
 
ချီယာစေ့သည် အပင်မှရရှိသော အာဟာရများထဲတွင် အကောင်းဆုံးဟု ဆိုနိုင်တဲ့ ဓာတ်များ စုစည်း ပါဝင်နေပါတယ်။ ဆယ်လ်မွန်ငါးထက်ပင် ပိုမိုများပြားသော Omega-3 (အိုမီဂါ-သရီး)   ပါဝင်တာကြောင့် နှလုံးကျန်းမာရေးနဲ့ ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေး တယ်။ အစေ့ အလေးချိန်သုံးဆယ်ရာခိုင်နှုန်း ကျော်ဟာ ဖိုင်ဘာ အမျှင်ဓာတ်ဖြစ်လို့ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ ကြွက်သားသန်မာလိုသူများနဲ့ ဝိတ်ချ လိုသူများအတွက် လိုအပ်သော အပင်ထွက်ပရိုတင်း ကြွယ်ဝစွာပါဝင်ပါတယ်။ ခန္ဓာကိုယ် ဆဲလ်များ ပျက်စီးမှုကို ကာကွယ်ပေးပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။

ခန္ဓာကိုယ်အတွင်းက ဆဲလ်တွေကို ပျက်စီးစေတဲ့ Free Radicals တွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း Antioxidants တွေ ကြောင့်ဖြစ်တယ်။

ချီယာစေ့က ရေကို စုပ်ယူပြီး အစာအိမ်ထဲမှာ ပွလာတတ်တဲ့အတွက် ဗိုက်ပြည့်နေတဲ့ ခံစားချက်ကို ကြာရှည်စွာ ပေးစွမ်းနိုင်တာကြောင့် ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးပါတယ် ။
သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ကူညီပေးနိုင်တဲ့အတွက် ဆီးချိုရောဂါရှိသူတွေနဲ့လည်း အထူးသင့်လျော်ပါတယ်။

အရိုးကျန်းမာသန်စွမ်းဖို့အတွက် အရေးကြီးတဲ့ ကယ်လ်စီယမ် (Calcium)၊ မဂ္ဂနီစီယမ် (Magnesium) နဲ့ ဖော့စဖရပ် (Phosphorus) ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်ပြီးခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို လျင်မြန် စွာ ဖြည့်တင်းပေးလို့  ဇီဝကမ္မဖြစ်စဉ်(Metabolism)လုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။

ဘယ်လိုသောက်သုံးရမလဲ?
ချီယာစေ့ကို အခြောက်အတိုင်း မျိုမချသင့်ဘဲ ရေခွက်ထဲတွင် ထမင်းစားဇွန်း တစ် ဇွန်းထည့်၊ မိနစ် ၃၀ ခန့် စိမ်ပြီး အစေ့များ ဂျယ်လ် (Gel) ပုံစံ ပွလာမှ သောက်သုံးရပါတယ်။ ဒါ့အပြင် ဒိန်ချဉ်၊ ဖျော်ရည်၊ သို့မဟုတ် Oats (အုတ်ဂျုံ) များထဲ ထည့်သွင်း စားသုံးနိုင်ပါတယ်။
အမျှင်ဓာတ် အလွန်များသဖြင့် တစ်နေ့လျှင် ထမင်းစားဇွန်း ၁ ဇွန်း သို့မဟုတ် ၂ ဇွန်းထက် ပိုမစား သင့်ပါ။ ဗိုက်ပွခြင်းကို ကာကွယ်ရန် ရေများများ သောက်ပေးဖို့တော့ လိုအပ်ပါတယ်။
 
ချီယာစေ့ကို တစ်ခါတည်း အများကြီး စားပါက ဗိုက်အောင့်ခြင်း၊ လေပွခြင်း ဖြစ်နိုင်ပါတယ်။ ချီယာစေ့ သည် သွေးပေါင်နှင့် သွေးတွင်းသကြားဓာတ် ကို ကျဆင်းစေနိုင်သဖြင့် သွေးကျဆေး/ ဆီးချိုဆေး သောက်နေသူများ ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။
ဈေးကွက်အတွင်း၌ ချီယာစေ့ အမျိုးမျိုးရှိတာကြောင့် ဘေးကင်းစိတ်ချရစေရန် TPC စစ်ဆေးထားခြင်း ရှိ၊ မရှိ ၊ အာဟာရတန်ဖိုးဖော်ပြထားခြင်းရှိ၊ မရှိ စစ်ဆေးပြီးမှ ဝယ်ယူသင့်ပါတယ်။
TPC (Total Plate Count) ဆိုတာဟာအစားအသောက်အတွင်းရှိ စုစုပေါင်း ပိုးမွှားပါဝင်မှုကို စစ်ဆေးခြင်း ဖြစ်ပါတယ်။ ချီယာစေ့ကိုအစိမ်းအတိုင်း ရေစိမ်သောက်ရတာကြောင့် ဘက်တီးရီးယားနှင့် မှိုတက်ခြင်း ကင်းစင်ရန် လိုအပ်ပါတယ်။ TPC စံနှုန်းမီမှသာ အစာအဆိပ်သင့်ခြင်း နှင့် ဝမ်းပျက်ခြင်းတို့မှ ကင်းဝေးမှာဖြစ်ပါတယ်။ 
အိတ်ခွံပေါ်က အာဟာရဓာတ်ပမာဏကို ဖော်ပြထားတဲ့ Nutrition Facts (အာဟာရတန်ဖိုး ဖော်ပြချက်) ဇယားကို ဖတ်ရှုပြီး  ကယ်လိုရီ ဘယ်လောက်၊ အမျှင်ဓာတ်နဲ့ပရိုတင်းဘယ်လောက် ပါတယ်ဆိုတာ  တိကျစွာ သိရှိမှသာသင့်ရဲ့ Diet Plan(ကိုယ်အလေးချိန်ထိန်းသိန်းရေး အစီအ စဉ်) အတွက်  အထောက်အကူပြုမှာဖြစ်ပါတယ်။

 

အခွံမာသီးတို့၏ ဘုရင် မက္ကဒေးမီးယား

ကမ္ဘာ့ဈေးကွက်မှာ ဈေးအကြီးဆုံးနဲ့ အာဟာရအကြွယ်ဝဆုံး အခွံမာသီးအဖြစ် သတ်မှတ်ခံထားရတဲ့ မက္ကဒေးမီးယား (Macadamia) ဟာ မူလက သြစတြေးလျနိုင်ငံရဲ့ ဒေသမျိုးရင်းပင် ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ မြန်မာနိုင်ငံ အပါအဝင် အပူပိုင်းဒေသ တော်တော်များများမှာ စီးပွားဖြစ် စိုက်ပျိုး လာကြပြီး စားသုံးသူတွေကြားမှာလည်း Superfoodတစ်ခုအဖြစ် နေရာယူလာပါတယ်။
မက္ကဒေးမီးယားဟာ ထူးခြားသော အာဟာရဖွဲ့စည်းပုံ (Nutritional Profile) ရှိပြီး  တခြားအခွံမာ သီးတွေ (ဥပမာ- ဗာဒံစေ့၊ သစ်ကြားသီး) နဲ့ မတူစေတဲ့ အချက်ကတော့ သူ့မှာပါဝင်တဲ့ အဆီ အမျိုးအစားပါ။ သူ့မှာ ပါဝင်တဲ့ အဆီဓာတ်ရဲ့ ၈၀% ကျော်ဟာ Monounsaturated Fatty Acids (MUFAs) ဖြစ်ပါတယ်။ ဒါဟာ သံလွင်ဆီမှာပါတဲ့ အဆီမျိုးဖြစ်ပြီး ခန္ဓာကိုယ်ထဲက ရောင်ရမ်းမှုတွေကိုလျော့ကျစေပါတယ်။ မက္ကဒေးမီးယားမှာ Flavonoids နဲ့ Tocotrienols (ဗီတာမင် E တစ်မျိုး) ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါတွေဟာ ဆဲလ်တွေ ပျက်စီးမှုကို ကာကွယ်ပေးပြီး ကင်ဆာနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
သုတေသနများအရ မက္ကဒေးမီးယားကို ပုံမှန်စားသုံးခြင်းက သွေးတွင်းက မကောင်းတဲ့ ကိုလက်စထ ရော (LDL) ကို လျှော့ချပေးရုံတင်မကဘဲ သွေးကြောများ မာကြောမှုကို ကာကွယ်ပေးတဲ့အတွက် သွေးတိုးရောဂါရှင်များအတွက် သင့်တော်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတဲ့အပြင် ကိုယ်အလေးချိန်များခြင်း၊ သွေးတိုးခြင်းနဲ့ သွေးတွင်းသကြားဓာတ်များခြင်း စတဲ့ လက္ခဏာစုတွေကို မက္ကဒေးမီးယားမှာပါတဲ့ အဆီအက်ဆစ်တွေက ထိန်းညှိပေးနိုင်တယ်လို့ လေ့လာမှု တွေက ဆိုပါတယ်။ သူ့မှာပါဝင်တဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် (Soluble Fiber) ဟာ အူလမ်း ကြောင်း ထဲက အကျိုးပြု ဘက်တီးရီးယားလေးတွေကို အစာကျွေးတဲ့ (Prebiotics) အဖြစ် လုပ်ဆောင် ပေးပါတယ်။ ဒါကြောင့် အစာခြေစနစ် ကောင်းမွန်ပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေး ပါတယ်။  ဖော့စဖရပ်စ်၊ မဂ္ဂနီစီယမ် နှင့် မဂ္ဂနိစ် (Phosphorus, Magnesium, Manganese တို့ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အသက်ကြီးလာရင် ဖြစ်တတ်တဲ့ အရိုးပွရောဂါကို ကာကွယ်ပေးပြီး သွားနဲ့ အရိုးတွေကို ခိုင်မာစေပါတယ်။
 မက္ကဒေးမီးယားစေ့ဟာ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) တွေ ကြွယ်ဝစွာပါဝင်တဲ့ အစေ့အဆန်တစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့ အရသာက ထောပတ်လို ဆိမ့်အိနေပေမဲ့ ကာဗိုဟိုက်ဒရိတ် (Carbs) နဲ့ သကြားဓာတ် ပါဝင်မှု နည်းပါး ပါတယ်။   မက္ကဒေးမီးယား စေ့ဟာ ဗိုက်ဆာမှုကို လျော့နည်းစေပြီး ဗိုက်ပြည့်နေသလို ခံစားရစေတဲ့ အတွက် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူပြုပါတယ်။ 
အခွံမာသီးတိုင်းမှာ Phytic acid အနည်းငယ် ပါတတ်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်က သတ္တု ဓာတ် စုပ်ယူမှုကို အနည်းငယ် နှောင့်နှေးစေနိုင်ပါတယ်။ Phosphorus နဲ့ ပိုတက်စီယမ် ပါဝင်မှု မြင့်မား တာကြောင့် ကျောက်ကပ် ပြင်းထန်စွာ ဝေဒနာခံစားနေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။ ပြီးတော့တစ်နေ့ကို လက်တစ်ဆုပ်စာထက် ပိုစားရင် ကယ်လိုရီ ပိုလျှံသွား နိုင်ပါတယ်။
မက္ကဒေးမီးယား အခွံဟာ အလွန်မာကျောတဲ့အတွက် သူ့ကို ခွဲဖို့အတွက် တစ်စတုရန်းလက်မကို ပေါင် ၃၀၀ ကျော်ရှိတဲ့ ဖိအား (300 psi) ပေးမှသာ ကွဲထွက်တာဖြစ်ပါတယ်။ ဒါကြောင့် လက်နဲ့ခွဲဖို့ မလွယ်ကူ ဘဲ စက်နဲ့ ခွဲထားတဲ့ အစေ့တွေကို ဝယ်ယူစားသုံးကြတာ ဖြစ်ပါတယ်။
မက္ကဒေးမီးယားသည် ဈေးနှုန်းအနည်းငယ် မြင့်မားသော်လည်း ၎င်း၏ အာဟာရတန်ဖိုးမှာ ပေးရသည့် ဈေးနှင့် ထိုက်တန်လှပါသည်။ တစ်နေ့လျှင် အနည်းငယ်စီ ပုံမှန်စားသုံးပေးရုံဖြင့် သင့်နှလုံး၊ ဦးနှောက်နှင့် အစာခြေလမ်းကြောင်း ကျန်းမာရေးကို သိသိသာသာ မြှင့်တင်ပေးနိုင်တာကြောင့် ယနေ့မှစ၍ သင်၏ အာဟာရစာရင်းတွင် ထည့်သွင်းစားသုံးရန် တိုက်တွန်းလိုက်ရပါတယ်။

 

ကဖင်းဓာတ်ရဲ့ လျှို့ဝှက်ချက် – ကျန်းမာရေးအတွက် ကော်ဖီကို ဘယ်လိုမှန်ကန်စွာ သောက်မလဲ

ယနေ့ခေတ် လူနေမှုဘဝမှာ ကော်ဖီဟာ နံနက်ခင်း နိုးကြားတက်ကြွမှုအတွက် မရှိမဖြစ် အဖျော် ယမကာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှ သိပ္ပံပညာရှင်များဟာ ကော်ဖီနဲ့ ကျန်းမာရေး ဆက်စပ်မှုကို ဆယ်စုနှစ်ပေါင်းများစွာ လေ့လာခဲ့ကြပြီး ကော်ဖီဟာ ရောဂါဘယများကို ကာကွယ် နိုင်ရုံသာမက ကိုယ်အလေးချိန် လျော့ကျစေရန်နဲ့ အသည်းကျန်းမာရေးအတွက်ပါ အထောက်အကူပြု ကြောင်း ခိုင်မာစွာ တွေ့ရှိလာပါတယ်။
ကော်ဖီက ကိုယ်အလေးချိန်ကို တကယ်ပဲ ကျစေသလား?
     “မှန်ကန်သောနည်းလမ်းဖြင့် သောက်သုံးလျှင် ထိရောက်ပါတယ်” ။ ကော်ဖီတွင် ပါဝင်သော အဓိကဓာတ် Caffeine (ကဖင်း) ဟာ ကိုယ်အလေးချိန် လျှော့ချရာတွင် အဓိက အခန်းကဏ္ဍ (၂) ခုမှ ပါဝင်နေပါတယ်။
၁။ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးခြင်း
ကဖင်းက ခန္ဓာကိုယ်အတွင်းရှိ ဇီဝကမ္မဖြစ်စဉ် (Metabolism) ကို သုံးရာခိုင်နှုန်း မှ ဆယ့်တစ်ရာခိုင်နှုန်းအထိ မြှင့်တင် ပေးနိုင်ပြီး Metabolism မြင့်မားလာခြင်းကြောင့် ခန္ဓာကိုယ်ထဲက ကယ်လိုရီများကို ပိုမိုမြန်ဆန်စွာ လောင်ကျွမ်းစေတယ်။ အဆီပိုများ စုပုံခြင်းကို တားဆီးပေးပါတယ်။
၂။ အဆီဆဲလ်များကို ချေဖျက်ခြင်း
ကဖင်းဓာတ်သည် အာရုံကြောစနစ်ကို လှုံ့ဆော်ကာ အဆီဆဲလ်များကို ဖြိုခွဲရန် အချက်ပြပြီးနောက် အဆီများကို သွေးအတွင်းသို့ စွမ်းအင်အဖြစ် အသုံးပြုရန် ထုတ်လွှတ်ပေးပါတယ်။ဒါပေမဲ့ ဝိတ်ကျချင်သူများအတွက် Black Coffee (ကော်ဖီခါး) သာ အထိရောက်ဆုံးဖြစ်တယ်။ လက်တေး (Latte)၊ မိုခါ (Mocha) အပါအဝင် သကြားနှင့် နို့ဆီ အများအပြားပါသော ကော်ဖီတွေဟာ ကယ်လိုရီ မြင့်မားလို့ ဝိတ်ကျမယ့်အစား ပို၍ ဝလာနိုင်တာကြောင့် သတိပြုသောက်သုံးရန်လိုအပ်ပါတယ်။
အသည်းကျန်းမာရေးအတွက် သဘာဝဆေးတစ်ခွက်
ကျန်းမာရေးပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ကော်ဖီကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် အသည်းခြောက်ခြင်း၊ အသည်းအဆီဖုံးခြင်းနှင့် အသည်းတင်းတောင့်ခြင်း (liver stiffness) စသည့် ဝေဒနာများကို လျော့ပါးစေနိုင်ကြောင်း သိရပါတယ်။
သုတေသနများအရ ကော်ဖီသောက်သူများဟာ အသည်းကင်ဆာ၊ အသည်းအမာရွတ်ဖြစ်ခြင်း (fibrosis) နှင့် အသည်းခြောက်ခြင်း (cirrhosis) ဖြစ်နိုင်ခြေ သိသိသာသာ နည်းပါးကြောင်း တွေ့ရှိရပါတယ်။ Alimentary Pharmacology and Therapeutics ဂျာနယ်ရဲ့ဖော်ပြချက်အရ တစ်နေ့လျှင် ကော်ဖီ နှစ်ခွက် သောက်ရုံနဲ့ အသည်းခြောက်နိုင်ခြေကို လေးဆယ့်လေးရာခိုင်နှုန်းထိ လျှော့ချပေးနိုင် ကြောင်း သိရပါတယ်။
Michigan Medicine နှင့် Harvard ဆေးကျောင်းမှ ပညာရှင်များ၏ အဆိုအရလည်း တစ်နေ့ကို ကော်ဖီ သုံးခွက်ထက်ပို၍ သောက်သုံးသူများသည် အသည်းတင်းတောင့်မှု နည်းပါးကြောင်း တွေ့ရှိရတာကြောင့် အသည်းကျန်းမာရေးအတွက် ကောင်းမွန်သော လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။
အသည်းရောဂါ အခံရှိသူများ (ဥပမာ – အသည်းရောင် အသားဝါ B နှင့် C၊ အသည်းအဆီဖုံးရောဂါရှိ သူများ) အနေနဲ့ တစ်နေ့လျှင် ၁ ခွက်မှ ၃ ခွက်အထိ သောက်သုံးပေးခြင်းဖြင့် ရောဂါပိုမိုဆိုးရွားလာမှု ကို နှေးကွေးစေနိုင်ပါတယ်။
ကော်ဖီထဲတွင် ပါဝင်သော ဓာတုပစ္စည်းပေါင်း ၁,၀၀၀ ကျော်အနက် အသည်းကို ကာကွယ်ပေးနိုင်သည့် အဓိကဓာတ်များမှာ- (Paraxanthine) ကဖိန်းဓာတ်ကို ခန္ဓာကိုယ်မှ ချေဖျက်ရာတွင် ထွက်ပေါ်လာသည့် ဤဓာတ်သည် အသည်းတွင် အမာရွတ်ဖြစ်ခြင်းကို နှေးကွေးစေပြီး အသည်းကင်ဆာနှင့် အသည်းရောင် အသားဝါစီ ကို တိုက်ဖျက်ရာတွင် ကူညီပေးပါတယ်။
Kahweol နှင့် Cafestol ဆိုတဲ့ဓာတ်နှစ်မျိုးကကင်ဆာကို တိုက်ဖျက်နိုင်သော ဂုဏ်သတ္တိရှိ ကြောင်း ကနဦး သုတေသနများအရ သိရပါတယ်။
ကော်ဖီကထွက်တဲ့ အက်ဆစ်ဓာတ်များဟာ အသည်းရောင် အသားဝါ B ဗိုင်းရပ်စ်ကို တိုက်ဖျက်ရာတွင် အထောက်အကူပြုသလို ကဖိန်းဓာတ်ဖယ်ရှားထားသော ကော်ဖီ (Decaf) သည်လည်း အလားတူ အကျိုးကျေးဇူးမျိုး ရရှိနိုင်ကြောင်း ဆိုပါတယ်။
 
 
တစ်နေ့ကို ကော်ဖီ ဘယ်နှခွက် သောက်သင့်သလဲ?
ကျန်းမာရေးပညာရှင်များနဲ့ FDA (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန) တိုရဲ့ အကြံပြုချက် အရ ကျန်းမာသန်စွမ်းသော လူကြီးတစ်ဦးဟာ တစ်နေ့ ကဖင်းဓာတ် 400 mg ခန့်အထိ ဘေးကင်းစွာ သောက်သုံးနိုင်ပြီး ၎င်းပမာဏကို ခွက်အရေအတွက်ဖြင့် ကြည့်မယ်ဆိုရင် ပုံမှန်အရွယ် အစား ကော်ဖီခွက် တစ်နေ့လျှင် (၃) ခွက်မှ (၄) ခွက် ဝန်းကျင်ဖြစ်ပါတယ်။ လူတစ်ဦးချင်းစီ ၏ ကဖင်းဓာတ် ခံနိုင်ရည်အား (Caffeine Tolerance) မတူညီတာကြောင့် မိမိခန္ဓာကိုယ်၏ တုံ့ပြန်မှုကို ကြည့်၍ ချိန်ညှိသောက်သုံးသင့်ပါတယ်။
 
ကော်ဖီသောက်ရန် အကောင်းဆုံးအချိန်နှင့် သတိထားရန်များ
ကျွန်ုပ်တို့ ခန္ဓာကိုယ်တွင် သဘာဝအလျောက် နိုးကြားမှုကို ဖြစ်စေသော Cortisol ဟော်မုန်း ထွက်ရှိသည့် စည်းချက်ရှိပါတာကြောင့် မနက် ၉:၃၀ မှ ၁၁:၃၀ ကြား အချိန်တွင် Cortisol ပမာဏ အမြင့်ဆုံး ဖြစ်နေတတ်လို့ ထိုအချိန် ကော်ဖီသောက်ခြင်းဟာ ကဖင်းရဲ့ အာနိသင်ကို အပြည့်အဝ မရရှိစေဘဲ ကဖင်းစွဲခြင်းကိုသာ ပိုဖြစ်စေပါတယ်။ ဒါကြောင့် Cortisol ကျဆင်းစပြုသော မနက်ပိုင်း တွင် သောက်ခြင်းက အထိရောက်ဆုံးပါ ။ သတိထားရမှာက ကဖင်းရဲ့ အာနိသင်ဟာ ခန္ဓာကိုယ်ထဲမှာ ၆ နာရီမှ ၈ နာရီအထိ ကြာအောင် ရှိနေနိုင်လို့ အိပ်စက်မှုကို အနှောင့်ယှက်မဖြစ်စေဖို့ ညနေ ၂ နာရီနောက်ပိုင်း ကော်ဖီမသောက်သင့်တော့ပါဘူး။
ကော်ဖီသောက်ခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ
အကျိုးကျေးဇူးတွေကတော့
အာရုံစူးစိုက်မှု ကောင်းစေပြီး အယ်လ်ဇိုင်းမားနှင့် ပါကင်ဆန် ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ ကော်ဖီကို တစ်နေ့ (၂-၃) ခွက် သောက်သူများသည် စိတ်ဓာတ်ကျနိုင် ခြေ နှစ်ဆယ်ရာခိုင်နှုန်းလျော့နည်းစေ ပါတယ်။ ခန္ဓာကိုယ်ဆဲလ်များ ပျက်စီးမှုကို ကာကွယ်ပေးသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants) ကြွယ်ဝစွာပါဝင်သည့်အတွက်ကြောင့် Collagenနှင့် ကော်ဖီပေါင်းစပ်ပြီး Collagen Coffee ဆိုပြီး  ထုတ်လုပ်ကြသည်များပါ ရှိလာကြပါတယ်။
ဘေးထွက်ဆိုးကျိုးများ
ကဖင်းဓာတ် များပြားပါက ရင်တုန်ခြင်းနှင့် ဂဏာမငြိမ်ဖြစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ အစာမရှိဘဲ သောက်ပါက အစာအိမ်အက်စစ် ထွက်နှုန်းမြင့်ကာ ဗိုက်အောင့်ခြင်း၊ လေပွခြင်း ဖြစ်တတ်ပါတယ်။
 ညနေပိုင်း သောက်သုံးပါက အိပ်စက်မှု စည်းချက်ကို ပျက်ယွင်းစေနိုင်ပါတယ်။ ကော်ဖီနေ့စဉ်သောက် ခြင်းကနေ ရုတ်တရက် ဖြတ်လိုက်ပါက ခေါင်းကိုက်ခြင်း ဖြစ်ပေါ်စေလာနိုင်ပါတယ်။
 
ခြုံငုံသုံးသပ်ရလျှင် ကော်ဖီဟာ ကျန်းမာရေးအတွက် ကောင်းမွန်သည့်အပြင် ကိုယ်အလေးချိန် လျှော့ချရာတွင်လည်း အထောက်အကူပြုသော Superfood တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကော်ဖီ တစ်မျိုးတည်း သောက်ရုံဖြင့် ဝိတ်ကျမည်ဟု မယူဆသင့်ဘဲ မျှတသော အစားအသောက်၊ လုံလောက် သော အိပ်စက်ခြင်းနဲ့ လေ့ကျင့်ခန်းကိုပါ စနစ်တကျ တွဲဖက်လုပ်ဆောင်မှသာ အကောင်းဆုံးသော ကျန်းမာရေးရလဒ်ကို ရရှိမှာဖြစ်တယ်။

Ref: dailymailonline

german-medical-journal.eu

healthline.com

ဒီအကြောင်းအရာကို မျှဝေပါ

Leave A Comment

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ