သန်ကောင်၊တုတ်ကောင်များအကြောင်း သိကောင်းစရာ

Published On: August 7th, 2024|Views: 537|

မေမေ့ရဲ့ ကလေးလေးက ဗိုက်ခဏခဏနာတတ်ပါသလား။ ဝမ်းခဏခဏ လျှောတတ်ပါသလား။

စားသလောက် ကိုယ်အလေးချိန်မတက်လာဘဲ ဗိုက်ပူနံကားလေး ဖြစ်လာတယ်လို့ ထင်ပါသလား။

ဒါဆိုရင် သန်ကောင်ရောဂါ ဖြစ်နိုင်ခြေ ရှိနေပါပြီ။ သန်ကောင်ရောဂါဆိုတာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ရောဂါဖြစ်ပြီး ကလေးတွေမှာ အတွေ့ရများပါတယ်။ သန်ကောင်တွေဟာ ကလေးတွေရဲ့အူနံရံမှာ ပုံမှန်အားဖြင့် တွယ်ကပ်နေထိုင်ပြီး အာဟာရတွေကို စုပ်ယူစားသုံးလေ့ရှိပါတယ်။

တစ်ချို့သန်ကောင်အမျိုးအစားတွေက ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီးမှာ ခိုအောင်းနေထိုင်ပြီး ဒုက္ခပေးတတ်ပါတယ်။ သန်လုံးကောင်၊ သန်ပြားကောင်၊ ချိတ်သန်ကောင်၊ တုတ်ကောင် စတာတွေက မြန်မာနိုင်ငံမှာ အဖြစ်များပါတယ်။

ကူးစက်ပျံ့နှံ့ခြင်း

သန်ကောင်ရောဂါဟာ သန့်ရှင်းမှုအားနည်းရင် ကူးစက်ပျံ့နှံ့တတ်ပါတယ်။ ပုံမှန်အားဖြင့် သန့် (၄) သန့်ဖြစ်တဲ့ အစာသန့်ရှင်းခြင်း၊ လက်သန့်ရှင်းခြင်း၊ ရေသန့်ရှင်းခြင်းနှင့် အိမ်သာသန့်ရှင်းခြင်းတို့အားနည်းရင် ဖြစ်တတ်ပါတယ်။ သန်ကောင်ဥတွေဟာ အလွန်သေးငယ်ပြီးမျက်စိနဲ့ မမြင်နိုင်ပါဘူး။

ထိုသန်ကောင်ဥတွေဟာ မသန့်ရှင်းသောအစားအသောက်၊ ရေ၊ မသန့်ရှင်းတဲ့အိုးခွက်ပန်းကန် နှင့် လက် စတာတွေကနေတစ်ဆင့် အူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ကူးစက်နိုင်ပါတယ်။

ချိတ်သန်ကောင်လို့ခေါ်တဲ့ အမျိုးအစားကတော့ မြေကြီးမှာ သားလောင်းအဆင့်ထိ အသွင်ပြောင်းနိုင်လို့ မြေကြီးပေါ် ဖိနပ်မစီးဘဲ သွားလာတဲ့အခါ အရေပြားကို တိုက်ရိုက်ထိုးဖောက် ဝင်ရောက်ပြီးကူးစက်နိုင်ပါတယ်။

ရောဂါလက္ခဏာများ

သန်ကောင်ရောဂါဟာ ပုံမှန်အားဖြင့် ရောဂါလက္ခဏာမပြတတ်ပါဘူး။ ဒါပေမယ့် ဒီရောဂါ လက္ခဏာတွေ ပေါ်လာရင်တော့ သန်ကောင်ရောဂါဖြစ်နိုင်ခြေ ရှိပါတယ်။

– စအိုဝတွင်ယားယံခြင်း (အထူးသဖြင့်ညဖက်ပိုင်း)၊ အစားအသောက်ပျက်ခြင်း၊ အစားအသောက် မဟုတ်သည့်အရာများကို(မြေကြီးစသဖြင့်) စားလိုခြင်း/စားခြင်း၊

ကိုယ်အလေးချိန်ကျခြင်း (သို့) မတက်ခြင်း၊ ဝမ်းခဏခဏပျက်ခြင်း၊ ဝမ်းသွားသည့်အခါ ဝမ်းနှင့်အတူသွေးစသွေးနပါခြင်း၊ ဝမ်းသွားသည့်အခါသန်ကောင်ပါခြင်း၊ ဝမ်းဗိုက်မကြာခဏနာခြင်း၊ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ တစ်ခါတစ်ရံချောင်းဆိုးခြင်း ‌၊ ဗိုက်ပူနံကားဖြစ်ခြင်း။

နောက်ဆက်တွဲဆိုးကျိုးများ

သံဓါတ်ချို့တဲ့၍သွေးအားနည်းခြင်း၊ အာဟာရချို့တဲ့ခြင်း၊ တစ်ခါတစ်ရံအူအတက်ရောင်ခြင်း၊ သည်းခြေ လမ်းကြောင်းပိတ်ခြင်း၊ ကြီးထွားဖွံ့ဖြိုးမှုနှေးခြင်း၊ သန်ကောင်ပမာဏများလွန်းပါကအူပိတ်နိုင်ခြင်း။

ကုသခြင်း

အကြမ်းအားဖြင့် သန်ချဆေးတိုက်ကျွေးပေးနိုင်ပါတယ်။ ဒါပေမယ့် သန်ကောင်အမျိုးအစားပေါ်လိုက်ပြီး လိုအပ်တဲ့သန်ချဆေးအမျိုးအစား၊ ပမာဏနဲ့ ကြာချိန်မတူတဲ့အတွက် ဖြစ်နိုင်မယ်ဆိုရင်ကျန်းမာရေးစောင့်ရှောက်သူနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ကာကွယ်ခြင်း

– အစားအစာမပြင်ဆင်ခင်၊ အစာမစားခင်၊ အိမ်သာတက်ပြီးတိုင်း ဆပ်ပြာနှင့်ရေ အသုံးပြုပြီး လက်ကို မမေ့မလျော့ဆေးကြောပါ။ ကလေးတွေ ကစားပြီးချိန်တိုင်းလဲ လက်ကိုသေချာဆေးကြောပေးရပါမယ်။

– လက်သည်း၊ခြေသည်းတွေမှာ မမြင်နိုင်တဲ့ သန်ဥလေးတွေ တွယ်ကပ်နေနိုင်တဲ့အတွက် ကလေးကို လက်သည်း၊ ခြေသည်း ပုံမှန်ညှပ်ပေးပါ။

– ရေကိုကျိုချက်၍သောက်ပါ။ သန့်စင်ပြီး သောက်ရေသန့် ရရှိနိုင်ပါက သောက်သုံးနိုင်ပါတယ်။

– ယင်လုံအိမ်သာအသုံးပြုပါ။ ကလေးမစင်ကို စနစ်တကျစွန့်ပစ်ပါ။

– ယင်နားစာမစားရ။ အစားအသောက် ချက်ပြုတ်ပြင်ဆင်သော အိုး၊ခွက်၊ပန်းကန်များကို သန့်ရှင်းအောင် ထားပါ။ အသား၊ငါးကို ကျက်အောင်ချက်ပြုတ်ပါ။ ဟင်းသီး၊ဟင်းရွက်များကို စင်ကြယ်အောင် ဆေးပြီး ချက်ပြုတ်ပါ။

– အိမ်မွေးတိရိစ္ဆာန်များကို သန်ချဆေးပုံမှန်တိုက်ကျွေးပေးပါ။ ၎င်းတို့၏မစင်ကိုလည်း စနစ်တကျစွန့်ပစ်ပါ။

– ကလေးကို သန်ချဆေး ပုံမှန်တိုက်ကျွေးပေးပါ။

– ကလေးကို မြေကြီးပေါ် ဖိနပ်မပါဘဲ မဆော့ခိုင်းရပါ။ သန်ချဆေးတိုက်ရန်အညွှန်း

ကလေးအသက် ၂ နှစ်မှစ၍ သန်ချဆေးကို ၆ လတစ်ကြိမ်တိုက်ကျွေးပါ။ ဒါပေမယ့်ပတ်ဝန်းကျင်အနေအထားအရ သန်ကောင်ရောဂါကူးစက်ခံရနိုင်ခြေများရင် အသက် ၁ နှစ်ကစပြီး သန်ချပေးနိုင်ပါတယ်။

ကလေး အသက် ၂ နှစ်အထက်တွင် Albendazole 400mg တစ်လုံး (သို့) Mebendazole 500mg တစ်လုံး ကို တစ်ကြိမ်သာ တိုက်ကျွေးရပါမယ်။ (Mebendazole 100mg ဖြစ်ပါက တစ်နေ့ ၂ကြိမ် x ၃ ရက်)

ကလေးအသက် ၁ နှစ်နှင့် ၂ နှစ်ကြားဆိုရင်တော့ Albendazole 400mg တစ်ခြမ်းကို တစ်ကြိမ်သာ တိုက်ကျွေးရပါမယ်။

တုတ်ထိုးလို့ တုတ်ကောင်ပါချချင်တယ်ဆိုရင်တော့ နောက်နှစ်ပတ်အကြာမှာ Albendazole ကိုယခင်ပမာဏအတိုင်း တစ်ကြိမ်ထပ်တိုက်ပေးပါ။ Mebendazole ဆိုရင်တော့ 100 mg ထပ်တိုက်ပေးလို့ရပါတယ်။

References

Worms in human, Hookworms, Intestinal worms in humans and their symptoms, Medscape

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ